ondragstart="return false" onselectstart="return false"

Saturday, December 12, 2009

နယ်ခြားစောင့်တပ်လက်ခံသည့် အပစ်ခတ်ရပ်အဖွဲ့များ ကိုယ်ပိုင်အခွင့်အရေး ဆုံးရှုံးနိုင်

Sat 12 Dec 2009, မိကျလွန်းထော

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များဖြစ်သည့် ကချင် (NDAK)၊ ကရင်နီ (ကလလတ) တို့က မြန်မာစစ်အစိုးရ လိုလားသည့် နယ်ခြားစောင့်တပ်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက်ပိုင်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကိုးကန့်အဖွဲ့တို့လည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းလိုက်ခြင်းသည် ၄င်းတို့၏ ကိုယ်ပိုင်အခွင့်အရေးများ ဆုံးရှုံးသွားနိုင်သည်ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှုး နိုင်ဟံသာက ပြောသည်။

“အခုချိန်မှာ အစိုးရက ရိက္ခာ၊ လစာတို့ ပေးပြီးတော့ လက်ရှိ ကိုယ့်ရဲ့ စစ်ဝတ်စုံတွေကအစ သူတို့ အလိုရှိသလို ပြောင်းလဲလိုက်တယ်၊ သူတို့ရဲ့ အမိန့်ကို နာခံရလိမ့်မယ်၊ ကိုယ့်လူမျိုးအတွက် ကြိုးပမ်းရာကနေ သူ့တို့ရဲ့ အမိန့်ကို နာခံရဘဝ ရောက်သွားခဲ့ရတယ်၊ သူတို့က တဖက်မှာ ထမင်းကျွေးပြီး တဖက်မှာ အမိန့်ပေးနေတယ်၊ ကိုယ့်အတွက် ဘာမှ ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူး၊ ကိုယ့်ရဲ့အမျိုးသားအခွင့်အရေးတွေကိုလည်း အဆုံးရှုံးခံရမှာ အသေချာပဲ” ဟု နိုင်ဟံသာက ဆိုသည်။

နယ်ခြားစောင့်တပ်ခွင့်ဟု အမည်ပေးထားသော်လည်း လက်တွေ့တွင် စစ်အစိုးရ၏ အမိန့်ကိုသာ နာခံရမည် ဖြစ်သည်။ အစဦးပိုင်းတွင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့် ရပိုင်ခွင့်များပေးသော်လည်း နောက်ပိုင်းတွင် ၄င်းတို့အားလုံးကို ပိတ်ပင်မည် ဖြစ်သည်။ အမျိုးသားကာကွယ်ရေးတပ် မရှိလျှင် တိုင်းရင်းသားအခွင့်အရေးတွေလည်း ဆုံးရှုံးနိုင်သည်ဟု နိုင်ဟံသာက ပြောသည်။

မွန်ပြည်သစ်ပါတီမှ အနားယူထားသည့် ဗိုလ်မှုးဟောင်း နိုင်ကောင်းတလရတ်က “စစ်အစိုးရလက်အောက်ကို ရောက်ရှိသွားပြီဆိုရင် သူတို့ရဲ့ အမိန့်အတိုင်း နာခံရတော့မယ်၊ ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ကိုတောင် သူတို့ဖြိုခွဲနိုင်တယ်ဆိုရင် ဒီတိုင်းရင်းသား အဖွဲ့တွေကိုလည်း သူတို့အဖွဲ့ ဖြစ်လာအောင် လုပ်ဖို့က လွယ်လွယ်လေးပါ” ဟု ၄င်း၏အမြင်ကို ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တိုင်းရင်းသားလူမျိုးများကောင်စီ (မြန်မာနိုင်ငံ) ၏ အတွင်းရေးမှုး စောဒေးဗစ်ထော က “နအဖတွေက စစ်ရေးအင်အားပြပြီးတော့ KPF တို့လို၊ ကိုးကန့်အဖွဲ့တို့လို နယ်ခြားစောင့်တပ် လက်ခံအောင် လုပ်နေတာဟာ တိုင်းရင်းသားတွေကို သွေးခွဲတဲ့ နည်းစနစ်တစ်ခု ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု ဆိုပါသည်။

ကိုးကန့်အဖွဲ့ (MNDAA) သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ပြီး မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ဖုန်ကျားရှင် ဦးဆောင်သော ၄င်းအဖွဲ့သည် ၂၀၀၈ ခုနှစ်ကတည်းက စစ်အစိုးရတောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းပယ်လိုက်ပြီးနောက် ပြီးခဲ့သည့် သြဂုတ်လတွင် ၄င်း၏မိသားစုနှင့် နောက်လိုက်ကိုးကန့်တပ်ဖွဲ့များကို မူးယစ်ဆေးဝါးနှင့် တရားမဝင်လက်နက်များ ရှိသည်ဟု အကြောင်းပြပြီး တိုက်ထုတ်ဖြုတ်ချခဲ့သည်။
IMNA သတင်းမှ

No comments:

Post a Comment