ondragstart="return false" onselectstart="return false"

Wednesday, May 12, 2010

ကရင်ပြည်သူ့ပါတီ (KAYIN PEOPLES PARTY) အထွေထွေ အတွင်းရေးမှူး စောစေးဝါးနှင့် တွေ့ဆုံခြင်း


မေး။ ။ ဆရာတို့ ပါတီရဲ့ အလံ အကြောင်းလေး ပြောပါဦး။
ဖြေ။ ။ ပါတီ အလံက အခုထက်ထိ တရားဝင် မတင်ရသေး ဘူးလေ။ စီအီးစီ အတွင်းမှာပဲ စိစစ်တဲ့ အဆင့်ပဲ ရှိသေးတယ်။ မကြာခင် တရားဝင် တင်တော့ မှာပါ။ ရွေးချယ် ထားတဲ့ အလံက ကရင် အမျိုးသား အလံနဲ့ ဘာမှ မဆိုင်ဘူး။ ဘာမှ မပတ်သက်ဘူး။ ဆင်တူ ရိုးမားလည်း မရှိဘူး။ တစ်ခု ရှိတာက ကရင် အမျိုးသားကို ကိုယ်စားပြုတဲ့ ဖားစည်ကို အလယ်မှာ ထားတယ်။ နောက်တစ်ခါ အရောင်ကျတော့ အဖြူရယ်၊ အနီရယ်၊ အပြာရယ်။ သုံးရောင်ခြယ် ပါတာပေါ့။ ဒါပဲရှိတယ်။ ကရင် အမျိုးသားအလံနဲ့ ဘာမှဆက်စပ်မှုမရှိဘူး။ ဆင်တူရိုးမားလည်းမဖြစ်ဘူး။ အဲဒါကြောင့် ပေါ်လာတဲ့သတင်းတွေက တို့နဲ့ ဘာမှ မပတ်သက်ဘူး။ အဲဒါပဲ ပြောလို့ ရမယ်။

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရတဲ့ ကရင်ပြည်သူ့ပါတီရဲ့ အဓိက အကြောင်းရင်းကို ပြောပြပေးပါဦး။
ဖြေ။ ။ အဓိကကတော့ နိုင်ငံတော် တည်ဆောက်ရေးမှာ တို့လည်း တတ်အား သရွေ့ ကာယ၊ ဥာဏ၊ စွမ်းအားရှိ သလောက် ပါဝင်ချင်တယ်။ ပါဝင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဝင်ရခြင်းဖြစ်တယ်။ အားလုံးက ဒီလိုပဲယုံကြည်တယ်။ ကိုယ် တတ်နိုင်တဲ့ အခန်းကဏ္ဍကနေပြီးတော့ ဝိုင်းဝန်းပြီး တည်ဆောက်ကြရမယ်။ အဲဒီလို ဝိုင်းဝန်းတည်ဆောက်ကြမှသာလျှင် ဒီနိုင်ငံ ကြီး ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်တယ်။

မေး။ ။ ဒါဆို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကလည်း ဆရာတို့ အတွက် ဘာပြဿနာမှ မရှိဘူးပေါ့။
ဖြေ။ ။ ဒါနဲ့ ပတ်သက် လို့လည်း တို့မှာ ဘာ ပြဿနာမှ မရှိဘူး။ လျှောက်လွှာတင် ပြီးကတည်းက အားလုံးက ပါပြီး သားပါ။ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံတယ်။ ယုံကြည်တယ်လို့ ပါပြီးသား ဖြစ်တဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်လို့ တို့ ဘာမှ မပြောလိုဘူး။

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မယ့် လူတွေက ပြောနြေ ကတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လတ်တလော လက်ခံ လိုက်မယ်။ ပြီးရင် လွှတ်တော်ထဲ ရောက်ရင် ပြင်ခွင့်ရရင် ပြင်မယ်။ အန်ကယ်တို့ သဘောထား ကကော ဘယ်လိုရှိလဲ။
ဖြေ။ ။ ဒီမိုကရေစီကို တဖြည်းဖြည်းနဲ့ ချဉ်းကပ်ကြရမှာ မဟုတ်လား။ တို့ပါတီရဲ့ အခြေခံမူထဲမှာလည်း ပါပါတယ်။ အစိုးရအပြောင်းအလဲတစ်ခုကို ပြည်သူ လူထုက လိုလားနေပြီလို့ ယူဆတယ်။ တို့တွေကိုယ်တိုင်လည်း ဒီလိုပဲ ခံယူတယ်။

