ondragstart="return false" onselectstart="return false"

Wednesday, April 3, 2013

နိုင်ငံရေး အစွန်းရောက်၏ အန္တရာယ်--- ဦးဖိုးသာအောင်

ဟစ်တိုင်သတင်းစာမျက်နှာမှကူးယူပါသည်။

3,April , 2013

လူသားတွေ ယုံကြည်လိုက်နာ လက်ခံကျင့်သုံးနေကြတဲ့ ဘာသာတိုင်းမှာ အခြေခံအားဖြင့် လိုက်နာစောင့်ထိမ်းကြရမည့် စည်းမျဉ်းစည်းကမ်းများ ရှိနေကြပါသည်၊ ဤစည်းမျဉ်းစည်းကမ်းများ ကြောင့်လည်း အကျိုးကျေးဇူးများ ဖြစ်ထွန်းစေသည့် ယဉ်ကျေးမှု့ဆိုတာ ပေါ်ပေါက်လာရပါသည်၊

ဘာသာတူများသာ နေထိုင်ကြသည့် လူ့အဖွဲ့အစည်းများမှာ မိမိတို့ ဘာသာဓလေ့ယဉ်ကျေး မှု့ကြောင့် ပြဿနာဖြစ်စရာ အကြောင်းမရှိသော်လည်း ဘာသာဓလေ့ ယဉ်ကျေးမှု့မတူသည့် လူ့အဖွဲ့အစည်းများ အတူယဉ်တွဲနေထိုင် ကြသည့်အခါ ပြဿနာဆိုတာ ပေါ်ပေါက်တတ်သည်မှာ ဓမ္မတာသဘောပင်ဖြစ်ပါသည်၊

သို့သော် ဘာသာရေး၊ စီးပွားရေး၊နိုင်ငံရေး၊လူမှု့ရေးတို့တွင်ရှိနေမြဲဖြစ်သည့် ပြဿနာတို့ကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သည့် နည်းလမ်းများကား ရှိနေကြသည်သာ ဖြစ်ပါသည်၊ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သည့် နည်းလမ်းကို မသုံးချင်သူများသည် မည်သည့် ဘာသာဝင် ပင်ဖြစ်ပါစေ အတ္တကြီးသည့် အဓမ္မသမား များပင်ဖြစ်ပါသည်၊

ထိုသူများသည် ယဉ်ကျေးသည့်လူ့အသိုင်းအ၀ိုင်း နှင့် မ၀င်ဆန့်သူများဖြစ်ပြီး ယဉ်ကျေးမှု့ကိုလည်း ဖျက်ဆီးနေသူများပင် ဖြစ်သည်၊

၁၉၃၆ခုနှစ် မေလအတွင်း ပြည်ခရိုင် ၀က်ထီးကန်နယ်က ကျောက်ကွင်းရွာမှာ ဖြစ်ပေါ်ခဲ့သည့် ခရစ်ယန်နှင့် ဗုဒ္ဓဘာသာတို့ အငြင်းအခုန်က စခဲ့သည့် ပြဿနာတစ်ခု ဖြစ်ပွားခဲ့ပါ သည်၊ ကျောက်ကွင်းအရေးတော်ပုံဟုလည်း ခေါ်ဝေါ်သမုတ်ခဲ့ကြပါသည်၊ အင်္ဂလိပ် ကိုလိုနီ ခေတ်က ဖြစ်ပါသည်၊ ပြဿနာကို ဖြေရှင်းခဲ့တဲ့ဖြစ်စဉ်သည် အလွန်သိမ်မွေ့ပြီး နမူနာယူစရာ ဖြစ်ခဲ့ပါသည်၊

