ondragstart="return false" onselectstart="return false"

Wednesday, April 17, 2013

ကချင် မြေမှ စစ်သား တစ်ယောက်ရဲ့ တီးတိုး ရွတ်သံ

ရွှေဟင်္သာသတင်းမှ


ကျွန်တော်က ရွာတစ်ခုမှာ လူလား မြောက်ခဲ့တဲ့ကောင်၊ အဖေက မရှိတော့ဘူး။ အမေရယ်၊ ညီ ၂ ယောက်နဲ့ ညီမ တစ်ယောက် ရှိတယ်။ တောမှာ နေပြီး လယ်လုပ်၊ စပါးထမ်း ထမင်းဝ ပေမယ့် မြို့တက်ပြီး အလုပ် လုပ်ချင်လို့ အသိဆိုင်မှာ စားပွဲထိုး ၀င်လုပ်တယ်။ စစ်သားတွေနဲ့ မိတ်ဆွေ ဖြစ်တယ်။ နောက်တော့ ကျွန်တော်လည်း စစ်သား ဖြစ်သွားတယ်။

ရဲဘော်သစ် သင်တန်း၊ လယ်လုပ် စပါးထမ်း လာတဲ့ ကျွန်တော့် အတွက် အဲလောက် မခက်ခဲဘူး။ ဇွန်းခရင်းနဲ့ ထမင်းစား ခိုင်းတာကို စိတ်အညစ် ဆုံးပဲ။ အဲဒီတော့ လစ်ရင် လက်နဲ့ စားတယ်။ ဆရာကြီးတွေ၊ အရာရှိတွေ ရှေ့ကျရင် ဇွန်းခရင်းနဲ့ စားတယ်။ ဘယ်ညာ ဘယ်ညာ စစ်ရေးပြနဲ့ လက်ချောင်းလေး ကွေးရင် ကျည်ဆံ ထွက်တာ၊ သေနတ် ဖြုတ်တာ၊ တပ်တာကို ကျွန်တော် တတ်ခဲ့တယ်။ အရှင်းဆုံး ပြောရရင် ဒို့တာဝန် အရေး (၃) ပါးတွေ၊ နိုင်ငံတော် ကြီးကို ကာကွယ် တာတွေကို ကျွန်တော် အဲလောက် စိတ်မ၀င်စား ခဲ့တာတော့ အမှန် ပါပဲ။

တပ်ကို ရောက်တယ်။ ဖက်ထိပ် လုပ်တယ်။ ကျွန်တော်တို့ မလုပ်ရင် ဘယ်သူမှ လုပ်မယ့် သူမှ မရှိတာ။ လစာ ရတယ်။ ဘဏ်စုငွေ ထည့်တယ်။ သက်သာ ဆိုင်မှာ စားတယ်။ အကြွေး ဆပ်တယ်။ ဒါနဲ့ပဲ စုမိတယ် ဆိုတာက ကျွန်တော့် အတွက် ဘဏ်စု ငွေပဲ ရှိတယ်။ မိဘကို သတိ ရလို့တော့ တပ်ရောက်ပြီး (၂) နှစ် အတွင်းမှာ တစ်ခါတော့ စာရေး ဖူးတယ်။ ဘဏ်စုငွေ ထဲက (၅) သောင်း ထုတ်ပြီး ပို့ပေး ခဲ့ဖူးတယ်။ ဒါကျွန်တော့် တစ်သက်မှာ အမေ့ကို ပေးဖူးတဲ့ အများဆုံး ပိုက်ဆံ ပါပဲ။ မသေ၊ မပြတ် ခဲ့ရင် လစာတွေ အသားတင် စုမိလို့ ရှေ့တန်း သွားရ ရင်တော့ ကျွန်တော် ပျော်တယ်။

နောက်တန်း ပြန်ရောက်လို့ အပြင် ထွက်ရင် ကျွန်တော့် ယူနီဖောင်း အကောင်း မရှိဘူး။ သပ်သပ် ရပ်ရပ်လည်း မရှိဘူး။ ကျွန်တော့်မှာ အဲဒါတွေ လုပ်ပေးမယ့် မိန်းမလည်း မရှိဘူး။ တစ်ချို့ ကတော့ ဒီစစ်သားတွေ ညစ်ပတ် တာပဲလို့ ပြောမှာပေါ့။ ညစ်ပတ်လဲ မတတ်နိုင် ဘူးဗျာ။ တစ်နေ့ (၁၈) နာရီ၊ တစ်ခါ တစ်လေ (၂၄) နာရီ အပြည့် ၀တ်နေ မှတော့ ဘယ်လို သပ်ရပ် တော့မလဲ။ ရှေ့တန်း မှာတော့ သိပ်မသိသာ ပါဘူး။