မေး။ ။ ဆရာတို့ အဖွဲ့ထဲမှာ ကေအင်န်ယူနဲ့ စေ့စပ် ဆွေးနွေး ပေးခဲ့တဲ့ သူတွေ ပါတယ်လို့ ကြားရတယ် ဟုတ်ပါသလား။
ဖြေ။ ။ ဒေါက်တာ စောဆိုင်မွန်သာ တို့ကတော့ ဟိုတုန်းက ပါခဲ့ ဖူးတယ်လေ။

မေး။ ။ ကရင် ပြည်သူ့ ပါတီကို အဓိက ငွေကြေး ထောက်ပံ့တဲ့ သူက ဘယ်သူတွေလဲ ဆရာ။
ဖြေ။ ။ ပထမကတော့ တို့ပါတီထဲက အမာခံ (၁၅) ယောက် ပေါ့ကွာ။ စီအီးစီ တွေပေါ့။ နောက် ပြည်သူ လူထုပေါ့။ နောက် တို့ပါတီကို အားပေးတဲ့၊ ထောက်ခံတဲ့ ငွေရှင် ကြေးရှင် တွေပေါ့။ သိပ်များများ စားစားလည်း မဟုတ်ပါဘူး။ တတ်နိုင် သရွေ့၊ စေတနာ ရှိသရွေ့ပါ။


မေး။ ။ ဆရာတို့ ပါတီက ဘယ်နယ် တွေကို အခြေခံပြီး အရွေး ခံမှာလဲ။
ဖြေ။ ။ ဘယ်နယ်တွေလဲဆိုတော့ လူမျိုးစု လွှတ်တော်က ဘယ်နှစ် နေရာ ရမလဲ ဆိုတော့ နေရာ (၅) ခုပေါ့။ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန် အဲဒီနေရာ တွေကို မလွဲမသွေ ရအောင် လုပ်မယ်။ နောက် တိုင်းနဲ့ပြည်နယ် လွှတ်တော်။ အဲဒီလွှတ်တော် နေရာတွေ အတွက်လည်း အခြေ အနေ ပေးသ လောက် ဝင်မယ်။

မေး။ ။ ဆရာတို့ ပါတီရဲ့ ရည်ရွယ်ချက်က ဆရာတို့ လူမျိုးစုတွေ အများစု ရှိတဲ့ နေရာတွေ ကနေ အဓိကထား ဝင်မယ်ပေါ့။
ဖြေ။ ။ ဒီသဘောပါပဲ။ နောက်တစ်ချက်က တို့နဲ့ ရည်မှန်းချက်တူ၊ သဘောထား တူတဲ့ တခြား တိုင်းရင်းသားတွေ၊ ဗမာ အမျိုးသားတွေ ထောက်ခံမှု ရှိနိုင်တဲ့ နေရာတွေမှာ ဝင်မှာပေါ့။

မေး။ ။ သေချာတဲ့ နေရာတွေ ကနေ ဝင်ပြိုင်မယ် ဆိုတဲ့ သဘောလား။
ဖြေ။ ။ သေချာတဲ့နေရာတွေကိုပဲ ဦးစားပေး ရမှာပေါ့။ တို့က အခုမှ ပါတီအသစ် ဖြစ်တဲ့ အတွက် ရန်ပုံငွေ အပို သိပ် မရှိဘူးလေ။ သေချာတဲ့ နေရာတွေကိုပဲ အဓိက ထားရမယ့် သဘော ရှိပါတယ်။ ဒါပေမယ့် အားပေး ထောက်ခံမှု များလာရင်တော့ အများကြီး တိုးချဲ့ပြီး ဝင်မယ့် သဘောတော့ ရှိပါတယ်။

မေး။ ။ ဆရာတို့ ပါတီမှာ ပါတဲ့ စီအီးစီ (၁၅) ယောက် လုံးက ရန်ကုန်က ပဲလား။
ဖြေ။ ။ ဧရာဝတီ၊ ရန်ကုန်၊ မွန်ပြည်နယ်တွေကပါ။