ဗုဒ္ဓဘာသာနှင့်ခရစ်ယန်ဘာသာ နှစ်ခုကြားတွင် အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ကြသော် လည်း အချို့ကိစ္စများတွင် နှစ်ဘက်လုံးက အလျှော့ပေးလိုက်လျှောခြင်းမပြုနိုင်သည့် ထိပ်တိုက်တွေ့ ကြုံရသည့် ယဉ်ကျေးမှု့ဓလေ့ထုံးတမ်းများ ရှိလာတတ်ကြပါသည်၊ မိမိ၏အယူဝါဒ ဓလေ့ထုံးစံသည် တပါးသူကို မထိခိုက်စေရပါဟု ဆိုသော်လည်း တစ်ခါတစ်ရံ ရှောင်လွှဲ၍မရ ဖြစ်တတ်သည့် အခြေအနေမျိုးနှင့်လည်း ရင်ဆိုင်ရတတ်ပါသည်၊

ငါမှန်သည် သူမှားသည် ထို့ကြောင့် ငါကအလျှော့ပေးလျှင် ငါပင် ခံရတော့မည်ဆိုသည့် အကျဉ်းအကျပ်ကျသည့် အခြေအနေမျိုးကို ရောက်သည့်အခါ သိမ်မွေ့စွာ ငြိမ်းချမ်းစွာ ဖြေရှင်း သွားခဲ့ကြသည့် ကျောက်ကွင်းရွာက ကျောက်ကွင်းအရေးတော်ပုံပါ၊ (ကျောက်ကွင်းအရေး တော်ပုံစာအုပ် ကိုရှာဖွေဖတ်ရှုကြပါ)

မိသားစုချင်း၊ ရွာသားချင်း၊ နယ်သားချင်း ပဋိပက္ခအဖြစ်မခံကြဘဲ သဘောထားကြီးစွာဖြင့် နှစ်ဘက်သော ဘာသာရေးခေါင်းဆောင်ကြီးများကို ပင့်ဖိတ်ပြီး ပြဿာနာ၏ အဖြေမှန်ကို ရှာနိုင် စေဖို့ စကားစစ်ထိုးပွဲကြီး ကျင်းပခဲ့ကြပါတော့သည်၊ ထိုစကားစစ်ထိုးပွဲတွင် ရှုံးလျှင် ရှုံးတဲ့ဘက်က ရှုံးပါပြီဟု ၀န်ခံပြီး ငွေအကုန်အကျခံကာ ပွဲလမ်းသဘင်ပြုလုပ်ပေးရပြီး သက်ဆိုင်သည့် ရွာခံလူများ ကလည်း ရှုံးသည့်ဘက်မှ နိုင်သည့်ဘက်သို့ သဘောတူကြည်ဖြူစွာ ကတိက၀တ်အတိုင်း ဘာသာကူးပြောင်းခဲ့ကြပါသည်၊ သဘောထားကြီးသော ကတိသစ္စာတည်သော ယဉ်ကျေးမှု့ရှိသော လူသားများပါပေ၊ ဤ ကျောက်ကွင်းဘာသာရေး စကားစစ်ထိုးပွဲမှာ အနီးအနားကကျေးရွာငါးရွာ လောက် သောက်ရေပြတ်လပ်သွားရသည်ကိုကြည့်လျှင် လွန်စွာကြီးကျယ်သော ပွဲကြီးတရပ်ပင် ဖြစ်ခဲ့ပါသည်၊ လုံခြုံရေးအတွက် ပုလိပ်မင်းကြီးများပင် လာရောက်ပြီး တာဝန်ယူစောင့်ရှောက်ခဲ့ကြ ပါသည်၊