ကေအိုင်အေက ရထားလမ်းတွေ မိုင်းခွဲတယ်။ ဆက်သွယ်ရေး တိုင်တွေ ဖျက်ဆီးတယ်။ မြစ်ကြီးနား ထောင်ကို ဖောက်တယ်။ အဲဒီတော့ တပ်က ကချင် ပြည်နယ်မှာ ကေအိုင်အေကို တိုက်ဖို့ ရှေ့တန်း ထွက်ရတယ်။ မြန်မာပြည် အလယ်ပိုင်းက စစ်သား မြန်မာပြည် မြောက်ဖျားမှာ စစ်ဆင်ရေး ထွက်ရတာ ဆိုတော့ ဘယ်ထွက် ချင်မလဲဗျာ။ တပ်ခွဲမှူး ကတော့ ရှင်းရှင်းပဲ ပြောတယ်။ ဒီနယ်မြေမှာ သောင်းကျန်းသူ မရှိ တော့ရင် ငါတို့ နောက်တစ်ခါ ဒီနေရာကို လာစရာ မလို တော့ဘူး ပေါ့ကွာတဲ့။

စစ်သား ဖြစ်မှတော့ တိုက်ပွဲတွေ တိုက်ရ တာကို ကျွန်တော် မစိုးရိမ် ပါဘူး။ တစ်နေ့တော့ ကျွန်တော် တို့ကို တန်းစီတယ်။ ကာကွယ်ရေး ဦးစီးချုပ် ရုံးက အမိန့်ကို ပြောပြတယ်။ မိမိမှ စတင် ပစ်ခတ်ခြင်း မပြု ရတဲ့။ သူမပစ် ကိုယ်မပစ် ဆိုမှတော့ ကျွန်တော်တို့ စစ်သားတွေ အကြိုက် အမိန့်ပေါ့။ မတော်တဆ ကျည်ဆံ ထွက်မှာ စိုးလို့ သေနတ်ကို အသင့်မလုပ်၊ ကျည်မထိုးဘဲ သွားလို့ ဆရာကြီးကတောင် နာရင်း အုပ်တာ ခံလိုက်ရ သေးတယ်။

တစ်နေ့ လုံခြုံရေး လှည့်ကင်း ထွက်နေတုန်း ကျွန်တော့် နောက်က မောင်ဝင်း ခေါင်းကို သေနတ် မှန်တယ်။ အရှေ့ တောင်ကုန်းက လှမ်းပစ်တာ ဆိုပြီး ဆရာကြီးက အော်ပေမယ့် တပ်ခွဲ မှူးဆီက ဟေ့ကောင်တွေ၊ ၀ပ်၊ ဆိုတာက လွဲပြီး မထွက်လာဘူး။ အရင်ဆို တစ်လုံးလောက် လှမ်းထုလိုက် ဆိုပြီး အမိန့် ပေးမယ်။ ကျွန်တော်တို့ ဆီက နည်းနည်း ပြန်ပစ်မှာ သေချာ တယ်လေ။ တပ်ခွဲမှူး မျက်နှာက တည်နေတယ်။ နောက်တော့ စက်သမားနဲ့ ထိခိုက် မှုကို တပ်ရင်းမှူး ဆီကို ပြန်ပြောတယ်။ ကျွန်တော်တို့လဲ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ငြိမ်သက် လို့ပါပဲ။

