ondragstart="return false" onselectstart="return false"

Sunday, July 14, 2013

ဖိုးသူတော်ရဲ့ “၀ိနည်း” နှင့် ကေအဲန်ယူ ရဲ့ “ငြိမ်းချမ်းရေးခရီးစဉ်”

ဆောင်းပါး - ဘွဲ့ သွေးနီ

လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက်ကလို့ ဆိုရပါမည်။ ကျနော်သည် ကရင်လူငယ်တစ်ဦးဖြစ်သည့်အားလျော်စွာ ကရင်လူငယ်အစည်းအရုံး KYO တွင်တက်ကြွစွာပါဝင်ခဲ့ပါသည်။ ကေ၀ိုင်အိုသည် လက်နက်မကိုင်သော လူမှုအဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်သော်လည်း ကေအဲန်ယူ၏ အားထားရာ ကရင်လူငယ်အဖွဲ့ အစည်းတစ်ခုအဖြစ်ရှင်သန်နေခဲ့ပါသည်။ သို့ ဖြစ်ပါ၍ အခါအားလျော်စွာ အမျှော်အမြင်ရှိသော ကေအဲန်ယူမှ လူကြီးတချို့ သည် ကရင်လူငယ်အဖွဲ့ အစည်းနှင့် နီးနီးကပ်ကပ် ကူးလူးဆက်ဆံကာ တော်လှန်ရေး၏ ရေတိုရေရှည် ခရီးစဉ်အတွက် လမ်းညွန်ချက်များကို ရံဖန်ရံခါ ပေးလေ့ရှိပါသည်။ ကရင်လူငယ်အစည်းအရုံးမှကျင်းပသော သင်တန်းမျိုးစုံကို ကေအဲန်ယူမှလူကြီးတွေက လာပြီး သင်တန်းပို့ ချလေ့ရှိပါသည်။

ယနေ့ အချိန်ကာလသည် ကေအဲန်ယူနဲ့ အစိုးရတို့ သွားနေတဲ့ အပစ်အခတ်ရပ်စဲရေးမှ ထ၀ရငြိမ်းချမ်းရေးသို့ သွားနေသောကာလ တစ်ခုအတွင်းရောက်နေသည်ဖြစ်သောကြောင့် လွန်ခဲ့တဲ့ လူငယ်သင်တန်းတစ်ခုမှ ကေအဲန်ယူ ဗဟိုကော်မတီဝင်တစ်ဦးပြောပြခဲ့သော ပုံပြင်လေးကို ပြန်လည်အမှတ်ရမိနေပါသည်။

သင်တန်းပို့ ချပေးခဲ့သော ကေအဲန်ယူ ဗဟိုကော်မတီဝင်ကို ကျနော်တို့ လူငယ်တွေက သူ့ ကို အဖိုး(သို့ ) အဖူးလို့ ပဲခေါ်လေ့ရှိပြီး သူဟာလူငယ်တွေနဲ့ ဆိုရင် လူကြီးလို မနေပဲ သူငယ်ချင်းလိုပဲ ရင်းရင်းနှီးနှီးနေပါသည်။ ကရင့်တော်လှန်ရေးသမိုင်းကြောင်းတွေကို ပို့ ချရင်း တစ်ခါတစ်လေ ဟာသဖေါက်ကာ လူငယ်လေးတွေကို ပုံပမာလေးတွေ ပုံပြင်အတိုအစလေးတွေ ထည့်ပြီးပြောလေ့ရှိပါသည်။ အဖိုးပြောပြဖူးတဲ့ ပုံပမာ လေးတွေများစွာထဲက တစ်ခုကို ကျနော်ဝေမျှလိုပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကာလက လူငယ်သင်တန်းတစ်ခုရဲ့ အားလပ်ချိန်ဖြစ်ပါတယ်။ အဖိုးက အပြင်မှာဆေးလိပ်ထွက်သောက်ရင်း ကျနော်က အဖိုးကို သိချင်တဲ့မေးခွန်းလေးတွေကို မေးခဲ့ပါတယ်။ ကျနော်မေးတာက “အဖိုးအဖိုး တိုင်းရင်းသား ၁၇ ဖွဲ့ က ဗမာအစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားပြီး ဘာဖြစ်လို့ ကျနော်တို့  ကေအဲန်ယူအဖွဲ့ က တဖွဲ့ တည်းကျန်ပြီး ယနေ့ ထိတိုင်တိုက်နေရတာလည်း” ဆိုပြီးမေးလိုက်ပါတယ်။ ဒီလိုနဲ့ အဖိုးက ပြုံးစိစိနဲ့  ကျနော့်ကိုကြည့်ပြီး ဖိုးသူတော်ရဲ့ပုံပြင်လေးကို စပြောပြပါတော့တယ်။

