ondragstart="return false" onselectstart="return false"

Friday, February 28, 2014

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစိုးရ စိစစ် တင်ပြရန် လွှတ်တော် တောင်းဆို

ဦးနုခောတ်တုန်းက ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအာဏာကို ဆုခွန်းရယူခဲ့ပါတယ်။ အဲဒီတုန်းက ဦးနုနဲ့ ဘာသာတူ တိုင်းရင်းသားညီနောင်တွေလည်း ထောက်ခံအားပေးခဲ့ကြပါသည်။ ဦးနုက နိုင်ငံတော်ဘာသာကိုလည်း ပေးထားတဲ့ကတိအတိုင်းပြန်ဌန်းပေးခဲ့ပါသည်။ ဒီနေရာမှာ မေးခွန်းလေးကျန်တာက ဦးနုနဲ့ဘာသာတူ တိုင်းရင်းသားတွေ ဘာတွေများရခဲ့ကြလည်းပေါ့၊ ကရင်တွေဆို တောက်လျှောက် အိုးအိမ်တွေဖျက်စီးခံရတယ်။ သတ်ဖြတ်ခံရတယ်၊ အနိုင်ကျင့်ခံရတယ်။ ရွာပေါင်းထောင်နဲ့ချီ ပျောက်ဆုံးသွားတယ်။ ဒုက္ခသည် သိန်းနဲ့ချီ ထွက်လာတယ်။ ဘာသာတူ မွန်တို့ ရှမ်းတို့ လည်း ဘာမှမရတဲ့အပြင် ကရင်လိုပဲဒုက္ခပင်လယ်ဝေခဲ့ကြတယ်။ အဲတာတွေအားလုံးကို သင်္ခန်းစာမယူတတ်သေးရင် ကျနော်တို့ တိုင်းရင်းသားတွေအားလုံး ဒီပွဲလည်း ဆက်ခံအုံးပဲ။ ကရင်နဲ့  ရှမ်းအမျိုးသမီးတွေ ရှေးတန်းမှာ မုဒိန်းကျင့်ခံရတဲ့အချိန်မှာ ကျမ ဒီဘာသာ ကိုးကွယ်ယုံကြသူဘာလို့ ပြောရင်လည်း ဘယ်ခွေးက အလွတ်ပေးခဲ့ဘူးလည်းပေါ့။ အခုလက်ရှိအနေအထားက အကွက်တွေက အရမ်းမြင့်ပြီးလှနေတယ်။ ဘာသာရေးနဲ့ နွယ်နေတော့ သိပ်ပြီး ပွင့်ပွင့်မပြောချင်ဘူး။ ဟိုဖက်ယိုင်ပြီး တက်ကြွနေတဲ့ကိုယ့်လူတွေလည်းရှိနေလို့ ပဲ။

ဒီမျိုးစောင့်ဥပဒေကိစ္စက ကျနော်တို့ တိုင်းပြည်ရဲ့ ပကတိ အဆင့်အတန်းကို ဖေါ်ပြနေတယ်။ ကြောက်စရာတော်တော်ကောင်းနေတယ်။ ထွက်လာမည့်အဖြေက အပေါင်းလက္ခဏာမဟုတ်ဘူးဆိုတာ သေချာတယ်။ နွားခြေရာခွက်ထည့်က ရေအိုင်လေးမှာ စက္ကူ လှေနဲ့  ဇော်ဝင်းထွန်းရဲ့ ငါဟာရွက်လွင့် ဆိုတဲ့သီချင်းဆိုပြီး ချီတက်နေကြတဲ့အလားပဲ။ တိုးတက်နေတဲ့ ကမ္ဘာကြီးက မင်းတို့ ကိုကြည့်ပြီး ရီပေးနေတယ်ဆိုတာ မင်းတို့ သိသွားတဲ့ တစ်နေ့  သိပ်နောက်ကျသွားမယ်တင်တယ်။



ရန်ကုန်တိုင်း သံလျင်မြို့နယ် ပါဒကြီး ကျေးရွာ၌ ပြီးခဲ့သည့် မေလ အတွင်းက ၉၆၉ တရားပွဲတွင် ဟောကြားနေသော မြနန်း ဆရာတော် ဦးသဒ္ဓမ္မ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သမ္မတဦးသိန်းစိန်က အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဥပဒေ ၄ ရပ်ပြဋ္ဌာန်းပေးရန် လွှတ်တော်သို့ တရားဝင် သ၀ဏ်လွှာ စာပေးပို့ တောင်းဆိုခဲ့ရာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အတွက် အစိုးရက စိစစ်တင်ပြရန် လိုအပ်ကြောင်း လွှတ်တော်က ယနေ့ ထုတ်ပြန် ကြေညာ တောင်းဆိုလိုက်သည်။