ဆိုချင်သည်မှာ အယူအဆနှင့် ကိုးကွယ်ယုံကြည်မှု့ဆိုင်ရာ ပြဿနာသည် အမှိုက်ကစ ပြဿဒ် မီးလောင်ဖြစ်တတ်သည် ဆိုသော်လည်း ကိုင်တွယ်ဖြေရှင်းသွားကြသည့် ကာယကံရှင် များ၏ ပညာရှိမှု့ သဘောထားကြီးမှု့ အမျှော်အမြင်ကြီးမှု့တို့ကြောင့် ငြိမ်းချမ်းသာယာစွာ ပြီးဆုံးခဲ့သည်ဆိုတာပါပဲ၊ သို့သော်ယနေ့ ဖြစ်ပွားနေသည့် မိတ္ထီလာဘာသာရေးအဓိကရုဏ်းကတော့ လွန်စွာဝမ်းနည်း ဘွယ်ဖြစ်ရသလို လွန်စွာရှက်စရာပင်ဖြစ်နေပါသည်၊

ဒေသခံများသည် မည်သို့ပင် ယဉ်ကျေးသိမ် မွေ့ပြီး အမျှော်အမြင်ရှိကြပါစေ အာဏာရှင်များ၏ လှုံ့ဆော်ဖန်းတီးမှု့(သို့မဟုတ်)မီးလောင်လေပင့် လုပ်မှု့များကိုတော့ ဟန့်တားနိုင်စွမ်းမရှိကြပါ၊ အဲဒီအထဲမှာ ပေါ်ပေါ်တင်တင် မွတ်စလင်ဆန့်ကျင် ရေး လှုံ့ဆော်သူ ၀ီရသူလည်း တစ်ဦးအပါ အ၀င်ဖြစ်နေပါသည်၊

မပြေးသော်လည်း ကန်ရာရှိဆိုသလို ၀ီရသူ၏ မွတ်စလင်ဆန့်ကျင်ရေး တရားများဟောခြင်း၊ စာရွက်စာတန်းများ ဝေငှဖြန့်ချီခြင်းတို့အပြင် ဗုဒ္ဓဘာသာအမှတ်အသားအဖြစ် ၉၆၉ အမှတ်အသား များ တည်ထွင်ဖြန့်ဖြူးခဲ့ခြင်း၊ အင်အယ်ဒီအလံ ခွပ်ဒေါင်းကို မွတ်ဒေါင်းဟုပြောဆိုခဲ့ခြင်း၊ ဒေါ်စုနှင့် မင်းကိုနိုင်တို့သည် ရခိုင်ဘင်္ဂါလီအရေးအခင်းတွင်လည်း ပြတ်သားစွာမရပ်တည်ခဲ့ဘူးဟု ၀ါဒဖြန့် ဟောပြောခဲ့ခြင်း စသည်တို့ကို ၀ီရသူကိုယ်တိုင် ပြုလုပ်ခဲ့ကြောင်းကိုလည်း ၀န်ခံပြောဆိုနေ ခြင်းများရှိပါသည်၊

ဝီရသူကတော့ ယနေ့ထက်တိုင် သူ့လုပ်ရပ်များ မှန်ကန်ကြောင်း ထပ်လောင်းအတည်ပြု လျှက်ပင်ရှိနေပါသည်၊ ထို့နောက် အံသြစရာကောင်းနေတာက အဓိကရုဏ်း၏ ဗဟိုလ်ချက်ဖြစ် သည့် မိတ္ထီလာမြို့သို့ ၀ီရသူကိုယ်တိုင် သွားရောက်ကြည့်ရှု့ခြင်းအပြင် ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်ကြီးနှင့်တကွ အစိုးရအဖွဲ့ဝင်များနှင့်အတူ ခန့်ညားထည်ဝါစွာ ကပ်ပါနေသည်တို့ပင် ဖြစ်နေပါသည်၊ အဓိကရုဏ်းဖြစ်ရသည့် ကိစ္စရပ်များနှင့်အတူ လက်တွေ့မြင်ကွင်းများကို သေခြာစွာ လေ့လာကြည့်ရှု့ရေးနှင့် ပြေလည်အောင် ဖြေရှင်းငြိမ်းအေး စေရေးတို့တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးများ ဘက်မှ ၀ီရသူ ထက် ပညာအရ ၀ါအရ ဂုဏ်သိက္ခာအရ ကြီးရင့်သည့် ဆရာတော် သမားတော် ကြီးများ အနမတက္ကရှိနေပါလျှက် ဒီလှုံ့ဆော်ရေးသမား ၀ီရသူ ကပင် ရှေ့တန်းမှာ ပါဝင်နေခြင်း သည်လည်း အံသြစရာကြီးပင် ဖြစ်နေပါတော့သည်၊

