ondragstart="return false" onselectstart="return false"

Tuesday, December 15, 2009

တကွက်မှားလျှင် ၂ဝ၁ဝ မှာမြွေပေါက်ခံသွားရနိုင်တယ်

ရန်ငြိမ်းအောင်(လူငယ်)
Monday, December 14, 2009


လက်ရှိ နအဖ ဧ။် နိုင်ငံတကာပေါ်လစီ အပြောင်းအလဲ ဖြစ်လာသည်ကို အားလုံးသိပြီးဖြစ်သည်။ အရင်က အာဆီ ယံ၊ တရုတ်၊ အိန္ဒိယ နှင့် ဂျပန် (လူမှုရေးအကူအညီ) လောက်သာရှိသည်။ အခုတော့ အမေရိကန်အပြင်၊ ဥရော ပသမဂ္ဂနှင့်ပါ ဆက်သွယ်လာပြီ ဖြစ်သည်။ သူ့ရဲ့ကစား ကွက်ကို ချဲ့ထွင်လာသည်ဟု စကားကြီးစကားကျယ် ပြော လို့ရသည်။ အခုအမေရိကန်ကို မကျေနပ်ကြောင်း ပြချင်၍ အီးယူကို သံတမန်ရေးအရ ဆက်သွယ်လိုကြောင်း ပြသ ခြင်း ဖြစ်နိုင်သည်။ တဖက်မှာလည်း တရုတ်နှင့် လူမသိ သူမသိ စကားပြောနေမည်မှာ အမှန်ဖြစ်သည်။ အရင်က နအဖ သည် ချောင်ပိတ်မိသောခွေးနှင့်တူသည်၊ မဲမဲမြင် ရာကို ပြေးကိုက်သည်။ ယခု မဟုတ်တော့။ ပညာတတ် လာသည်။ အရမ်းအဆိပ်ပြင်းသည့်မြွေက အစွယ်ကျိုးချင် ယောင်ဆောင်၍ ခွေနေသည်။ ပြီးလျှင် အားအပျော့ဆုံးသူကို ရုတ်တရက်ထပေါက်၍ ထွက်ပေါက်ရှာသွားမည့် လုပ်ရပ်မျိုးဖြစ်သည်။ မည်သူတွေ အားအပျော့ဆုံး ဖြစ်မည်နည်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းပြည်ပအတိုက်အခံများ တခဲနက်ထောက်ခံ ကြသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုင်းပြည်အတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း စာတ စောင်ရေးပို့ခဲ့သည်။ ရွှေဂုံတိုင်ကြေညာချက်ကို အားဖြည့်လိုက်ခြင်းဖြစ်သည်။ ကောင်းသည်။ ပြဿနာက အဖွဲ့ချုပ်အနေနှင့် ၎င်းတို့ ကိုယ်တိုင်ထုတ်ပြန်ခဲ့သော ကြေညာစာတမ်းကို အားဖြည့်သည့် မည်သည့်လှုပ်ရှားမှုမှ ပေါ်မလာဘဲ ကျောက်ချငုတ်တုပ်ကြီးဖြစ်နေ ခြင်းဖြစ်သည်။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကမူ ဆန်ရှင်ကိုအကြောင်းပြပြီး နိုင်ငံရေးအတွင်းကို အကျယ်ချုပ်မှ တဆင့် ပြန်လည်ဝင်ရောက်ခဲ့သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗမာပြည်နိုင်ငံရေးအတွင်းမှဖယ်ထုတ်မည့် နအဖ အကြံပျက်သည့်ကိန်းဖြစ်သည်။ သူမဧ။်ရပ်တည်ချက်က ရှင်းလင်းပြတ်သားသည်။ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိမည်ဆို လျှင် ဘာဖြစ်ဖြစ်လုပ်လိမ့်မည်။ လိုအပ်ရင် ပါတီဖျက်သိမ်းသင့်က ဖျက်သိမ်းပစ်ရမည်ဟု မိန့်ခွန်းတခုတွင်ပြောဖူးသည်။ ဒီတော့ သူမ သည် အားပျော့သည့်အထဲတွင် မပါ၊ သမိုင်းတွင် မြွေပေါက်ခံရကိန်းမရှိ။