အမျိုး ဘာာသာ သာသနာ စောင့်ရှောက်အဖွဲ့(ဗဟို) ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒစရိယ ဘဒ္ဒန္တ တိလောကာဘိဝံသက သမ္မတ ဦးသိန်းစိန်ထံသို့ စာတစောင် ပေးပို့ခဲ့ပြီး ယင်းစာတွင် မျိုးစောင့်ဥပဒေ ၄ ရပ်ပြဋ္ဌာန်းပေးရန် ဆရာတော်၊ သံဃာတော်နှင့် နိုင်ငံသား ၁၃ သိန်းကျော်၏ လက်မှတ်များဖြင့် တောင်းဆိုလာကြောင်း၊ ထို့ကြောင့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ တလင် တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိပ်မြားခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ ၄ ရပ် လွှတ်တော်က ပြဋ္ဌာန်းပေးပါရန် သမ္မတဦးသိန်းစိန်က လွှတ်တော် ထံသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

သမ္မတဦးသိန်းစိန် ပေးပို့သော သ၀ဏ်လွှာကို လွှတ်တော်က အကြောင်းပြန်ကြားရာတွင် မျိုးစောင့် ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရာတွင် နက်နဲသိမ့်မွေ့ပြီး အစိုးရက စိစစ်တင်ပြရန် လိုအပ်ကြောင်း၊ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ သည် သာသနာရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ကြောင်း၊လက်ထပ် ထိပ်မြားခြင်းဆိုင်ရာ ဥပဒေနှင့် တလင်တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့်သက်ဆိုင်ကြောင်း၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ပြီး အစိုးရက စိစစ် တင်ပြလျှင် လွှတ်တော်က ဥပဒေပြဋ္ဌာန်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံအတွက် အကျိုးအတွက် ဆောင်ရွက်ပေးမည် ဟု ထုတ်ပြန်ကြေညာသည်။

လွှတ်တော်ကိုယ်စားလှယ်တချို့ကမူ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန် လွှဲချ နေကြပြီး ဥပဒေပြဋ္ဌာန်းရန် ငြင်းဆန်လျှင် ပြည်သူထောက်ခံမှု ကျဆင်းမည်ကို နှစ်ဖက်စလုံးက စိုးရိမ်နေသည့် အခြေအနေ ရှိကြောင်း သုံးသပ်သည်။

“သမ္မတကြီးကလည်း ဒါကို ကိုင်တွယ်ဖို့ တော်တော်ဝန်လေးနေပုံ ရတယ်။ ဒါကြောင့် ဥပဒေပြုရေးမှာ တာဝန်ရှိတဲ့ လွှတ်တော်က လုပ်ပေါ့ဆိုတဲ့ သဘောမျိုးရှိတယ်။ တဖက်ကလည်း လွှတ်တော်ဘက်ကပဲ တာဝန်ရှိတာမဟုတ်ဘူး အစိုးရ ဘက်ကလည်း တာဝန်ရှိတယ်ဆိုပြီး ပြန်ပို့ပေးလိုက်တာပဲ။ တဖက်ဖက်က တာဝန်ခံပြီး လုပ်ဖို့ အခက်အခဲ ရှိနေတဲ့ သဘောပဲ” ဟု အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်မှ သနပ်ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကမူ မျိုးစောင့်ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရန် လုပ်ဆောင်မှုများကို ကြိုဆိုလိုက်ပြီး အစိုးရနှင့် လွှတ်တော်အတွက် ကောင်းမွန်သော လုပ်ရပ်ဟု ပြောဆိုသည်။

နိုင်ငံရေးအသိုင်းအ၀ိုင်းကမူ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ ကြိုးပမ်းလာမှုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိရေး ဗျူဟာ တခုအဖြစ် အသုံးချလာခြင်းဟု ဆိုလျှင်မမှားနိုင်ကြောင်း၊ ဘာသာရေး၊ အမျိုးသားရေးနှင့် နိုင်ငံရေး ရောယှက်ခြင်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အလေးထားသော နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် မဲရှုံးစေရန် စနစ်တကျ စီမံလာခြင်းဟု သုံးသပ်ပြောဆိုကြသည်။