ဝမ်းနည်းစရာကောင်းသည်မှာ ၉၆၉ ဖန်တည်းရှင်များကြောင့် ဗုဒ္ဓဘာသာထဲတွင်လည်း အစွန်းရောက်များရှိနေသည်ဟူသော အသံများထွက်ပေါ်လာခြင်းပင်ဖြစ်ပါသည်၊ အလွန် အန္တရယ်ကြီးပြီး ပြင်းထန်သည့်ဆိုးကျိုးသက်ရောက်မှု့များပင် ဖြစ်လာတတ်ပါသည်၊ ဘာသာရေး တွင် မဆင်မခြင်တည်ထွင်မှု့များကို မလုပ်သင့်ကြပါ၊ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ ရရှိရေး ကြိုးပန်းနေစဉ်အချိန်မျိုးမှာ အထူးသတိထားကြရမည် ဖြစ်ပါသည်၊

ဗုဒ္ဓဘာသာတွင် သံဃာ့အား ဘုရားမတတ်နိုင်ဆိုသော စကားရှိပါသည်၊ ဤသည်မှာ ဒီမိုကရေစီကို လက်ခံသည့်သဘောကို သက်ရောက်ပါသည်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေသည့် စစ်အာဏာရှင်တို့သည် စည်းကမ်းရှိသည့် ဒီမိုကရေစီစနစ် ကို ဖေါ်ဆောင်နေပါပြီဟု မည်သို့ပင်ကြွေးကြော်နေသော်လည်း အနှစ်သာရအားဖြင့် ပြောင်းလဲရန် မှာကား လွယ်ကူမည်မဟုတ်ပါ၊

အမှန်တကယ်တော့ စစ်အာဏာရှင်စနစ်နှင့် တရားဥပဒေစိုးမိုးမှု့၊ စစ်အာဏာရှင်စနစ်နှင့် ဒီမိုကရေစီ၊ စစ်အာဏာရှင်စနစ်နှင့် ပွင့်လင်းမြင်သာမှု့၊ စစ်အာဏာရှင်စနစ်နှင့် သစ္စာတရား၊ စစ်အာဏာရှင်စနစ်နှင့် ပညာပြည့်ဝသည့် ဆင်ခြင်တုံတရားတို့သည် အရှေ့နှင့်အနောက်ပမာ ဆန့်ကျင်ဘက်များသာ ဖြစ်ကြပါသည်၊

၂၀၀၈ဖွဲ့စည်းပုံသည် စစ်အာဏာရှင်စနစ် အခြေခံပေါ်တွင်သာ ရေးဆွဲပြီး အဓမ္မအတည်ပြု ထားသည်ကိုလည်း လူတိုင်းသဘောပေါက် နားလည်ပြီးသားဖြစ်ပါသည်၊ သို့သော် စစ်အာဏာရှင် တို့ ဟပေးခဲ့သည့် အပေါက်အတိုင်း ၀င်လာပြီးဖြစ်သည့် မီဒီယာလွတ်လပ်မှု့ အနည်းအကျဉ်းနှင့် အတူ အနိမ့်ဆုံး လူထုဆန္ဒထုတ်ဖေါ်ခွင့်တို့ကြောင့် ကမ္ဘာကပါ သိရှိနားလည် လာကြသည့်အခါ စစ်အာဏာရှင်တို့သည် သူတို့အခန်း ကဏ္ဍအား မြန်မာနိုင်ငံမှာ မရှိမဖြစ်လိုအပ်နေသေးသည်သာ ဖြစ်သည်၊ နောင်တွင်လည်း အစဉ်အမြဲ လိုအပ်နေဦးမည်ဖြစ်သဖြင့် စစ်တပ်သည် နိုင်ငံရေး ဦးဆောင်မှု့မှာပင် ရှိနေရမည်ဆိုသည့်အချက်ကို သက်သေပြရန် အချက်အလတ်များ ဖန်တည်း ရမည် သာဖြစ်ပါတော့သည်၊