မေး။ ။ ဆရာက ဝန်ထမ်း လုပ်ခြဲ့ ပီးတော့ အခုမှ နိုင်ငံရေးေ လာကထဲ ဘယ်လို ရောက်လာ တာလဲ။
ဖြေ။ ။ တို့က နိုင်ငံရေးသမား မဟုတ်ဘူး။ တစ်သက်လုံး ဝန်ထမ်းပဲ လုပ်ခဲ့တာ။ နိုင်ငံတော်ရဲ့ အခြေအနေကို ကြည့်ပြီးတော့ အခွင့် အရေး တစ်ရပ် ပေါ်ပေါက် လာတယ်လို့ ယူဆတယ်။ အဲဒါကြောင့် နိုင်ငံတော် တည်ဆောက်တဲ့ အပိုင်းမှာ ဝန်ထမ်းဟောင်းတွေ၊ ပင်စင်စားတွေ အနေနဲ့ တစ်ခန်း တစ်ကဏ္ဍ လုပ်ပေး နိုင်မယ်လို့ မျှော် လင့်တဲ့ အတွက် ဝင်လာ ရခြင်း ဖြစ်တယ်။

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေ ထဲမှာ ဘာတွေ ထူးခြားချက်တွေ ပါလဲဆရာ။ ဆရာ လေ့လာထား သလောက် ပြောပြ ပါလား။
ဖြေ။ ။ ထူးခြား ချက်တွေက အများကြီးပါပဲ။ အများကြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တွေပါပါတယ်။ အနှစ်သာရတွေ အများကြီးပါ။

မေး။ ။ ဆရာတို့ ပါတီ စီးအီးစီ ထဲမှာက ဝန်ထမ်းေ တွလဲ ပါတယ်။ စီးပွားရေး လုပ်ငန်းရှင် တွေလဲ ပါတယ်။ ဘယ်သူ တွေက ပါတီထဲကို ငွေးကြေး ဘယ်လို ထည့်ဝင် ထားကြလဲ။ ပြောလို့ ရရင် ပြောပြပေးပါ။
ဖြေ။ ။ ရပါတယ်။ တို့က မူလ ကတည်းက စီမံချက် ရေးဆွဲထား တယ်။ ပါတီ စထောင် ကတည်းကလေ။ တတ်နိုင်တဲ့ ဗဟို ကော်မတီဝင်တွေက ၅ သိန်း ထည့်တဲ့သူ ရှိတယ်။ တချို့က(၁ဝ)သိန်း ထည့်တဲ့သူ ရှိတယ်။ ငွေစာရင်း သုံးစွဲ မှုလည်း စနစ် တကျ ထားရှိတယ်။ အဲဒါနဲ့ ပထမဆုံး မတည် ထားတာပေါ့။ သိန်း(၅ဝ) ပတ်ဝန်းကျင် လောက်တော့ ရှိတာပေါ့။

မေး။ ။ ကရင်ပြည်သူ့ပါတီ အနေနဲ့ အလှူခံမယ့် အစီအစဉ်ကော ရှိလား။
ဖြေ။ ။ လုပ်ရမှာပေါ့။ ရှိတယ်။ တို့ကို ပေးနိုင်မယ့်ပုဂ္ဂိုလ်၊ ထောက်ခံမယ့်ပုဂ္ဂိုလ် တွေဆီကပဲ မေတ္တာရပ်ခံရမှာပေါ့။

မေး။ ။ နောက် ကရင်ပါတီ တစ်ခုရှိတယ်။ ဆရာတို့နဲ့ ပတ်သက် ဆပ်စပ်မှု ရှိလား။
ဖြေ။ ။ ဘာမှ ပတ်သက်ဘူး။ သူ့ဘာသူ သွားနေ တာပါ။

မေး။ ။ ဆရာတို့ ပါတီဝင် အင်အား ဘယ်လောက်လောက် ရှိနေ ပြီလဲ။
ဖြေ။ ။ လောလောဆယ် (၅ဝဝဝ) ကျော် လောက်တော့ ရှိနေ ပါပြီ။