နေအိမ်အကျယ်ချုပ်ကျခြင်း၊ အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခွင့် မရခြင်းတို့ကြောင့် အဖွဲ့ချုပ်က သီး ခြား၊ ဒေါ်အောင်ဆန်းစုကြည်က သီးခြားဖြစ်သွားသည်။ သီအိုရီအရ မဖြစ်သည့်တိုင် လက်တွေ့မှာဖြစ်သည်။ အဖွဲ့ချုပ်သည် လူတန်း စားအသီးသီးနှင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပညာတတ်၊ ပညာချို့ငဲ့၊ လယ်သမား၊ ရှေ့နေ၊ ဆေးဆရာ၊ ပြီးတော့ သတင်းပေး၊ စုံလင်လှ သည်။ ပရိုပိုဆယ်နိုင်ငံရေးသမားရှိသလို၊ အိတ်စိုက်နိုင်ငံရေး သမားများလည်းရှိသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေပြီဆိုလျှင် အဖွဲ့ချုပ်တွင် စီအီးစီနှင့် နီးစပ်သူသည် သြဇာအာဏာရှိသူ ဖြစ်လာသည်။ အဖွဲ့ချုပ်ဧ။် ဖွဲ့စည်းတည်ဆောက်ပုံက မ ကျစ်လစ်။ ကျစ်လစ်မလိုလို ဖြစ်လာရင်လည်း နအဖက တိုက်ခိုက်သည်နှင့် မဖြစ်နိုင်ဖြစ်နေသည်။ တဖက်ကကြည့်လျှင်လည်း အရေး ကြီးသော ကိစ္စရပ်များ (ဥပမာ-ရွှေဂုံတိုင်ကြေညာချက်) တွင် အဖွဲ့ချုပ်ခေါင်းဆောင်များ သေချာစဉ်းစား ဆောင်ရွက်သည်။ နိုင်ငံတကာ နှင့် အခြားအင်အားစုများဧ။်ဆန္ဒကို ထည့်တွက်သည်ကိုတွေ့ရသည်။ သို့သော် တိကျသော အက်ရှင်ပလန် မရှိခြင်း၊ ညီညွတ်သော နောက်ပါအင်အားစု မဖန်တီးနိုင်ခြင်းတို့ကြောင့် အဖျားရှူးသွားတတ်သည်။ နအဖ ဆီက တခုခုမျှော်ကိုးရင်း အလံနီသစ္စာဖောက် သခင်တင်မြတို့လို ဖြစ်သွားနိုင်သူတွေ အဖွဲ့ချုပ်အတွင်းမှာရှိနေသည်။ ရွေးကောက်ပွဲဝင်မည်ဆိုသည်နှင့် အဖွဲ့ချုပ်မှနုတ်ထွက်ပြီး ရွေး ကောက်ပွဲကိုဆန့်ကျင်မည့်သူများလည်း ဒုနှင့်ဒေး ရှိသည်။ ဒါကြောင့် အားနည်းသူမှာ အဖွဲ့ချုပ်ဖြစ်သွားနိုင်သည်။ သတိကြီးကြီး မ ထားလျှင် သမိုင်းမှာမြွေပေါက် ခံရနိုင်သည်။

နအဖ သည် ရွေးကောက်ပွဲမတိုင်မှီ နိုင်ငံရေးကို စိတ်မဝင်စားပါ။ စိတ်ဝင်စားလို့လည်း မဖြစ်။ သူတို့နိုင်ငံရေး နှစ်နေရာမှာ ရှိနေသည်။ နိုင်ငံတကာနှင့် တိုင်းရင်းသားအရေးတွင်ဖြစ်သည်။ ဒီနှစ်ချက်ကိုကြည့်လျှင် လက်ရှိလုပ်ပေးနေသော လိုက်လျောမှုအချို့သည် လိမ် နေတာဖြစ်သည်။ တိုင်းရင်းသားအချို့ အငိုက်မမိဖို့ လိုအပ်သည်။ အငိုက်မိသည့် ငြိမ်းအဖွဲ့ပဲဖြစ်ဖြစ် လက်နက်ကိုင်ပဲဖြစ်ဖြစ် သမိုင်းတ ရားခံဖြစ်သွားနိုင်သည်။ ကချင်အဖွဲ့ နအဖကိုရင်ဆိုင်သည့် ဗျူဟာကို အားကျနေသည့် တိုင်းရင်းသားအဖွဲ့များရှိသည်။ သူများနှင့်လိုက် သည့် စတိုင်လ်က ကိုယ်နှင့်လိုက်ချင်မှလိုက်မည်။ ဒီကေဘီအေကတော့ မြွေအကြိမ်ကြိမ်အကိုက်ခံနေရပြီဖြစ်သည်။ ကေအန်ယူက ဆေးကုနေရသည်။ ဝတပ်ဖွဲ့လည်း သိသိကြီးနှင့် အကိုက်ခံရမည့်သဘောဖြစ်သည်။ သို့သော် တရားဝင်ရွေးကောက်ပွဲတွင် အနိုင် ရ ထားသော တိုင်းရင်းသားပါတီများဧ။်ရပ်တည်ချက်မှာ ယခုအချိန်အထိ မှန်ကန်နေသောကြောင့် သူ့လူနာနှင့် သူ့ဆေးဆရာဖြစ်လာစ ရာ ရှိသည်။ မြွေပေါက်ခံနိုင်ကိန်းကို ကျော်လွှားနိုင်သည့် အခြေအနေရှိသည်။ ယတိပြတ်တော့ ပြောလို့မရပေ။