သို့ ဖန်တည်းချက်များတွင် အလွန်လွယ်ကူသည့် ဘာသာရေးအဓိကရုဏ်းဖန်တည်းမှု့ လည်း တစ်ခုအပါအ၀င်ဖြစ်နေပါသည်၊ မြန်မာ့အကြောင်း မြန်မာတွေ အသိဆုံးဖြစ်သည်၊ မြန်မာနိုင်ငံသားမှန်သမျှ ချက်ဆိုနားခွက်က မီးတောက်သည်၊ ဘယ်နိုင်ငံခြားသား၏ အဆုံးအဖြတ်မှမလိုပါ၊ မိတ္ထီလာမှ ပဲခူးတိုင်းအနောက်ခြမ်းအထိ ကူးစက်ပြန့်နှံ့သွားသည့် ဘာသာရေးအဓိကရုဏ်း၏ ဖြစ်စဉ်ဖြစ်ရပ်ကို ဒေသခံတွေရော နိုင်ငံသားအားလုံးပါ နောကျေအောင် သိကြပြီးဖြစ်သည်၊

အဓိကရုဏ်းဖန်တည်းနိုင်သည့် ပါဝါရှင်သည် မည်သူဆိုတာ အားလုံးသိနေပြီလည်း ဖြစ်ပါသည်၊ နှစ်ပေါင်းခြောက်ဆယ်လောက် အကြောက်တရား ဖိစီးမှု့ဒဏ်ကြောင့် မပြောဝံ့မဆိုဝံ့ ဖြစ်နေခြင်းကိုလည်း အပြစ်မဆိုသာပါ၊

သို့ပေမယ့် နိုင်ငံရေးအဖွဲ့အစည်းများအတွင်းမှာရော ပြင်ပက လူမှု့ရေးဖွဲ့တွေထဲက အမှန် တရားကို ဖေါ်ထုတ်ပြောဆိုနေကြသည့် အကြောက်တရားမှ ကင်းလွတ်သူများလည်း ရှိနေကြပါ သည်၊ အကြောက်တရားမှကင်းလွတ်ရေး တရားဟောခဲ့သည့် ဦးဆောင်ပါတီကြီးတစ်ခုကတော့ အံသြဘွယ်ရာ နုတ်ဆိတ်နေသည်ကိုလည်း တွေ့ရပြန်ပါသည်၊

မည်သို့ဆိုစေ အဓိကရုဏ်းဖန်တည်းရှင် ဆင်ကောင်ကြီးကို မြင်တွေ့နေပါလျှက် ဆင်ခြေရာ ရှာနေကြရင်း နိုင်ငံရေးအလုပ်လုပ်နေပါသည်ဟုဆိုသော အစိုးရနှင့်သူ၏ပါတနာများအပြင် မွတ်စလင်ဆန့်ကျင်ရေးအမြင်တစ်ခုတည်းအပေါ်မှာသာ ကြည့်တတ်သည့် ဗုဒ္ဓဘာသာဘုန်းကြီး ၀ီရသူကိုလည်း သတိထားစရာ ဖြစ်လာပါတော့သည်၊

