ondragstart="return false" onselectstart="return false"

Thursday, December 24, 2009

မြစ်ကြီးနားတွင် မနောပွဲ ကျင်းပရန် ပြင်ဆင်နေ

Thursday, 24 December 2009 15:24 ရှောင်ဆန့်

ကချင် တိုင်းရင်းသားများ၏ မနောပွဲတော်ကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ဇန်န၀ါရီလ ၅ ရက် နေ့မှ ၁၁ ရက်အထိ ကျင်းပရန် ပြင်ဆင်နေကြသည်။

မနောအက ကို ၈ ရက် မှ ၁၁ ရက်နေ့ အတွင်း ကသွားမည်ဖြစ်ပြီး အစောပိုင်းရက်များတွင် အားကစားပွဲများ၊ ကချင်ရိုးရာ အက များနှင့် တခြားတိုင်းရင်းသားများ၏အကများဖြင့် တင်ဆက်သွားမည်ဟု ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ တာဝန်ခံတဦး က ပြောသည်။

မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ကချင်မနောပွဲတခု (ဓာတ်ပုံ - gumkhaia.blogspot.com)

“ဒီမနောပွဲကို ကချင်တိုင်းရင်းသား တွေသာမက တိုင်းနဲ့ ပြည်နယ်က ဧည့်သည်တွေ၊ တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံခြားက ဧည့်သည်တွေ အယောက် ၆၀၀၊ ရ၀၀ လောက်တော့ လာမယ်လို့ ခန့်မှန်းထား ပါတယ်”ဟု အဆိုပါ တာဝန်ခံက ပြောသည်။

ကချင် မနောပွဲဆိုသည် မနောဦးဆောင်သူ၏ နောက်မှ လူတန်းစား ပေါင်းစုံ မရွေး၊ ဘာသာမရွေး စည်းစည်း လုံးလုံး ညီညီ ညွတ်ညွတ် ၀ိုင်းဝန်း ကကြရသည့် စည်းလုံး ညီညွတ်သော အင်အားကို ဖော်ဆောင်သော အက ဖြစ်သည်။ လူပေါင်း ထောင်နှင့် ချီပြီး ကပွဲတွင် ပါဝင်နိုင်ခြင်းသည် ကချင် မနောပွဲတော်၏ ထူးခြားချက် ဖြစ်သည်။

“နိုင်ငံတော်ရဲ့ လူမှုရေးဦးတည်ချက် (၄) ရပ်မှာပါတဲ့အတိုင်း ကျနော်တို့ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ဖော်ထုတ် ထိန်သိမ်းဖို့၊ ကချင်ရိုးရာ အတီးအမှုတ်ပြိုင်ပွဲလည်း ပါဝင်ဖို့ ရှိတယ်၊ ကျန်တဲ့ အစီအစဉ် တွေကတော့ အရင်နှစ်တွေက အတိုင်းပဲ ဖြစ်မယ်” ဟု အထက်ပါ ပွဲကျင်းပရေး တာဝန်ခံက ပြောသည်။

“၁၉၄၈ ဇန်န၀ါရီလ ၁၀ ရက်နေ့ကစပြီး ကချင်ပြည်နယ်နေ့ နဲ့ မနောပွဲက ပေါင်းပြီးကျင်းပလာတာပါ” ဟု သူက ပြောသည်။ ဇန်နဝါရီလတွင် ကျရောက်မည့် ၆၂ နှစ် ပြည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် မနောပွဲကို ပြုလုပ်ခြင်းဖြစ်သည်။

ယခုနှစ် မနောပွဲကို ကချင်လူမျိုးပေါင်းစုံ ရိုးရာယဉ်ကျေးမှု အဖွဲ့ ချုပ်က ဦးစီးကျင်းပခြင်း ဖြစ်သည်။ ပွဲတော်သို့ တက်ရောက်မည့် ဧည့်သည်တချို့ကို ဧရာဝတီမြစ်ဘေးတွင် ကချင်ရိုးရာနည်းအတိုင်း တည်းခိုနိုင်ရန်အတွက် ကောက်ရိုးပုံပေါ်တွင် ဖျာခင်းထားသည့် တည်းခိုဆောင်များ စီစဉ်ထားကြောင်းလည်း သိရသည်။

မနောကွင်း ၀င်ကြေးများ ပေးဆောင်ရန်မလိုဘဲ မည်သူမဆို လွတ်လွတ်လပ်လပ် လာရောက်လေ့လာနိုင်ကြောင်းနှင့် အခမ်း အနားပွဲ နေ့စဉ် အစီအစဉ်များကို ကချင်၊ အင်္ဂလိပ်၊ မြန်မာ၊ တရုတ် ဘာသာများဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယမန် နှစ်က ပြုလုပ်သည့် မနောပွဲတွင် ဂျာမနီ၊ ဂျပန်၊ အစ္စရေး၊ မလေးရှား၊ နော်ဝေ စသည့် နိုင်ငံများမှ သံတမန်များ တက်ရောက်ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့  (ကေအိုင်အို) မှ အင်အား ၁၀၀၀ ခန့် နှင့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေကေ) အဖွဲ့ဝင်များလည်း တက်ရောက်သည်ဟု သိရသည်။
ဧရာဝတီသတင်းမှ

No comments:

Post a Comment