မေး။ ။ ကရင်ပြည်သူ့ပါတီ အနေနဲ့ ဆရာခုနက ပြောသွားတဲ့ ထဲမှာ လှုပ်ရှားမယ့် နယ်မြေထဲ သတိထားကြည့် မိတာ ကရင်ပြည်နယ် မပါဘူး။ အဲဒီဘက်ခြမ်း ကိုကော ဘယ်လို လုပ်ထားလဲ။
ဖြေ။ ။ လုံးဝမပါတာ မဟုတ်ဘူး။ ပါပါတယ်။ ရှင်းရှင်းပြောရရင် ကရင်ပြည်နယ်မှာ ရှိတဲ့ သူ့ရဲ့ အခြေ အနေကို မူတည် ပြီးတော့ လုပ်ရ မှာလေ။ သိပ် ဦးစားတော့ မပေးဘူး။ လိုတဲ့ နေရာတွေတော့ ဖြည့်ပေး မှာပါ။

မေး။ ။ ဆရာတို့ ပါတီမှာ နိုင်ငံရေး သမားတွေ ဘယ်သူတွေပါသေးလဲ။
ဖြေ။ ။ တစ်ယောက်မှ မပါဘူး။ အားလုံးက ဝန်ထမ်းတွေ၊ စီးပွားရေးသမားတွေပါ။

မေး။ ။ ကရင်ပြည်သူ့ပါတီက အစိုးရရဲ့ စည်းရုံးမှုနဲ့ ရွေးကောက်ပွဲ ဝင်တာလား။
ဖြေ။ ။ လုံးဝ မဟုတ်ပါဘူးဗျာ။

မေး။ ။ ဆရာတို့ရွေးကောက်ပွဲဝင်မယ့် အဓိကကြွေးကြော်သံက ဘာလဲ။
ဖြေ။ ။ အများကြီးပေါ့ဗျာ။
လာမယ့် အနာဂတ် ပိုမို တိုးတက် သာယာရေး။
အမှန်တရားက အမြဲတမ်း အောင်မြင်ရမည်။
စည်းရုံးရေးသည် အင်အား။
ပြည်သူ့ အစိုးရသို့။ ဒါပဲ။ ဒါတွေက တို့ရဲ့ကြွေးကြော်သံတွေပဲ။

မေး။ ။ ဆရာက ဘယ်နေရာကနေ အရွေးခံမှာလဲ။
ဖြေ။ ။ တောင်ငူက အရွေးခံရမှာပါ။

မေး။ ။ မဲထည့်မယ့် ပြည်သူလူထုကို ဆရာဘာပြောချင်လဲ။
ဖြေ။ ။ ပြည်သူ လူထု ကတော့ အမှန် တရားကို မြတ်နိုး ကြတယ်လေ။ ငြိမ်းချမ်းမှုကို မြတ်နိုးကြတယ်။ နောက်တစ်ခါ အပြောင်း အလဲ တစ်ခု ကိုလည်း လိုချင် နေကြတယ်။ အားလုံး ပြည်သူ လူထုရဲ့ ဆန္ဒ အတိုင်း ဖြစ်သွား မှာပါ။

မေး။ ။ လွှတ်တော် သုံးရပ်စလုံးမှာ ဆရာတို့ ပါတီ အနေနဲ့ အမတ်နေရာ ရာခိုင်နှုန်း ဘယ်လောက်လောက် ရမယ်လို့ မှန်းဆထားလဲ။
ဖြေ။ ။ ၁ဝ ရာခိုင်နှုန်းေ လာက်တော့ ရမယ်လို့ မျှော်မှန်း ထားတယ်။ အားလုံးတော့ ရမှာ မဟုတ်ဘူးလေ။ နိုင်ငံတော် အာဏာ အထိ ကိုတော့ မမျှော်မှန်း ထားပါဘူး။ အမျိုးသားရေး ကိစ္စတွေကို အရင် လုပ်မှာပါ။ အခြေ အနေပေးရင် ပေးသလို လုပ်ရမှာပေါ့။
၁၂ . ၅ . ၂၀၁၀ | မင်းအောင်အောင် | လျှပ်တပြက်ဂျာနယ်
မှတ်ချက်။ ။ဟံသာဝတီသတင်းစာမျက်နှာထပ်ဆင့်ပြန်လည်ကူးယူဖေါ်ပြသည်။

No comments:

Post a Comment