မိတ္တီလာမှ မြေဇာပင်များ၏ သောက အပူ

ဧရာဝတီဝက်ဘ်ဆိုဒ်မှာ ၀ီရသူပြောတာက မိတ္ထီလာအဓိကရုဏ်းမှာ မွတ်စလင်ဘက်က လွန်သလိုပင်ဖြစ်ရတယ်လို့ ကောက်ကြောင်းဆွဲထားပါသည်၊ မည်သို့ဆိုစေ ငြိမ်းသတ်လို့ရတဲ့ မီးပွားလေးကို တောမီးကြီးပမာဖြစ်အောင် ဖန်တည်းသူများကြောင့် ကြီးကျယ်ခဲ့ပါသည်ဆိုသည့် ခိုင်လုံသည့်အချက်ကိုတော့ ၀ီရသူက လျှစ်လျူရှုခဲ့ပါသည်၊

လက်ရှိအစိုးရသည် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်နေပါသည် သို့သော် ခုရေတွင်းတူး ခုရေကြည်သောက်ဆိုတာတော့ မဖြစ်နိုင်သေးပါ၊ အချိန်ကာလအတန်ကြာတော့ စောင့်ရပါမည်ဟုပြောပြီး စစ်အာဏာရှင်စနစ်ခိုင်မြဲရေးကိုသာ ဦးတည်ကျိုးပမ်းနေသည်ဆိုတာကို တော့ ၀ီရသူ မြင်စေချင်ပါသည်၊ သို့ ကျိုးပမ်းရာတွင် ပဋိပက္ခအမျိုးမျိုး အဓိကရုဏ်းအထွေထွေနှင့် ပြည်တွင်းစစ်ကလေးများ ရှိနေမှသာ စစ်အာဏာရှင်စနစ် အသက်ဆက်နိုင်မည်ဖြစ်သည်၊ ဒါကြောင့် မိတ္ထီလာနှင့် နေရာအနှံ့က ဘာသာရေးအဓိကရုဏ်းများ ဖြစ်နေအောင် နည်းအမျိုးမျိုး ဖြင့်ဖန်တီးကြရ သည်သာဖြစ်ပါသည်၊

တကယ်တော့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်သာ ထွန်းကားပါက ဘာသာရေး လူမှု့ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံတွင် ပြဿနာနှင့် ပဋိပက္ခတို့ရှိမည်ဖြစ်သော်လည်း ပြည်သူများ နစ်နာဆုံးရှုံးနိုင်သည့် အဓိကရုဏ်းကြီးများတော့ ဖြစ်မလာနိုင်တော့ပါ၊ ဒါကြောင့် ဒီမိုကရေစီစနစ် ထွန်းကားပြီး လူထုက အမှန်တကယ် ရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီအစိုးရမျိုး ပေါ်ပေါက် လာစေရန်သည်သာ အဓိကဖြစ်နေသည်မှို့၊ ဒီမိုကရေစီစနစ် မပေါ်ထွန်းရန် စစ်အာဏာရှင်စနစ် ဆက်လက် ခိုင်မြဲတည်တံ့ရန် ကျိုးပမ်းနေသူများကိုသာ ပစ်မှတ်ထားပြီး ဖြုတ်ချဖို့သာ လိုပါသည်၊ ဤအရေးကြီးသည့်အချက်ကို ၀ီရသူ သဘောပေါက်ဖို့လိုပါသည်၊

ဒီမိုကရေစီစနစ်ကျင့်သုံးပြီး တရားဥပဒေစိုးမိုးသည့် နိုင်ငံများမှာ မတူညီသော လူမျိုးနှင့် ဘာသာများ အတူတကွနေထိုင်ကြသော်လည်း တိုင်းပြည်နှင့်လူထုနစ်နာဆုံးရှုံးမည့် အဓိကရုဏ်း မျိုးကိုတော့ ရှောင်နိုင်ကြသည်သာဖြစ်ပါသည်၊

