ondragstart="return false" onselectstart="return false"

Friday, January 11, 2013

နဘုလယ်ဒေသခံများကို အိမ်ခြံမြေများ ပြောင်းရွှေ့ပေးရန် အီတာလျံထိုင်းကုမ္ပဏီ ဖိအားပေးနေ

ဇန်န၀ါရီလ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ကျေးရွာများသို့ အီတာလီလျံထိုင်း ရေနက်ဆိပ်ကမ်းစီမံကိန်း ကုမ္ပဏီမှ ၎င်းတို့၏ စီမံကိန်းနယ်မြေများ အတွက် ဒေသခံများ၏အိမ်ခြံမြေများကို ပြောင်းရွှေ့ပေးကြရန် ဖိအားပေးခိုင်းစေနေကြကြောင်း နဘုလယ်ဒေသမှလာသည့်သတင်းများအရ သိရသည်။



နဘုလယ်ဒေသအတွင်းရှိ မယင်းကြီးကျေးရွာမှ ဆရာတော် ဦးသြဘာသက “မပြောင်းချင်ပါဘူးဆိုတဲ့ အိမ်တွေကို မြေအတင်း လိုက်တိုင်းပြီးတော့ လက်မှတ်ထိုးခိုင်း၊ မပြောင်းရင် ဘာဖြစ်မယ်ဆိုပြီး လိုက်လုပ်နေကြတာ။ ရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်မယ့် သူတွေက သူတို့ကိုယ်တိုင်မဟုတ်ပဲ ရွာထဲမှာ သြဇာနည်းနည်းရှိတဲ့သူတွေကို သူတို့က စည်းရုံးပြီး လုပ်ခိုင်းနေတာ”ဟု ကေအိုင် စီသို့ မိန့်ကြားသည်။

အီတာလီလျံထိုင်း ရေနက်ဆိပ်ကမ်းစီမံကိန်းမှ တာဝန်ရှိသူများက ဒေသခံရွာသားများကို ခိုင်းစေပြီး သစ်ပင်များ၊ အိမ်ခြံမြေများကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှစတင်ပြီး လက်ရှိအချိန်ထိ တိုင်းတာမှုများ ပြုလုပ်ခိုင်းနေခြင်းဖြစ်ကြောင်းလည်း ဆရာတော် ဦးသြဘာသက ဆက်လက် မိန့်ကြားပြောဆိုသည်။

ရေနက်ဆိပ်ကိမ်းစီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမည့် ကျေးရွာများမှာ နဘုလယ်ဒေသအတွင်းရှိ မယင်းကြီး၊ မူးဒူး၊ ထိန်ကြီး၊ လဲရှောင်နှင့် ပရဒတ်ကျေးရွာများ အပါအ၀င် ထိုကျေးရွာ၏ အနီးဝန်းကျင်တစ်လျှောက်ရှိ ကျေးရွာများတွင်လည်း အိမ်မြေများ ပြောင်းရွှေ့ပေးရန် ဖိအားပေး ခိုင်းစေမှုများရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ဖိအားပေးခိုင်းစေမှုများနှင့်ပတ်သက်၍ ဆရာတော်ဦးသြဘာသက “မင်းတို့အိမ်တွေ ပြောင်းရင်ပြောင်းပေး၊ မပြောင်း ရင်တော့ အကုန်လုံး အိမ်တွေ၊ ခြံတွေကို ဘူဒိုဇာ(မြေထိုးစက်)တွေနဲ့ ထိုးပစ်လိုက်ရင် ဘာမှ ရမှာမဟုတ်တော့ဘူး ပြောင်းမှကို ရမယ်ဆိုပြီး ရွာသားအချင်းချင်းကို ပြောခိုင်းတယ်”ဟု ဆက်ပြောသည်။