မောင်ဝင်းကို တွင်းတူး မြုပ်ပြီး ပြန်တမ်း ထုတ်တော့ ကျွန်တော် လုံးဝ စိတ်မကောင်းဘူး။ ပိုဆိုး တာက ကိုယ့်ဆီက လုံးဝ ချက်ချင်း ပြန်မပစ် နိုင်တာကို ပိုစိတ် မကောင်း ဖြစ်ရတယ်။ ဒီကောင် တွေက ရန်သူ လေဗျာ။ ရန်သူကို တိုက်ရမှာ စစ်သားအလုပ် မဟုတ်ရင် သေနတ် ဘာလို့ ကိုင်တော့ မှာလဲ ဆိုပြီးလဲ တွေးနေ မိတယ်။ တပ်ခွဲမှူးက အားလုံးကို ပြောတယ်။ လူကြီးတွေ ငြိမ်းချမ်းရေး အတွက် စကားပြော နေကြပြီ။ ငါတို့ကြောင့် ငြိမ်းချမ်းရေး မပျက်အောင်တော့ ငါတို့ ထိန်းပေး ရမယ်တဲ့။ ဒါဆို ကျွန်တော်တို့ ဘာလို့ ဒီမှာ နေမလဲဗျာ။ လူကြီးတွေ စကားပြောကြ။ ကျွန်တော် တို့လဲ မသေနိုင်တဲ့ စခန်းထဲမှာ ထိုင်စောင့် ကြတာပဲ လုပ်မှာပေါ့။

တစ်ရက် တစ်ရက်မှာ တပ်ရင်းက ဟိုနားက ချောင်းပစ်လို့ တစ်ယောက် ကျပြန်ပြီ။ ဒီနားက တစ်ယောက် ကျပြန် ပြီနဲ့ သတင်းတွေ ကြားနေ ရတယ်။ ကိုယ့်အလှည့် ဘယ်တော့ ရောက်မလဲ ဆိုတာ စိတ်ပူပြီး လုံခြုံရေး လှည့်နေ ရတဲ့ အလုပ်ကို ကျွန်တော် တော်တော် စိတ်ပျက် လာတယ်။ ရှေ့တန်းကို ရောက်နေတဲ့ ကျွန်တော်တို့ တပ်ကိုလည်း ပြန်ဆုတ်မယ့် အမိန့်က ရောက်မလာ သေးဘူး။ စားစရာ ဆန်လဲ မရှိ တော့ဘူး။ အရွက် တွေကို စားကြည့်တယ်။ မသေရင် ပြုတ်ပြီး စားတယ်။ အဲလို စားရင်းနဲ့ ဆရာ အောင်မင်း မျက်စိ မမြင်တော့လို့ ကျွန်တော်တို့ တော်တော် စိတ်ပူ ခဲ့ရ သေးတယ်။ ကံကောင်းပြီး နောက်နေ့မှာ ပြန်မြင်လို့ တော်သေး တာပေါ့။

ကျွန်တော်တို့ တပ်စခန်း ချတဲ့ နေရာကို ကေအိုင်အေက လာပစ်တယ်။ လူက ၄၀၀ လောက် ရှိတယ်။ လက်နကကြီး သံတွေ ဆူညံပြီး ကျွန်တော့် အနားမှာ ကျတာ တစ်လုံးပြီး တစ်လုံး ဆူညံ နေတာပဲ။ ကျွန်တော် တို့လည်း မဲမဲ မြင်ရာ ပြန်ပစ် ကြတာပေါ့။ တပ်ခွဲမှူးက အချက် ပြတယ်။ ဒါ ကျွန်တော်တို့ စီစဉ် ထားတဲ့ အတိုင်း ပြန်ဆုတ်မယ့် အစီ အစဉ်လေ။

အစီအစဉ် အတိုင်း ဆရာကြီး သန်းဝင်းတို့ အရင် ဆုတ်တယ်။ ကျွန်တော်တို့ ကတော့ ပစ်ပေး ထား၇ တာပေါ့။ စိန်သန်း မင်းသွားတော့ ၊ သွားတော့ ဆိုတဲ့ အသံ ကြားမှ ကျွန်တော်လည်း အနောက်ကို ပစ်ရင်း ဆုတ်ရ တာပဲ။ အဲဒီ အချိန်မှာ ကျွန်တော့် နားကို လက်နက်ကြီး ကျတယ်။ ဂျိမ်း ဆိုတဲ့ အသံနဲ့ ကျွန်တော့် ကျောတစ်လျှောက် ပူထူ သွားသလို ကျွန်တော့်ခန္ဒာကိုယ် တစ်ခု လုံးလဲ လွင့်ထွက် သွားတယ်။ ဒါပေမယ့် ကျွန်တော့် သေနတ်က မလွတ် သေးဘူး။ ကျွန်တော် ဆက်ပစ် နေတယ်။


