ondragstart="return false" onselectstart="return false"

Monday, April 1, 2013

စာနာမှု အကူအညီရရေး UNFC ကိုယ်စားလှယ်အဖွဲ့ ဂျပန်ဝန်ကြီးချူပ်သစ်အား သွားတွေ့မည်

ဟင်္သာနီ (မွန်မြေ) | တနင်္လာနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၂၀ မိနစ်


ဂျပန်ဝန်ကြီးချူပ် အသစ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံ၍ ဒုတိယအကြိမ် လူသားချင်း စာနာမှု အကူအညီများ ရရှိနိုင်ဖို့ ဆွေးနွေးတင်ပြနိုင်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီမှ ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ယခင်ဝန်ကြီးချူပ်ဟောင်း လက်ထက်က ဂျပန်မှ ပေးခဲ့သည့် လူသားချင်းစာနာမှု အကူအညီ ပထမသုတ်မှာ သက်တန်း ကုန်တော့မည်ဖြစ်သဖြင့် ထပ်မံ တင်ပြတောင်းခံခြင်း ဖြစ်ကြောင်း UNFC ဒုဥက္ကဋ္ဌ (၂) ဒေးဗစ် သာကပေါမှ ပြောသည်။

၎င်းက “တိုင်းရင်းသားဒေသမှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ထပ်မံလိုအပ်နေတဲ့ အနေအထားကို ထပ်မံ တင်ပြနိုင်ဖို့နဲ့ ကျွန်တော်တို့ လုပ်နိုင်တဲ့ အနေအထား၊ ဒုက္ခသည်တွေ အကျိုး ခံစားရတယ်။ ဒါတွေကို သက်သေပြနိုင်ခဲ့တယ်။ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်တာပေါ့ဗျာ” ဟု ဆိုသည်။

ခရီးစဉ်မှာ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ၇ ရက်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းထားပြီး ဧပြီလ ၂ ရက်နေ့မှ ၃ ရက်နေ့များတွင်း ၀န်ကြီးချူပ်နှင့် တွေ့ဆုံရန်စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသားများနှင့်လည်း တွေ့ဆုံနိုင်ရန် စီစဉ်ထားသည်ဟု ဒုဥက္ကဌ (၂) ထံမှ သိရှိသည်။

ပြီးခဲ့သည့် ဂျပန်ဝန်ကြီးချုပ်စောင်း ယိုရှိဟီကိုနိုဒ လက်ထက်တွင် ပထမအကျော့ Pilot ပရောဂျက် အဖြစ် တိုင်းရင်းသားဒေသများအား ဒေါ်လာ(၃)သန်းတန် အကူအညီ ပေးအပ်ခဲ့ကာ ၎င်းပရောဂျက်မှာ ယခုမတ်လကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

ထပ်မံ၍ အကူအညီများ ပေးအပ်နိုင်ရေးအတွက် ညှိနှိုင်းနိုင်ရေး ၊ ဂျပန်ဝန်ကြီးချုပ်သစ်နှင့် တွေ့ဆုံနိုင်ရေးကို ဂျပန်နိုင်ငံ လူသားချင်းစာနာမှု အထောက်အကူ ပေးနေသည့် အဖွဲ့အစည်းတခု ဖြစ်သည့် နိပွန်ဖောင်ဒေးရှင်းမှ ကမကထ ပြုပေးခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှလည်း လိုအပ်ချက်များကို အစီအမံရေးဆွဲ ပြင်ဆင်ကြပြီး ဖြစ်ကာ ဂျပန်ဝန်ကြီးချူပ်နှင့် တွေ့ဆုံစဉ် တင်ပြသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ဂျပန်ခရီးစဉ် သွားရောက်ရေးနှင့် လိုအပ်သည့် အစီအမံ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရေးအတွက် ယခုအပတ်အတွင်း ၌ UNFC အဖွဲ့ဝင်များ အစည်းအဝေးအား သုံးရက်ခေါ်ယူကာ အကြေအလည်ဆွေးနွေးခဲ့ကြပြီး ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းမှ ပြောပြခဲ့သည်။