ရွေးကောက်ပွဲဝင်သည့်သူသည် သမိုင်းတရားခံဖြစ်မည်ဟု အတိအလင်းပြောချင်သည်။ တတိယအင်အားစုဟု အမည်တွင်သူများ၊ နအဖဧ။် အခါပေးရှေ့နေမောင်စူးစမ်း စသည်တို့က စပေ့စ်အကြောင်းကို တွင်တွင်ကျယ်ကျယ် ပြောနေကြသည်။ သနားစရာကောင်း တာက ၂ဝ၁ဝ သာနီးလာသည်၊ သူတို့ပြောသည့်စပေ့စ် ဘယ်နားမှန်းမသိ။ ဦသုဝေကတော့ ပါတီစည်းရုံးရေးလုပ်ငန်းကို တရားမဝင် လုပ်နေရသည်ဟုဆိုသည်။ ဦးသုဝေနှင့်အေးလွင်တို့ ရပ်တည်ချက်ခြင်း ဒီနေရာမှာကွဲသည်။ အေးလွင်က နအဖ ဘက်တော်သား။ ဦးသုဝေက စပေ့စ်ကိုယုံကြည်သူ။ မည်သို့ပင်ဖြစ်စေ စပေ့စ်သမားတွေတောင် တရားဝင်လုပ်မရဖြစ်နေသည်။ အေးလွင်တို့လုပ်သည် ကိုတော့ မသိချင် ယောင်ဆောင်နေသည်။ နအဖဧ။် အတိုက်အခံအတွင်း ပြည်သူလူထုအတွင်း သွေးခွဲသပ်လျိုသည့်လုပ်ငန်း အောင် မြင်သည် ဟုပြောရမည်။ တတိယအင်အားစုများကတော့ ယခုကတည်းက အဆိပ်သင့်နေပြီဖြစ်သည်။ သို့သော် ဒီလောက်ကြီးမစိုးရိမ် ရ၊ ဗမာပြည်နိုင်ငံရေးသဘာဝကိုက ဆင်သွားမှလမ်းဖြစ်သည်။ ဘယ်သူဘာနေနေ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်း ရွှေက မလုပ်ချင်လျှင် ဘာမှဖြစ်မည်မဟုတ်။ ပုဇဉ်းရင်ကွဲတွေလိုသာ ဖြစ်နေမည်။ မောင်စူးစမ်းနှင့် သခင်တင်မြအကြောင်းကိုတော့ ကွန်မြူနစ်ပါတီက ကောင်တာပြန်ပစ်သည်၊ အားရသည်၊ လူငယ်များအတွက် တကယ်အကျိုးရှိသည်။ သမိုင်းကြောင်းကို ပြန်လှန်ပြ သည့်အတွက် သင်ခဏ်းစာများရသည်။ သို့သော် ကွန်မြူနစ်ပါတီအနေနှင့် ဒီထက်ပိုမိုပြီး ပြည်တွင်းအတိုက်အခံအင်အားစုများနှင့် ပူး ပေါင်းဆောင်ရွက်သင့်သည်။ လူထုလှုပ်ရှားမှုများဖြစ်ပေါ်လာအောင် အကြံညဏ်ကောင်းများပေးနိုင်မည်ဟု ယူဆသည်။ မဆလ တိုက်ခဲ့သည့် ဝါဒမှိုင်းကို ဖြေရှင်းပေးနေသည့်အဆင့်ထက် ပိုပြီးဆောင်ရွက်စေလိုသည်။

ဗမာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေအပြင် တကယ်အရေးပါသည့် အင်အားစုတရပ် ရှိနေသေးသည်။ မျိုး ဆက်သစ်လူငယ်များဖြစ်သည်။ ထောင်ထဲဘယ်သူမှ မဝင်ချင်ကြပေ။ ဒီတော့ တခြားနည်းလမ်းကို ရွေးရမည်။ အရင်းနည်းနိုင် သမျှ နည်းနည်းနှင့် အမြတ်များနိုင်သမျှများများ ရအောင်လုပ်ရမည်။ ဦးဝင်းတင်ပြောသည့် နိုင်ငံရေးပုံစံသစ်ကို ဂရုပြုရမည်။ တူတာတွေကို အတူတူလုပ်ပြီး မတူတာတွေကိုခွဲလုပ်ရမည်။ သေချာတာက နိုင်ငံရေးစကားလုံးတွေ ပြောနေမှ နိုင်ငံရေးမဟုတ်။ သူငယ်ချင်းအချင်း ချင်းကြား မိသားစုကြားမှာ သြဇာသက်ရောက်နေအောင် လုပ်ခြင်း၊ ပတ်ဝန်းကျင်ရပ်ကွက်အတွင်းငယ်ပေမဲ့ အကြည်ညိုခံရအောင် နေ ထိုင်နိုင်ခြင်းတို့လဲ နိုင်ငံရေးဖြစ်သည် ဆိုတာကိုသိရမည်။ အချင်းချင်းစည်းရုံးရမည်။ တွေ့ဆုံဆွေးနွေးရေးလုပ်မလိုလို အသံကြားသည် နှင့် ရေစုံမျှောလိုက်သည့်အကျင့်ကိုမဖျောက်လျှင် မြွေပေါက်ခံရကိန်းရှိသည်။ ဒီတော့ ကိုယ့်အလုပ်ကိုယ်လုပ်ရမည်။ စည်းရုံးရေးနှင့် လူငယ်အချင်းချင်း ပညာပေးရေးဖြစ်သည်။ သိုသိုသိပ်သိပ်နှင့် အရံသင့်စည်းလုံးညီညွှတ်သော အင်အားတရပ်ကို ထူထောင်ထားရ မည်။

ဦးသန်းရွှေအခြေအနေမဟန်သည်နှင့် လုပ်သင့်လုပ်ထိုက်သည်များကို သွက်သွက်လက်လက် ထက်ထက်မြက်မြက်လုပ်ရမည်။ ဒါကြောင့် လူငယ်တိုင်း နိုင်ငံရေးအခြေအနေနှင့် အကြမ်းမဖက်နည်းနာများကို လေ့လာထားရမည်။ နိုင်ငံတကာကိုလည်း အာရုံထားရ မည်။ အန်အယ်လ်ဒီလူငယ်များ ပိုအရေးကြီးပါသည်။ ရာထူးကြီးသလို တာဝန်လည်းကြီးသည်ကိုသတိရပါ။ လူငယ်အချင်းချင်း (အာ ဏာရှင်စနစ်ဖယ်ရှားရေး) အတွက် ညီညွတ်ရေးကျယ်ပြန့်ခိုင်မာအောင် လုပ်ထားသင့်ပါသည်။

တဆင့်တက်လျှင် လူကြီးလူငယ်ညီညွတ်ရေး ရာနှုန်းပြည့်မရတောင် ၇ဝ ရာနှုန်းရအောင် တည်ဆောက်ရပါမည်။ ညီညွတ်သော အင် အားစုတခုကသာ ရုတ်တရက်ပေါ်လာမည့်နိုင်ငံရေးဟာကွက်ကို ဖြည့်နိုင်မည်ထင်ပါသည်။ ထိုအင်အားစုသည် လူငယ်တို့ဧ။် ညီညွတ် မှု စည်းရုံးမှုတို့အပေါ် အခြေခံမည်ဖြစ်သည်။
နေ့ သစ်သတင်းစာမျက်နှာမှ

No comments:

Post a Comment