ondragstart="return false" onselectstart="return false"

Friday, December 11, 2009

နအဖ စိတ်ဓါတ်စစ်ဆင်ရေးဌာနက ဝ တပ်ဖွဲ့ နယ်မြေတောင်းဆိုမှုကို တန်ပြန်

သောကြာနေ့၊ 11 ဒီဇင်ဘာလ 2009 သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စိတ်ဓါတ်စစ်ဆင်ရေးဌာနက ယခုရက် ပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သည့် တိုင်းလေးလပတ်အစည်းအဝေးတွင် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီက နယ် မြေတောင်းဆိုထားခြင်းကို တန်ပြန်သည့်အနေဖြင့် စစ်တပ်အတွင်း ဝါဒဖြန့်နေကြောင်း သိရသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် မြို့နယ် ၆ ခုကို သတ်မှတ်ထားပြီး ဝ တပ် ဖွဲ့က နယ်မြေများ ထပ်မံ တောင်းဆိုမှုပြုလုပ်ခြင်း အပေါ် စစ်တပ် အောက်ခြေပိုင်း အထိချပြခြင်း ဖြစ်ကြောင်း ရမခ စစ်တပ် အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဗမာစစ်တပ်က ဗကပ ထံမှ တိုက်ခိုက်သိမ်းယူထားခဲ့သော မက်မန်းမြို့နယ်ကို အထူးအခွင့်အရေး ပေးသည့် အ နေဖြင့် ဝ နယ်မြေအဖြစ် ထည့်သွင်းပေးထားသည့် ကြားက ၄င်းတို့နှင့်မသက်ဆိုင်သော နယ်မြေများတောင်းဆို ခြင်းသည်လူပါးဝ ခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု စစ်တပ်နှင့်နီးစပ်သူ တစ်ဦးက ဆိုသည်။

“သူတို့ကို (ဝ) ၆ မြို့နယ်တောင် ပေးထားတယ်ပေါ့ ၁၉၈ဝ ခုနှစ်က (ဗမာတပ်) တိုက်ယူထားတဲ့ မက်မန်းမြို့ကို လည်းပြန်ပေးတယ် ဒီလိုပေးထားရဲ့သားနဲ့ အထွန့်တက်တယ်ပေါ့ဗျာ ဝတွေက သက်သက်လူပါးဝတာ ” လို့ ပြော ဆိုကြောင်း သူက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က တန့်ယန်းမြို့တွင် နအဖစရဖချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် ဝတပ်ဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံစဉ်က မိုင်းပေါက် မိုင်းဖျင် မြို့နယ်နှင့်ထိုင်းနယ်စပ်ရှိ ဝ တပ်ဖွဲ့ တောင်ပိုင်းနယ်မြေများကို ဝ တပ်ဖွဲ့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုစဉ် တောင်းဆိုမှုနောက်ပိုင်း နှစ်ဘက်တင်းမာမှုများဖြစ်ပေါ်လာကာ ဗမာစစ်တပ်မှ ယခုလိုစတင် လုပ်ဆောင်လာခြင်း ဖြစ်ရာ ယခုကိစ္စကို စစ်တပ်အတွင်းတွင် သာမက အများပြည်သူသွားလာရာ ဈေးများအတွင်း စာကပ် ခြင်းကိုပါကျယ်ပြန့် စွာ လုပ်ဆောင် နေကြောင်း သိရသည်။

“နှစ်ဘက်ဈေးပေါ့ နယ်စပ်တွေမှာ မိုင်းယန်းမြို့ထဲမှာတို့ မုံးဖျင်ဈေးတွေမှာ မသိမသာ လာကပ်သွားတာတို့ ဝ တွေ က လူပါးဝတယ်ပေါ့ သူတို့လည်းလူမျိုးကြီးစိတ်ရှိတယ်ဆိုတာတို့ ဝဒေသမှာ လားဟူတွေကို နိပ်စက်တယ် ဆိုတာ တို့ စာတွေတရားမဝင်လိုက်ကပ်တယ် ” လို့ သူက ဆိုသည်။

