ondragstart="return false" onselectstart="return false"

Monday, December 28, 2009

မြန်မာ့ တပ်မတော်တွင်းက ဆရာများရဲ့ အခန်းကဏ္ဍ (အပိုင်း ၂)

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (မဇ္ဈိမ ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။)





ဒုတိယ အခွင့်အရေး ရသူတွေကတော့ လေလှိုင်း စစ်သည်တွေလို့ ကြံဖန် ဂုဏ်ယူတတ်ကြတဲ့ ဆက်သွယ်ရေး အကြပ်တွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဆက်သွယ်ရေး အကြပ်တွေ စက်ထိန်းသိမ်းမှု ညံ့ဖျင်းရင် အရေးပေါ်ကိစ္စတွေမှာ စက်ခေါ်လို့ မရ လောက်အောင် ဒုက္ခရောက်တာ တွေ့ရပါတယ်။ ရှေ့တန်းမှ အရာရှိ စစ်သည်တွေရဲ့ သာရေး၊ နာရေး အုပ်ချုပ်မှုကိစ္စ စတာ တွေကို နောက်တန်းကို အဝင်အထွက်လုပ်ရတဲ့ တခုထဲသောထွက်ပေါက် ဖြစ်တာမို့ ဆက်သွယ်ရေးစက်ကို မှီခိုအားထား နေကြရလို့ ဆက်သွယ်ရေး အကြပ်တွေဟာ အရေးပါလှသူတွေ ဖြစ်ကြပါတယ်။

တပ်မတော်မှာ တပ်ကြပ်ကြီးတွေနဲ့အထက် အရာခံဗိုလ်အထိ အဆင့်တွေကို ဆရာကြီးတွေလို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ Sergeant လို့ ခေါ်တဲ့ တပ်ကြပ်ကြီးတွေဟာ တပ်စုတစုရဲ့ တခြားအဆင့်တွေထဲမှာ အကြီးဆုံးဖြစ်ပြီး သူ့အထက်မှာ အရာရှိသာ ရှိပါတယ်။ သူ့ရဲ့ လက်အောက်မှာ တပ်စိတ် နှစ်စိတ်ကနေ သုံးစိတ်အထိကို ကိုင်တွယ်ခွင့်ရပြီး အတွေ့အကြုံ ရင့်ကျက်လို့ သူတို့ကို နေရာပေးထားခြင်း ဖြစ်ပါတယ်။ အရာရှိတွေကတောင် ဆရာကြီးတွေရဲ့ အကြံဥာဏ်ကို အလေးထား ရပြီး တခြားရဲဘော်တွေ၊ ဆရာတွေရဲ့ အကျင့်သီလ၊ လုပ်ရည်ကိုင်ရည်၊ စွမ်းရည်တွေကိုသိဖို့ သူတို့ကို မေးမြန်းအားကိုး နေရပါတယ်။

အရာရှိတွေဟာ မကြာခဏ ပြောင်းလဲနေကြတာမို့ တခါတရံ တပ်ကြပ်ကြီးတွေက တပ်စုမှူး အရာရှိတွေထက်တောင် ရဲဘော်တွေအပေါ်မှာ သြဇာအာဏာ လွှမ်းမိုးတာ တွေ့ရပါတယ်။ ရဲဘော်တွေက သူတို့ကို ချစ်ကြောက်ရိုသေကြရပြီး စစ်မြေပြင်မှာ သူတို့ဟာ အားအကိုးရဆုံးလည်း ဖြစ်ကြပါတယ်။ တပ်ကြပ်ကြီး ဖြစ်လာရင် တိုက်ခိုက်ရေး တပ်တွေသာမက တပ်ရင်းမှူးရဲ့ အနီးကပ် လက်ဖြောင့်တပ်စိတ် တပ်ကြပ်ကြီးအဖြစ် အရွေးချယ်ခံနိုင်ပြီး ရဲဘော်တွေကတော့ ကွယ်ရာမှာ အဲဒီ “လက်ဖြောင့်တပ်ကြပ်ကြီး” ဟာ တပ်ရင်းမှူးကို “ဖား” ရလွန်းလို့ “လက်ကောက်တပ်ကြပ်ကြီး” လို့ နောက်ပြောင် ခေါ်လေ့ရှိပါတယ်။

အလားတူ ဆက်သွယ်ရေး တပ်ကြပ်ကြီး၊ စရဖ တပ်ကြပ်ကြီး၊ ဆေးဘက်ဆိုင်ရာ တပ်ကြပ်ကြီး၊ မော်တော်ယာဉ် တပ်ကြပ်ကြီး၊ ရိပ်သာတာဝန်ခံ တပ်ကြပ်ကြီး၊ တပ်ရဲ တပ်ကြပ်ကြီး စတဲ့ နေရာကောင်းများစွာရှိပြီး သူတို့ဟာ အစုအဖွဲ့ တခုကို အုပ်ချုပ်ရတဲ့ လုပ်ပိုင်ခွင့်အာဏာ အတော်အတန် ရရှိလာပြီး ဖြစ်ပါတယ်။