ကျွန်တော့် သွေးတွေ ဆူပွက် နေတယ်။ လာစမ်းကွာ။ တက်လာစမ်း ဆိုပြီး ကျွန်တော် အော်ပြီး ဆက်ပစ် နေတယ်။ အချိန်တွေ ဘယ်လောက် ကြာသွားတယ် မသိဘူး။ သေနတ် သံက ကျွန်တော့် တစ်ယောက် ထဲဆီ ကနေ ထွက်နေတယ် ဆိုတာ သိတော့မှ ကျွန်တော် နောက်ကို လှည့်ကြည့် မိတော့တယ်။

ကျွန်တော် တွေ့လိုက် ရတာက ကျွန်တော့် အလောင်းနဲ့ ကျွန်တော့် သေနတ်ကို ကောက်ယူပြီး ထွက်သွားတဲ့ ကေအိုင်အေတွေ။ ဘုရား၊ ဘုရား.. ကျွန်တော် သေခဲ့ ပြီလား။ ကျွန်တော့် လက်နက် ရန်သူ့ လက်ထဲ ရောက်သွား ပြီလား။ ကျွန်တော် မသေသင့် သေးဘူးလေ။ ကျွန်တော့် အသက် ငယ်ငယ်လေး ရှိသေးတယ်။ ကျွန်တော့် အမေကို ပိုက်ဆံတွေ ပို့ပေး ရအုံး မယ်လေ။ ကျွန်တော် ရွာကို ပြန်လည် ရအုံး မယ်လေ။ အမေ့ကို ဖက်မယ်။ ပြီးရင် ကျွန်တော့် လစာတွေကို ကန်တော့ ရအုံး မယ်လေ။

ကျွန်တော် ငိုနေ မိတယ်။ ကျွန်တော့်ရဲ့ သေဆုံးတဲ့ ရုပ်အလောင်း ဘေးမှာ ထိုင်ပြီး ကျွန်တော် ငိုနေ မိတယ်။ ကျွန်တော်ဟာ ဒီနေရာမှာ သေနတ်သံတွေ မကြားရဖို့ ဒီကို လာတာပါ။ ဒီနယ်မြေ ငြိမ်းချမ်းဖို့ ကျွန်တော် လာခဲ့ တာပါ။အခုတော့ ကျွန်တော့် အသက်ပါ ဒီနယ်မြေ အတွက် ပေးဆပ် လိုက်ရ ပြီပေါ့။ ကျွန်တော့် ပုခုံးကို တစ်ယောက်ယောက် လာကိုင်သလို ခံစား ရလို့ ကြည့်လိုက်တော့ ကျွန်တော့ တပ်ခွဲမှူး၊ သူ့နောက်မှာ ဆရာကြီး အောင်ထွေးနဲ့ မင်းသူ။ ဒါဆို ဒီနေရာမှာ ကျွန်တော် တစ်ယောက်ထဲ မဟုတ် တော့ဘူးပေါ့။


တပ်ခွဲမှူးက ကျွန်တော့် ပုခုံးကို အသာလေး ပုပ်ပြီး ဘေးမှာ ထိုင်ချ လိုက်တယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် စကားတွေ မပြော ကြတော့ ပါဘူး။ ကျွန်တော်တို့ ဒီအတိုင်းပဲ ထိုင်နေ ကြတယ်။ တစ်ရက်ပြီး တစ်ရက် နောက်ဆုံး ဒီနေရာမှာ လက်နက်ကိုင်တွေ မရှိတော့တဲ့ တစ်နေ့ အထိ၊ ကျွန်တော် တို့ရဲ့ ဝိဥာဉ် တွေကို ကောင်းရာ ဘုံဘ၀ ရောက်စေကြောင်း လာပြီး ဆုတောင်း ပေးကြမယ့် နေ့အထိ ပေါ့ဗျာ။


**** Opposit EyE တွင် တင်ထားသည့် စာစု လေးအား ပြန်လည် မျှဝေ ပါသည်။
http://www.phophtawnews.org/burmese/index.php/feature/item/245-2013-04-17-02-43-09.html

No comments:

Post a Comment