“ကျမတို့ နိုင်ငံမှာ အမျိုး၊ ဘာသာ သာသနာကို စောင့်ရှောက်ဖို့ ဥပဒေပြဋ္ဌာန်းရတဲ့အထိ ကျမတို့ မြန်မာလူမျိုးတွေက မယိမ်းယိုင်သေးပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ ငယ်စဉ်ကတည်းက စိတ်ထဲမှာ ရှိထားပြီးသား။ ဥပဒေ ပြဋ္ဌာန်းစရာမလိုပါဘူး။ အဲဒီတော့ ပြည်သူတွေကို သိစေချင်တာက ဒါက နိုင်ငံရေးလှည့်ကွက်တခုဆိုတာ သိစေချင် ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာရေးကို နိုင်ငံရေး အတွက် ခုတုံးလုပ် အသုံးမချရဆိုတာလည်း ပါထား ပြီးသားပါ´´ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောဆိုသည်။
သူဇာ-ဧရာဝတီ
http://burma.irrawaddy.org/news/2014/02/27/55588.html

2 comments:

Blogger said...

ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ သည် သာသနာရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ကြောင်း၊လက်ထပ် ထိပ်မြားခြင်းဆိုင်ရာ ဥပဒေနှင့် တလင်တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့်သက်ဆိုင်ကြောင်း၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ပြီး သတ္တ၀ါအခြင်းခြကျောသားရင်သားမခွဲခြားဘဲမေတ္တာ ဘ၀နာပွားခြင်းသည် ဘုန်းကြီး တို့ နှင့်သက်ဆိုင်သဖြင့် ကိုယ့်အလုပ်ကိုယ်လုပ်ကြပါရန်...တကယ်လို့  လောကီအရေးဖြစ်တဲ့နိုင်ငံရေး လူမျိုးရေး တိုက်ရေးခိုက်ရေးတွေလုပ်ချင်ပါလျှင် ဘုန်းကြီးပါတီတခုထူထောင်ခြင်း သို့ မဟုတ် လုန်းကြီးလက်နက်ကိုင်အဖွဲ့ တဖွဲ့ ထူထောင်ခြင်း သို့ မဟုတ်လွှတ်တော်တွင် ဘုန်းကြီး ၂၅% ပါရှိခြင်းတခုခုကို အရင်လုပ်ဖို့ လိုအပ်ပါသည်။

သံဃာတော်ကြီးများခင်ဗျား...ဘာသာကူးပြောင်းခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊တလင်တမယားဖြစ်ခြင်း လူဦးရေတိုးပွားနှုန်းထိမ်းညှိခြင်းစသောကိစ္စများသည်လူတဦးခြင်း၏ ဆုံးဖြတ်ပိုင်ခွင့် လူ့ အခွင့်အရေးများဖြစ်သဖြင့်
ဘုန်းကြီးမဆိုထားနှင့် မည်သည့် အစိုးရ မည်သည့်ပါဝါအုပ်စုကမှ ကျူးကျော်ချိုးဖါက်ခွင့်မရှိစေရပါ။
ယခင်က အခြေခံလူ့ အခွင့်အရေးချိုးဖေါက်မှုများကို စစ်အစိုးရက ဒိုင်ခံကျူးလွန်ခဲ့ပါသည်။ ထခုအခါစစ်အစိုးရအစား ဘုန်းကြီးတချို့ က ၀င်လုပ်ကြမည်ဆိုလျှင် တိုင်းပြည်ပျက်ဖို့ သာရှိပါသည်။ ထိုလှုပ်ရှားမှုကို အချိန်မီမရပ်တန့် ပါက
ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ကျန်ဘာသာဝင်အားလုံးအကြားတွင် သွေးမြေကျ အဓိကရုန်းကြီး မလွဲမသွေပေါက်ကွဲထွက်ပေါ်လာပါမည်။ အတွေးအမြင်မြင့်မားသော သံဃာတော်ကြီးများ အတွေးအခေါ်ကျဉ်းမျောင်းသော ထို သံဃာဆိုးတို့ အား သာသနာသြ၀ါဒအရထိမ်းသိမ်းပေးပါရန် မေတ္တရပ်ခံအပ်ပါသည်။

Unknown said...

အပေါ်ကလူ ထောက်ပြသွားဒါ အရမ်းကောင်းတယ်။ ကိုယ့်အလုပ်ကိုလုပ်ကြဒါပဲကောင်းမယ်ထင်တယ်။ ပြသနာက ဗမာပြည်မှာ စာမတတ်ပေမတတ်တွေများတော့ အားလုံးက ဘာသာရေးမှိုင်းတွေမိကုန်တယ်။ ဒီလိုနဲ့  အဏာရှင်တွေလိုချင်တဲ့ ဂွင်ထည့်မှာ ကောင်းကောင်းရောက်သွားနိုင်တယ်။

Post a Comment