နဘုလယ်ဒေသခံတစ်ဦးကလည်း “သူတို့အိမ်ပြန်ဆောက်ပေးမယ့်နေရာက မြေပြောင်သလင်းကို ထိုးပြီးတော့ အိမ်ဆောက်ပေး မှာလေ။ အခုပြောင်းပေးရမယ့် ခြံတွေထဲမှာက စားသုံးလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေရှိပြီးသား၊ နောက်ပြီး ဒီကလူတွေကလည်း တောင်သူလယ်သမားတွေချည်းပဲဖြစ်တဲ့အတွက် လျော်ကြေးရတဲ့ ပိုက်ဆံတွေနဲ့ ဘာစီးပွားရေးမှ လုပ်တက်မှာမဟုတ်ဘူး။ ထိုင် စားရင်းနဲ့ ပိုက်ဆံက ကုန်သွားမှာပါပဲ”ဟု ပြောသည်။

အိမ်ခြံမြေပြောင်းရွှေ့ပေးမည့် ဒေသခံများအတွက် အီတာလျံထိုင်းကုမ္ပဏီမှ ပြောင်းရွှေ့ပေးရမည့် ရွာများနှင့် ၁၀မိုင်အကွာအ ဝေးရှိသည့် နဘူးလယ်ဒေသအတွင်းရှိ ဘ၀ါမြို့သစ်နယ်မြေတွင် အိမ်ခြံ၊ မြေများပြန်လည် တည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြောင်းရွှေ့ပေးရမယ့် အိမ်၊ခြံမြေပိုင်ရှင်များအနေဖြင့် စားသုံး၍ရသည့် သီးနှံများစိုက်ပျိုးထားသည့် အိမ်ခြံမြေ တစ်ဧကလျှင် မြန်မာကျပ်ငွေသိန်း ၇၀နှုန်းဖြင့် တောင်းဆိုနေကြသော်လည်း အီတာလျံထိုင်း-ကုမ္ပဏီဘက်မှ သိန်း ၂၀၀န်းကျင် သာ ပေးနေသဖြင့် ဒေသခံများအနေဖြင့် မကျေနပ်နိုင်ကြသကဲ့သို့ ပြောင်းရွှေ့ပေးရန် ဆန္ဒမရှိသည့် ဒေသခံများလည်း ရှိသည်။

အလားတူ ဇန်န၀ါရီလ ၃ရက်နေ့က တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် နဘုလယ်ဒေသ ကျေးရွာများတွင် အီတာလျံ-ထိုင်းကုမ္ပဏီမှ ဆောက်လုပ်ရေးအဖွဲ့က ဒေသခံများပိုင်သည့် လယ်မြေနှင့်ခြံများကို လျော်ကြေးမပေးဘဲ အသုံးပြုနေသောကြောင့် ထိုက်တန် သည့် လျော်ကြေးပေးရန်အတွက် ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး တောင်းဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ကြောင်း ထားဝယ်လူထုအသံ၏ သတင်းဝက်ဘ်ဆိုဒ်ပေါ်တွင် ဖော်ပြထားသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် အီတာလျံ-ထိုင်းဖွံ့ဖြိုးတိုးတက်မှု (ITD) ကုမ္ပဏီက ထုတ်လုပ်မည့် မဂ္ဂါဝပ် ၃,၀၀၀ ရှိ ကျောက်မီး သွေး လျှပ်စစ်စွမ်းအင် စီမံကိန်းတွင် PTT ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၄သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းလည်း သိရသည်။

1 comment:

saw saw said...

သြလောဘသားကောင်တွေ သူများတကာပေးတော့လဲနည်းလို့ မပေးတော့လဲ အစိုးရကမကောင်းလို့ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြန်ရော အမှန်သာဆိုရင် ကိုယ့်ကိုယ်တိုင်ဒေသ ကျေးရွာမှာ သိန်း ၇၀တန်တဲ့မြေကွက် တွေကောအမှန်အကန်ရှိရဲ့လား ရှိတော့ရှိမှာပေါ့ ဘိုးဘွားပိုင်မြေတစ်ချို့ တစ်ချိုကတော့ တစ်နေ့လုပ်တစ်နေ့စား နေထိုင်တဲ့ လူတွေကောမရှိတော့ဘူးတဲ့လား တာတွေကိုကော သူများတကာက မစဉ်းစားတော့ဘူးတဲ့လား
အဲ့လိုပဲ လူတွေလူတွေ ရလေလိုလေအိုတဆေ ဆိုတာ ဆိုရိုးရှိခဲ့တာကို

Post a Comment