ဒီထက်မြင့်တဲ့ နောက်ရာထူး တခုကတော့ တပ်ခွဲတပ်ကြပ်ကြီး (C.Q) ဖြစ်ပါတယ်။ (C.Q) ဟာ တပ်ခွဲတခွဲရဲ့ ရိက္ခာမျိုးစုံ၊ ခဲယမ်း၊ စစ်ဝတ်၊ ဝန်ထမ်း စတာတွေကို ကိုင်တွယ်ရတာမို့ တပ်ခွဲ ထမင်းအိုးကြီးကို “ခွ” ထိုင်ရတဲ့ သူလို့ ရဲဘော်တွေက သတ်မှတ်ကြပါတယ်။ တချို့ (C.Q) တွေဟာ လက်အောက် ရဲဘော်တွေကိုတော့ ရိက္ခာစကေး အပြည့်မပေးလို့ မကြာခဏ ပြဿနာတက်လေ့ရှိတာ တွေ့ရပါတယ်။ ဝက်သားနဲ့ အမဲသား ပေါ်ပြီဆိုရင်လည်း “အသည်းအမြစ် အကောင်းဆုံး အရာရှိစားသုံး၊ ခေါင်းနဲ့ အသား အလွန်များ (C.Q) တွေကဝါး၊ အရိုးအရင်း ကိုက်စရာ ရဲဘော်ပါးစပ်မှာပါ ” ဆိုပြီး ပြောစမှတ် ပြုကြရပါတယ်။

ရဲဘော်တွေရဲ့ စားဝတ်နေရေး ချောင်လည်မှု ရှိ/မရှိ ဆိုတာဟာ တပ်ခွဲမှူးနဲ့ (C.Q) အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ရဲဘော်တွေ ထွက်ပြေးရင်ဖြစ်ဖြစ်၊ ခွင့်ပြန်ရင်ဖြစ်ဖြစ်၊ သင်တန်းတက်ရင်ဖြစ်ဖြစ် သူတို့ရဲ့ရိက္ခာ၊ ရိက္ခာစိုငွေနဲ့ စစ်ဝတ်တွေကို “ဗုန်း” ဖို့ ချောင်းနေတဲ့ သူတွေကတော့ (C.Q)၊ တပ်ခွဲမှူးနဲ့ လစာကြပ်တို့သာ ဖြစ်ကြပါတယ်။ ရိက္ခာစား အင်အား ဇယားချုပ်ကို နေ့စဉ်ကိုင်တွယ် ရေးဆွဲနေပြီး လိုတိုးပိုလျော့ကာ ဂဏန်းပေါင်းစက်နဲ့ နပမ်းလုံး နေသူမှာ (C.Q) တွေသာ ဖြစ်ပါတယ်။

တချို့တပ်ကြပ်ကြီးတွေကတော့ ပြဿနာဖြစ်မှာ စိုးရိမ်လို့ (C.Q) တာဝန်ကို မယူချင်တော့ဘဲ ဒုအရာခံဗိုလ် တန်းဖြစ်ချင်သူတွေလည်း ရှိကြပါတယ်။ ဆက်သွယ်ရေး၊ စရဖ၊ အနီးကပ် လုံခြုံရေး လက်ဖြောင့်ဆိုင်ရာ တပ်ကြပ်ကြီးတွေဟာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေနဲ့ တိုက်ရိုက်လုပ်ကိုင်နေရသလို အထက်ဌာနတွေနဲ့လည်း ဆက်သွယ်လုပ်ကိုင်ပေး နေရလို့ အာဏာလက်စောင်းထက်သူတွေ ဖြစ်ကြပါတယ်။

တပ်ရင်းမှူးတွေဟာ တပ်အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို သိရှိဖို့ လူယုံတွေကို ဆရာကြီးတွေကို မွေးထားတတ်ကြသလို နေရာကောင်းပေးကာ သူကောင်းပြုထား တတ်ကြပါတယ်။ အဲဒီဆရာကြီးတွေရဲ့ ဇနီးမယားတွေကလည်း တပ်ရင်းမှူးကတော်နဲ့ ပနာသင့်ရတဲ့အပြင် အချိန်ပြည့် သွားရောက်ကာ ဝေယျာဝစ္စ လုပ်ပေးကြရပါတယ်။ ဇနီးမယားတွေဟာ တပ်တွင်းအောက်ခြေက သတင်းတွေကိုလည်း တင်ပြကြရပါတယ်။ အခုဆိုရင် တချို့တပ်တွေမှာ တပ်ရင်းမှူးကတော်တွေတောင် ရုံးခန်းသီးသန့်ဖွင့်ကာ နေ့စဉ် ဓာတ်ဆီ သုံးစွဲမှု၊ ရိက္ခာအနေအထား၊ တပ်တွင်းသာရေး နာရေးကိစ္စတွေ၊ တပ်တွင်း စီးပွားရေး လုပ်ငန်းတွေကို စီစဉ်ညွှန်ကြားနေတာကို အံ့သြစဖွယ် တွေ့မြင်နေရပါတယ်။

ဒါတွေကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် တပ်တွင်းအောက်ခြေမှာ တပ်ရင်းမှူး ဇနီးမောင်နှံနဲ့ အဆင်ပြေမှသာ နေရာကောင်း ရရှိကာ အဆင်ပြေနိုင်ပါတယ်။ အဆင်ပြေတဲ့သူဆိုတာလည်း လက်ချိုးရေတွက်လို့ ရသလို စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား၊ ဘဝကို မနည်းရုန်းကန် လှုပ်ရှားးနေကြရပါတယ်။ မွန်းကျပ်မှုနဲ့ အမိန့်၊ အာဏာအောက်မှာ ထွက်ပေါက်ပိတ်ရင်း နား၊ မျက်စိလည်း အပိတ်ခံထားကြရပါတယ်။ ဒ့ါကြောင့် တပ်တွင်းအောက်ခြေမှာ အရေးပါလှတဲ့ ဆရာတွေကို စည်းရုံးရင်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်နိုင်ကြဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။

No comments:

Post a Comment