၁၉၇၁ ခုနှစ်အတွင်းက ဗကပက မိုင်းပေါက် မိုင်းဖျင် ဒေသများကို ဗမာစစ်တပ်ထံမှ တိုက်ခိုက် သိမ်းယူထားခြင်း ဖြစ် ရာ ထိုစဉ်က ထိုဒေသများတွင် လားဟူလူမျိုး အများစုနေထိုင်သော်လည်း ဝအုပ်ချုပ်မှုအောက် နှစ် ၄ဝ ကြာ လာသောအခါ ဝ လူမျိုးက ရာခိုင်နှုန်း ၆ဝ ကျော် ဖြစ်လာကြောင်း သိရသည်။

အဆိုပါ ဒေသများကို စစ်ရေးနှင့်နိုင်ငံရေးအရ တောင်းဆိုခြင်းဖြစ်ကြောင်း ဝ တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး က ယခု လို ပြောပြသည်။

“မုံးပေါက်နှင့် မုံးဖျင် ဒီနှစ်ခု ပြသနာက ဘာလဲဆိုလို့ရှိရင် မုံးဖျင်ကိုပေးလိုက်ရင် ဝနဲ့ မိုင်းလားအဖွဲ့ ဆက်စပ်မှု ပြတ်သွားမယ် နောက်တစ်ခုက မုံးပေါက်မြို့နယ်ကျတော့ မြေအနေအထားအရ ပန်ဆန်း(ဝဗဟို) ကို စီးမိုးထား တယ် ဒါက စစ်ရေးအရ အချက်အခြာကျတဲ့ အကြောင်း တစ်ကြောင်းဖြစ်တယ် ”

“နိုင်ငံရေးအရပြောရရင် မုံးပေါက်နဲ့ မုံးဖျင်က ၁၉၇၁ မှာ လွပ်လပ်ခဲ့တယ် ဒေသအရပြောရင် ဝ ဒေသမဟုတ်ဘူး ဝ အနည်းစုဖြစ်တယ် အများစုက လားဟူဖြစ်တယ် အခုချိန်မှာတော့ လူဦးရေ အရဆိုရင် ဝ ကအများစုဖြစ်သွားပြီ ၂ဝဝ၈ ဖွဲ့စည်းပုံအရဆိုရင် မုံးဖျင်က မုံးယန်းထဲကို ပါသွားတယ် မုံးပေါက်က မုံးခတ်မြို့နယ်ထဲပါသွားမယ် အား လုံးက ကျိုင်းတုံခရိုင်ထဲမှာပဲ ဝ ကနှစ်ပေါင်းများစွာအုပ်ချုပ်လာတဲ့အောက်မှာ လူထုက သူတို့လူထုဖြစ်သွားပြီ ဝ မိသားစုတွေ ဖြစ်သွားပြီ ”လို့ သူက ပြောသည်။

ထိုင်းနယ်စပ်ရှိ ဝ တောင်ပိုင်းတပ်ဖွဲ့နယ်မြေကို ဝတပ်ဖွဲ့မှ တောင်းဆိုရခြင်းမှာ ဗမာစစ်တပ်ထံလက်နက်ချ သွား သည့် ခွန်ဆာတပ်များနှင့် တိုက်ခိုက်ရာတွင် ဝတပ်သား ထောင်ချီ အသက်ပေးရခြင်းနှင့် ရွေ့ပြောင်းသွားသော ဝ တပ်များ၏ စီးပွားရေးအရ ရင်းနှီးမြုတ်နှံမှုများ နယ်မြေတည်ဆောက်ထားမှုများသည် အကြောင်းအရင်း တစ်ခု ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလဆန်းပိုင်းက ဝ ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များကို အောက်ခြေတပ်များသို့ ချပြရာ တွင် ဗမာစစ်တပ်၏ တိုင်းရင်းသားများအပေါ် သွေးခွဲမှုများကို သတိထားရန်နှင့် စည်းလုံးညီညွတ်ကြရန်လည်း ပါဝင် ကြောင်း ၀ အဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

လက်နက်ကိုင်အင်အားတောင့်တင်းသော ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီကို နအဖ ၂ဝဝ၈ ဖွဲ့စည်းပုံက အထူးအခွင့် အရေးပေးခဲ့သော်လည်း ကချင်ပြည်နယ်တွင် သမိုင်းကြောင်းနယ်မြေနှင့် လူမျိုးအခိုင်အမာရှိသော သျှမ်း လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးရရေး ညီလာခံအတွင်း တောင်းဆိုမှုမှာ လျစ်လျှူရှုခြင်းခံခဲ့ရသည်။

No comments:

Post a Comment