ဂျပန် နိုင်ငံသို့ ထွက်ခွာသွားသည့် UNFC ကိုယ်စားလှယ် အဖွဲ့တွင် ပေါင်း (၂၂) ဦးကျော် အပြင် UNFC ရုံးအဖွဲ့ဝင် အချို့လည်း ပါဝင် ပါသည်။

“UNFC အဖွဲ့ ဝင်တွေ တစ်ဖွဲ့ကို ၂ ယောက် နှုန်းနဲ့ ဖိတ်ထားတယ်၊ ဝန်ကြီးချုပ်သစ် အနေနဲ့ မြန်မာ နိုင်ငံရဲ့ အမျိုးသား ရင်ကြား စေ့ရေးမှာ ပိုဦးစားပေး ချင်တယ်၊ ဝန်ကြီးချုပ်သစ်က ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေ အနေကို သိရှိချင်တာက တစ်ကြောင်း၊ တိုင်းရင်းသား ဒေသ တွေရဲ့ ရိက္ခာ၊ ပညာ၊ ကျန်းမာ၊ ဆေးဝါး၊ စိုက်ပျိုးရေး အဲဒီ အကူအညီ တွေ ပေးအပ် နိုင်ဖို့ ဆွေးနွေး ကြဖို့ ရှိပါတယ်” ဟု ခရီး စဉ်တွင် လိုက်ပါမည့် UNFC ပြန်ကြားရေး အရာရှိမှ ဆိုပါသည်။

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့အကြား တွင်လည်း တရားဝင် အကြို ညှိနှိုင်းဆွေးနွေးပွဲ (၁/ ၂၀၁၃) ကို ကျင်းပနိုင်ခဲ့ပြီးလည်း ဖြစ်ကာ
မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေးအတွက် အခြေအနေများကို တင်ပြနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းကိုယ်စားလှယ်မှ ပြောသည်။

ယခု ကဲ့သို့ ဂျပန် နိုင်ငံ ခရီးစဉ်ကို ပြီးခဲ့သည့် ၂၀၁၂ နှောင်းပိုင်းတွင် တစ်ကြိမ် သွားရောက် ခဲ့ပြီး ဖြစ်ကာ ထိုစဉ်က ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ များ သွားရောက် ခဲ့ခြင်း မရှိခဲ့ပေ။

ယခု ခရီးစဉ်တွင် ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ တို့ပါဝင် သော်လည်း ကိုယ်စားလှယ် အဖွဲ့၏ အဖွဲ့ ခေါင်းဆောင် အဖြစ်မူ UNFC တွဲဖက် အတွင်းရေးမှူး (၂) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ဦးဆောင်မည် ဖြစ်သည်။

မြန်မာ့ နိုင်ငံရေး အခန်း ကဏ္ဍ တွင်မူ ဂျပန် နိုင်ငံ အနေဖြင့် UNFC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့၏ နိုင်ငံရေး ဆွေးနွေးပွဲ များတွင် Observer (လေ့လာ စောင့်ကြည့်သူ) အနေဖြင့် တက်ရောက်ရန် လက်ခံ သဘော တူကြောင်း အစောပိုင်း ကတည်း ကပင် သဘောထား ပြုထားပြီး ဖြစ်သည်။

အလားတူပင် UN, US, UK, China, Thai နိုင်ငံ များကိုလည်း နိုင်ငံရေး ဆွေးနွေးပွဲ များတွင် Observer (လေ့လာ
စောင့်ကြည့်သူ) များအဖြစ် တက်ရောက်ရန် UNFC မှ ကမ်းလှမ်း ထားပြီး ဖြစ်သည်။

US အနေဖြင့် ၄င်း ဖိတ်ကြား ချက်ကို လက်ခံ သဘောတူကြောင်း ပြီးခဲ့သည့် မတ်လ (၁၃) ရက်နေ့က UNFC ထံသို့ အကြောင်းပြန် ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment