ondragstart="return false" onselectstart="return false"

Thursday, May 20, 2010

ကချင်ပါတီများ ပါတီတည်ထောင်ခွင့်ပင် မရသေး

မဟာဗမာဝါဒီ ဗိသုကာ ဗိုလ်သန်းရွှေ၏ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ (မဟာဗမာဝါဒ - စစ်အာဏာရှင် frame) ဒီဇိုင်းကို အခြေခံကာ ကျောရိုးအဖြစ်ထားပြီး တည်ထောင်မည့် ဟောဒီဗမာပြည် ဆိုတဲ့ အဆောက်အဦးကြီး ကို တည်ထောင်မည့် ပွဲမှာ ရေပက်မ၀င်အောင် နအဖ စစ်အာဏာရှင်တွေက ချီပြီးတုတ်ပြီး ပြင်ဆင်ထားသည့်တိုင် ကိုယ့်အမျိုးသားရပိုင်ခွင့်ကို တစ်စုံတစ်ရာ ကာကွယ်လိုသေးတဲ့ ကချင်နိုင်ငံရေးပါတီ များကို ခုချိန်ထိ လက်မခံသေးဒါ အံ့သြစရာတော့သိပ်မဟုတ်ပါ။ တိုင်းရင်းသားတွေအပေါ် သမိုင်းနဲ့ ချီပြီး ဘယ်တုန်းကမှ မရိုးသားခဲ့ကြဘူး ဆိုဒါ တိုင်းရင်းသားအားလုံးအသိ။ ပြောရမှာတော့အားနာပါသည်။ ဒါပေမယ့် မပြောမဖြစ်မို့  ဒီတခါလည်း “ဗမာတွေ ထပ်လိမ်ပြန်ပြီ” လို့ ပြောရင် သိပ်များလွန်သွားမလား စာဖတ်သူမိတ်ဆွေ….????
ငြိမ်းချမ်းရေး စယူကြတုန်းက နိုင်ငံရေး ဆွေးနွေးချင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေကို စစ်အစိုးရက နောင်တက်လာမည့် အစိုးရနဲ့ ဆွေးနွေးကြပါ လို့ စကားလွဲ လေ့ရှိပါတယ်။ ဟောခုတော့ နောင်တက်မည့်အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပါမယ် လို့ အလျှော့ပေးတဲ့ တိုင်းရင်းသားတွေကို တဖက်လှည့်နဲ့ လက်နက်ချခိုင်းပြီး နယ်ခြားစောင့်တပ်အဖြစ် အတင်းဇွတ်လုပ်ခိုင်းပြန်တယ်.. မလွန်လွန်းဘူးလါးဗျာ… မဟာဗမာဝါဒီ စစ်အာဏာရှင်တို့ ရေ….
လက်ကိုင်တုတ်အဖြစ် ခိုင်းစားလို့ ကောင်းမယ့် ဘာမှ ရေရေရာရာ အမျိုးသားရေး နိုင်ငံရေး ဦးတည်ချက်မရှိတဲ့ တခြားတိုင်းရင်းသား အဖွဲ့ တွေကို တော့ လက်ခံဒါ မြန်မှမြန်ပါပဲ.. ဥပမာ- ကရင်ပါတီတချို့ လို ပေါ့ဗျာ….
------------------------------xxxxxxxxxxxx-----------------------------

လင်းနိုင်ဦး / ၂၀ မေလ ၂၀၁၀

နိုင်ငံရေးပါတီသစ်များအဖြစ် ပါတီတည်ထောင်လိုသော ပါတီအားလုံးနီးပါးခန့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီ တည်ထောင်ခွင့်ပြုလိုက်သော်လည်း ကချင်ပါတီ (၃) ခု ကို ယနေ့အချိန်အထိ တည်ထောင်ခွင့် မပြုသေးသည့်အပေါ် စိတ်ပျက်မိကြောင်း ပါတီခေါင်းဆောင်များက ပြောကြားသည်။

ကချင်ပြည်နယ် တိုးတက်ရေးပါတီမှ ကချင်ခေါင်းဆောင်တဦးက “ကျနော်တို့ပါတီဟာ ဧပြီ (၅) ရက်နေ့ကတည်းက နေပြည်တော်သွားပြီး ပါတီတည်ထောင်လိုကြောင်း လျောက်လွှာသွားတင်ခဲ့တယ်။ ခု (၁) လခွဲကျော်လာတဲ့အထိ ပထမဦးဆုံးအဆင့်ဖြစ်တဲ့ ပါတီတည်ထောင်ခွင့်တောင် မရသေးဘူး။ စာရင်းတွေကို ကြည့်လိုက်တော့ မေလ (၁၁) ရက်နေ့ထိ ပါတီသစ် စုစုပေါင်း (၃၁) ပါတီ တည်ထောင်ခွင့် သွားလျှောက်ထားခဲ့ကြတယ်။ အဲဒီထဲက (၂၈) ပါတီကို တည်ထောင်ခွင့်ပြုလိုက်ပြီး ကျနော်တို့အပါအဝင် ကချင် (၃) ပါတီကိုတော့ ပါတီတည်ထောင်ခွင့် ဒီနေ့ထက်ထိ ခွင့်မပြုသေးဘူး။ အံ့သြစရာ ကောင်းသလို စိတ်ပျက်စရာလည်း ကောင်းတယ်” ဟု ပြောသည်။

အဆိုပါ ကချင် (၃) ပါတီမှာ ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ၊ ယခင် အန်ဒီအေ အဖွဲ့မှာ တာဝန်ယူခဲ့ပြီး အဖွဲ့အစည်းအတွင်း ပြဿနာကြောင့် သာမန်ပြည်သူဘဝဖြင့် မြစ်ကြီးနားမြို့တွင် နေထိုင်နေသည့် ဦးလယောက်ဇယ်လွန်း၊ ဦးဇုံးယိမ်း ဦးဆောင်သည့် ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ဦးဇော်တန် အပါအဝင် ကချင်အတိုင်ပင်ခံ ကောင်စီတွင် ပါဝင်ခဲ့ဖူးသူများ တည်ထောင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကချင်ပါတီများ မှတ်ပုံတင်မကျသေးသည့်ကိစ္စနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့မှ ကချင်ခေါင်းဆောင်တဦးက “တိုင်းရင်းသားတွေကို ဒီမိုကရေစီဘောင်ထဲက အခွင့်အရေးမပေးရင် အခြားသော နည်းနာတွေဘက်ကို ရောက်အောင် တွန်းပို့သလို ဖြစ်သွားနိုင်တယ်။ အခုကိစ္စ ပါတီ တည်ထောင်ခွင့်ပြုတဲ့ အဆင့်ပဲ ရှိသေးပြီး တရားဝင်ပါတီဖြစ်ဖို့ အခြားအဆင့်များစွာ ကျန်နေသေးတယ်” ဟု ပြောသည်။

ထိုကချင်ပါတီ (၃) ခုအနေဖြင့် ပထမဦးဆုံးအဆင့် ပါတီတည်ထောင်ခွင့် မရသေးသဖြင့် မည်သည့်လှုပ်ရှားမှုမှ မလုပ်နိုင်သေးဘဲ စည်းရုံးရေးလုပ်ငန်းများ ရပ်ထားရချိန်၌ တစည ပါတီနှင့် ကြံ့ဖွံ့ပါတီတို့မှာမူ အစည်းအဝေးများ ပြောင်ပြောင်တင်းတင်းလုပ်ပြီး လူထုကို စည်းရုံးမဲဆွယ်နေကြပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံများက ပြောသည်။

အဆိုပါ ပါတီများသည် ပထမဦးဆုံးအဆင့် ရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ရန် ခွင့်ပြုချက် ရရှိရန် လိုအပ်ပြီး ခွင့်ပြုချက်ရရှိပါက တလအတွင်း ပါတီခေါင်းဆောင်နှင့် ဒု-ခေါင်းဆောင် နှစ်ဦး နေပြည်တော်သွား၍ ပါတီကို မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားရမည်ဖြစ်သည်။

ယင်းလျှောက်ထားချက်ကို စိစစ်ရန် လိုအပ်ပါက ပါတီမှ ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံခြင်း၊ အထောက်အထား စာရွက်စာတမ်း တောင်းခံခြင်းများ ပြုလုပ်ပြီးမှ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြု၊ မပြု ဆုံးဖြတ်မည်ဖြစ်သည်။

မှတ်ပုံတင် ခွင့်ပြုချက် ရရှိသည့်ပါတီသည် ပါတီအမျိုးအစားအလိုက် (၃) လအတွင်း ပါတီဝင် (၅ဝဝ) သို့မဟုတ် (၁,ဝဝဝ) စည်းရုံးရမည် ဖြစ်ပြီး၊ ပါတီဝင်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဖြစ်ကာ ပါတီဝင်စာရင်း တင်ပြပြီးမှသာ ပါတီ အနေဖြင့် တရားဝင်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့တွင် ဖော်ပြထားသည်။

မေ (၁၈) ရက်ထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ (၃၈) ပါတီရှိပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ (၁၈) ပါတီအနက် (၅) ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း၊ ကျန်လျှောက်ထားသည့် ပါတီများကို ဆက်လက်စိစစ်လျက်ရှိကြောင်း အစိုးရသတင်းစာတွင် ဖော်ပြသည်။
ခေတ်ပြိုင်မှ

No comments:

Post a Comment