ondragstart="return false" onselectstart="return false"

Tuesday, May 11, 2010

ကေအိုင်အိုမှ နုတ်ထွက်သူများ၏ နိုင်ငံရေးပါတီ (၂) ခု တည်ထောင်ခွင့် မရသေး

KIO မှ ဒေါက်တာ တူးဂျာနှင့် ဦးချန်းခေါလို စစ်ယူနီဖေါင်းချွတ်ပြီး ရွေးကောက်ပွဲဝင်မယ် လို့ အစကတည်းက ကမ္ဘာသိ ကြေငြာခဲ့တဲ့ ကချင်နိုင်ငံရေးသမားများနဲ့ ဖွဲ့ ထားတဲ့ ကချင်နိုင်ငံရေးပါတီနှစ်ခု ကိုတော့ ခုချိန်ထိ ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုသေးဘူး… ဗိုလ်ချူပ် သိန်းစိန်နဲ့ နောက်လိုက်ခွေး (၂၀)ကျော် ယူနီဖေါင်းချွတ်ပြီး ကြံ့ဖွံ့ ပါတီခေါင်းဆောင်တွေအဖြစ် ပြောင်းလာဒါတော့ရပြန်တယ်…

ကျနော်တို့ ပိုစ်တင်ရင်းနဲ့  အားပါးတရ အော်ပြီးရယ်ပစ်လိုက်ချင်တယ်.. ဘယ့်နှယ့်လဲဗျ…. ပေါ်တင်ကြီးပါလားနော်…

ခေတ်အဆက်ဆက် ဗမာ့နိုင်ငံရေးလောကမှာ မင်းတို့ တိုင်းရင်းသားတွေကို လိမ်လည်လည့်ဖြားလာ ဒါကို ပိုပြီး ခိုင်လုံသွားအောင် မင်းတို့ လုပ်ပြနေဒါလား.. လင်းတ(လတ) စစ်ဗိုလ်ချူပ်ကြီးများရေ…..
ကချင်ပြည်နယ်မှာ နိုင်ခြေရှိတဲ့ ကချင်ပါတီနှစ်ခုကို ကန်ထုတ်ပစ်ပြီး ကြံ့ဖွတ်ပါတီကြီးက ဂုဏ်ယူဝင်ကြွားစွာနဲ့  ငါတို့ ကချင်ပြည်နယ်မှာ အနိုင်ရပါသည်ဆိုပြီး သတင်းစာမှာ စာလုံးမည်းကြီးတွေနဲ့  လိမ်စားကြအုံးမှာပေါလေ….

ကချင်နိုင်ငံရေး ပါတီများ ဘုရားသခင်ကောင်းကြီးပေးပါစေ ကာကွယ်စောင်မှပါစေဗျာ.. ဒါမှမဟုတ်ရင် မြစ်ဆုံ ဗုံးပေါက်မှုနဲ့ မင်းတို့ ကို ပေးစားပြီး မင်းတို့ ကို၂၀၁၀ ရွေးကောက်ပွဲ(အရူးမကိုလင်လုပ်တဲ့ပွဲ) လေးတောင် ၀င်ခွင့်ပြုတော့မှာမဟုတ်ကြောင်း… မြင်ယောင်မိပါသည်။

ခိုင်လင်း / ၁၁ မေလ ၂၀၁၀


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ နုတ်ထွက်ထားသူများ နိုင်ငံရေးပါတီထူထောင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်ရန် ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့သော်လည်း မှတ်ပုံတင်ခွင့်ပြုချက် ကျမလာသေးဘဲ ဖြစ်နေသည်။

ဧပြီ (၅) ရက်နေ့စွဲဖြင့် လျှောက်ထားခဲ့သည့် ကေအိုင်အို ဒု-ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ၏ ကချင်ပြည်နယ် တိုးတက်ရေးပါတီနှင့် ဧပြီ (၂၃) ရက် နေ့စွဲဖြင့် လျှောက်ထားခဲ့သည့် ကေအိုင်အိုအဖွဲ့မှ နိုင်ငံရေးမှူးဟောင်း ဦးချန်းခေါ၏ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီတို့အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ရန် ယနေ့အထိ ခွင့်ပြုချက်မပေးသေးဘဲ ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း ထိုပါတီ တည်ထောင်သူများနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “သူ့ထက် ရက်အတော်နောက်ကျမှ လျှောက်တဲ့ ပါတီတွေတောင် မှတ်ပုံတင်ခွင့်ကျလို့ တရားဝင် စည်းရုံးလှုပ်ရှားတာတွေ လုပ်နေတယ်။ ဒေါက်တာတူးဂျာတို့ ပါတီတွေကျတော့ အခုထိ ခွင့်မပြုတဲ့အပေါ် ကချင်နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ သို့လော သို့လော ဖြစ်နေကြတယ်။ လူထုတွေထဲ ဟောပြောစည်းရုံးလှုပ်ရှားမှုအချိန် စောစော မပေးချင်တာလား ဒါမှမဟုတ် ပါတီကို မှတ်ပုံတင်ခွင့် မပေးတော့ဘူးလားဆိုတာ နိုင်ငံတော် အစိုးရအပေါ်လည်း နည်းနည်း သံသယ ရှိလာနေကြတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီတို့တွင် ပါဝင်ကြသူများသည် ကေအိုင်အို အဖွဲ့ဝင်ဟောင်းများဖြစ်သည်နှင့်အညီ ကေအိုင်အိုအဖွဲ့၏ နိုင်ငံရေး၊ စစ်ရေးအရ သတ်မှတ်ထားသည့် နယ်မြေများကို ကိုယ်စားပြုကာ ပါတီအမည် ပေးထားခြင်းဖြစ်ကြောင်း ထိုပါတီများနှင့် နီးစပ်သူက ပြောသည်။

ကေအိုင်အိုအဖွဲ့က နအဖကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ခြွင်းချက်မရှိ သဘောတူခြင်းမရှိသကဲ့သို့ အဆိုပါအဖွဲ့မှ နုတ်ထွက်ထားသူများ၏ ပါတီများသည်လည်း ကေအိုင်အို၏ ငွေကြေးထောက်ပံ့မှု ရရှိနေသည်ဟု နအဖဘက်က ယူဆပုံရသဖြင့် ဆိုင်းငံ့ထားပုံရကြောင်း နိုင်ငံရေး အကဲခတ်တဦးက ပြောသည်။

၎င်းက “နအဖ အဓိကလိုချင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကျတော့ လက်မခံသေးဘူး။ နယ်ခြားစောင့် ကမ်းလှမ်းတုန်းက ပါတီဖွဲ့ ရွေးကောက်ပွဲဝင်ဖို့လည်း ပြောခဲ့တာပဲ။ အခုလို ဒေါက်တာတူးဂျာတို့ ပါတီထောင်တော့လည်း ဆိုင်းငံ့ထားတယ်ဆိုတာက အဲဒီအပေါ်မှာ အစာမကြေတာလည်း ဖြစ်မယ်။ နောက်တခုက အခုလို နယ်ခြားစောင့်တပ်ကိစ္စ မပြတ်သေးတဲ့အချိန်မှာ ပါတီလုပ်ငန်းအနေနဲ့ လူစုလူဝေးနဲ့ ဟောပြောစည်းရုံးတာ၊ လှုပ်ရှားတာတွေ လုပ်လာမှာကိုလည်း နအဖက ကြိုက်ပုံမရဘူး” ဟု ပြောသည်။

နအဖဘက်က ကချင်ပြည်နယ်အတွင်း မဲဆန္ဒနယ်မြေများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသာ အနိုင်ယူရန် ရည်မှန်းထားကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကိုသာ ခွင့်ပြုလိုပုံရပြီး အထူးသဖြင့် ကေအိုင်အိုနှင့် ဆက်နွှယ်သည့် ပါတီအား မဲအနိုင်မပေးချင်သည်မှာ ထင်ရှားသည်ဟု ယင်းနိုင်ငံရေးအကဲခတ်တဦးက ပြောသည်။

၎င်းက “တစည ဆိုတာကလည်း အရင် မဆလပါတီကောင်စီ လူဟောင်းတွေ။ အရင်ကရှိတဲ့ လူအတော်များများလည်း သေတဲ့လူ သေကုန်ပြီ။ အခုချိန်မှာ မျိုးဆက်သစ်က မရှိတော့ဘူး။ ကြံ့ဖွံ့ကျတော့လည်း ဒီကလူတွေက ကြိုက်ကြတာ မဟုတ်ဘူး။ မှန်မှန်ကန်ကန် ရွေးကောက်ပွဲလုပ်ကြည့်လိုက်၊ ကြံ့ဖွံ့မဲမရဘူး။ အဲလိုအချိန်မှာ ကြံ့ဖွံ့ကို မဲမထည့်ချင်တဲ့အတွက် ကချင်တွေရဲ့ ပါတီကိုသာ မဲပေးလိုက်ရင် နအဖက အထိနာမှာ။ ဒါကြောင့် ကချင်ပါတီကို မှတ်ပုံတင်ခွင့် ပေးချင်မှ ပေးမှာ။ ပေးရင်လည်း အချိန်နည်းနည်းပဲ စည်းရုံးလှုပ်ရှားခွင့်ပေးပြီး ဒေါက်ထောက် ကြည့်နေမှာ” ဟု ပြောသည်။

မေလ (၆) ရက်အထိ နိုင်ငံရေးပါတီအသစ်ပေါင်း (၃၁) ခုအထိ ပါတီမှတ်ပုံတင်လျှောက်ထားရာ (၂၇) ပါတီ ခွင့်ပြုချက် ရရှိခဲ့ပြီး မကြာသေးမီရက်ပိုင်းက လျှောက်ထားခဲ့သည့် ပါတီ (၂) ခုနှင့် ကေအိုင်အိုအဖွဲ့ဝင်ဟောင်းများ၏ ပါတီ (၂) ခုတို့မှာ မှတ်ပုံတင်ခွင့်ပြုချက်မရဘဲ ဆိုင်းငံ့ခံထားရသည်။
ခေတ်ပြိုင်မှ

No comments:

Post a Comment