ဤသို့ဆိုသဖြင့် ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်း ပြဿနာများနှင့်အစွန်းရောက်တို့ကြောင့် ဖြစ်နေရသည့် ပဋိပက္ခများ ဆိုးကျိုးများ ကို လျှစ်လျှူရှုပြောနေခြင်းမဟုတ်ပါ၊ ကမ္ဘာမှာ ဘာသာရေး အစွန်းရောက်များ ရှိနေသည်ဆိုတာ လည်း ငြင်းလို့မရပါ၊ သို့သော် မြန်မာနိုင်ငံလိုနေရာမျိုးမှာက ဒီမိုကရေစီစနစ်သာ ထွန်းကားလျှင် ဘာသာရေးပြဿနာဆိုတာ အလွယ်တကူပင် ဖြေရှင်းနိုင်ပါသည်၊ ရှေးပဝေသဏီကတည်းက အတူတကွလက်တွဲနေထိုင်လာကြသည့် မတူညီသည့် ဘာသာဝင်များအချင်းချင်း ညီညွတ်ခဲ့ကြ သည်ပင် မဟုတ်ပါလား၊

ဗုဒ္ဓဘာသာအမှတ်အသားအဖြစ် ၉၆၉ အမှတ်အသား များ တည်ထွင်ဖြန့်ဖြူးခဲ့သူ-- အရှင် ဝီရသူ

မြန်မာပြည်မှာ ယနေ့ ကြောက်စရာအကောင်းဆုံးသည် ဘာသာရေးအစွန်းရောက်ဝါဒ မဟုတ်ပါ၊ နိုင်ငံရေးအစွန်းရောက်နေသည့် စစ်အာဏာရှင် ၀ါဒသာဖြစ်နေပါသည်၊ မြန်မာနိုင်ငံ ပဋိပက္ခ၏ အဓိကဘက်မှာ စစ်အာဏာရှင်နှင့် လူထုပင်ဖြစ်သည်၊ ဤသည်ကို စစ်အာဏာရှင်များ က ဗုဒ္ဓဘာသာနှင့် မွတ်စလင်ဘာသာ၏ ပဋိပက္ခအဖြစ် လမ်းကြောင်းလွှဲဖို့ ကြိုးစားနေချိန်တွင် ၀ီရသူ က အစိုးရ၏ အလိုကျ ပါဝင်ဆင်နွဲမိသလို ဖြစ်နေပါတော့သည်၊

မြန်မာနိုင်ငံတွင် သစ္စာတရားလမ်းကြောင်းပေါ်တွင် ဖြောင့်ဖြောင့်ကြီးရပ်တည်ပြီး ဘာသာ ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံတွင် နှံ့စပ်ကျွမ်းကျင်ကြသည့် ရဟန်းတော်များ အများအပြားပင် ရှိကြပါသည်၊ နိုင်ငံရေးတွင်လည်း ထဲထဲဝင်ဝင်ဆုံးမညွှန်ပြတော်မူနေသော ဆရာတော်သမားတော် များလည်း ရှိနေကြပါသည်၊ ထို့ကြောင့် ၀ီရသူကဲ့သို့ အစွန်းရောက်သူဟု စွတ်စွဲခြင်းမခံကြရလေ အောင် တတ်အားသမျှ တားဆီးပေးတော်မူကြပါရန်လည်း လိုအပ်ပါသည်၊

မန္တလေးအခြေစိုက် မစိုးရိမ်ဆရာတော်များ၏ သြဇာတိက္ကမလည်း လွန်စွာကြီးလှပါသည်၊ ၀ီရသူ အတွက် အများကိုလည်း မထိခိုက်စေလိုပါ၊ ၀ီရသူ ၏ မွတ်စလင်အစွန်းရောက်ကာကွယ်ရေး ကို အသာထားပြီး ၀တို့ မန္တလေးအဖြစ်မှ ဆရာတော်တို့ မန္တလေးပြန်ဖြစ်လာအောင် အလျှင်ကျိုးပမ်းကြလျှင်ဖြင့် ပို၍ကောင်းမည်သာ ဖြစ်ပါကြောင်း။ ။

ဦးဖိုးသာအောင်
http://www.hittai.org/?show=rm&fileid=216&t=home4&id=4

No comments:

Post a Comment