“ဒီလိုကွငါ့မြေးရဲ့.. တစ်ခါတုန်းက ဖိုးသူတော်တပါးဟာ ဟိုးထောထဲမှာ တရားထိုင်နေတာပေါ့ကွာ။ ညောင်ကြီးနှစ်ပင်အောက်မှာ ဆိုပါစို့ ။ ဖိုးသူတော်က တရားထိုင်နေတဲ့အချိန်မှာ တောမည်းနက်ကြီးထည့်မှာဆိုတော့ ဂဏန်းကောင်လေးတွေက သူ့ နားမှာ တ၀ဲဝဲလည် လျှောက်သွားနေတာကို့ တွေ့ ရတယ်ကွယ့်။ ဖိုးသူတော်လည်း တရားထိုင်တာ ရက်ပေါင်းတွေများလာတော့ ဂဏန်းကောင်လေးတွေကို ကြည့်ရင်း စားချင်စိတ်ပေါ်လာတယ်”လို့ ဆိုပါတယ်။
“တာပေမယ့်ဖိုးသူတော်အခက်တွေ့ နေတာက သူ့ မှာ သတ္တာဝါတွေရဲ့အသက်ကို သတ်ပိုင်ခွင့်မရှိဘူးတဲ့။ ဒီလိုနဲ့ ဖိုးသူတော်က ဂဏန်းကောင်တွေရဲ့အသက်ကို သူကိုယ်တိုင်မသတ်ပဲ စားရဖို့ ကြံ့စည်ပါတော့တယ်။ သူဘယ်လိုလုပ်လည်းဆိုရင် ဒယ်အိုးတစ်လုံးကိုယူပြီး ရေအပြည့်ထည့်ကာ မီးမွှေးပြီး ရေနွေးကို ပွက်ပွက်ဆူအောင်လုပ်လိုက်ပါတယ်။ ပြီးတော့ ယောင်းမတစ်ချောင်းကို ကန့်လန့် ဖြတ်အနေအထားဖြင့် ဒယ်အိုးပေါ်ထင်ထားလိုက်ပါတယ်။ ရေနွေးပွက်ပွက်ဆူပြီး အငွေ့ တွေ တထောင်းထောင်းထွက်လာချိန်မှာ ဂဏန်းကောင်လေး တစ်ကောင်ကို အသာလေးဖမ်းကိုင်လိုက်က ဒယ်အိုးပေါ်တင်ထားတဲ့ ယောင်းမရဲ့စွန်းတစ်ဖက်မှာ အသာလေးချထားပေးလိုက်ပါတယ်။ ဂဏန်းကောင်လေးက ကွတကွတနဲ့  ယောမ အတိုင်းလျှောက်သွားပါတော့တယ်။ ဒယ်အိုးရဲ့အလယ်လောက်ရောက်သွားတဲ့အခါ ရေနွေးငွေ့ အပူရှိန်ကြောင့် ဂဏန်းကောင်လေးခမျာ မတတ်နိုင်တော့ပဲ ဒယ်အိုးထည့် ထိုးကျပါတော့တယ်။ အဲဒီအချိန်မှာ ဖိုးသူတော်က ဘာပြောလည်းဆိုရင် အေး…စိတ်တော့မကောင်းဘူးကွာ… သတ္တ၀ါတစ်ခု ကံတစ်ခု မင်းထိုက်နဲ့ မင်းကံပေါ့ကွာ၊ မင်းကိုငါသတ်တာမဟုတ်ဘူး၊ မင်းဟာမင်းသွားလို့ သေတာ ဆိုပြီးပြောကာ ဒယ်အိုးထည့်မှာ ကျပြီး ကျက်ပြီးသားဖြစ်နေတဲ့ ဂဏန်းကောင်လေးကို တုတ်ဖြစ်ကလော်ထုတ်၍ စားပါသတဲ့။ ဒီလိုနည်းနဲ့  ဂဏန်းကောင်တွေကို တစ်ကောင်ပြီးတစ်ကောင် ဖိုးသူတော်က “၀ိနည်းနဲ့ အညီ” စားပါလေတော့သတဲ့ကွယ်” ဆိုပြီးပြုံးစိစိနဲ့ ကျနော့်ကိုကြည့်ပြီး အဖိုးက ပြောပြပါတယ်။

ကျနော်က စိတ်ဝင်တစားဖြစ် “အဖိုးအဖိုး ဖိုးသူတော်ရဲ့ “၀ိနည်း” နဲ့ ဂဏန်းကောင်တွေက ကေအဲန်ယူနဲ့ ဘယ်လိုပါတ်သက်နေသလည်း” ဆိုပြီး စောဒကတက်မေးလိုက်ပါတယ်။ တစ်ခါအဖိုးက ပြုံးစိစိနဲ့ ဆေးလိပ်လေးထပ်ဖွာကာ သူပြောချင်ရာသူဆက်ပြောပါတယ်။ သူပြောဒါက “ငါတို့ ကေအဲန်ယူက ဂဏန်းကောင်ကြီးနဲ့ တူတယ်ကွ (ဟဲဟဲ-သူရီခဲ့တဲ့အသံ)၊ ဖိုးသူတော်(ရန်သူ)က ငါတို့ ကို ယောင်းမပေါ်ပေးဖြတ်တာ ငါတို့ က မသေပဲ ဒယ်အိုးတစ်ဖက်ကို အရောက်သွားနိုင်ခဲ့တယ်။ ဒါပေမယ့်မရဘူး ဖိုးသူတော်က ဒီအကောင်ကြီးရဲ့အသားကိုမှ ပိုစားချင်တာ၊ အကောင်ကြီးမှအသားပိုချိုတာဆိုကာ မင်းနှစ်ခါလျှောက်ဆိုပြီး ဂဏန်းကောင်ကို ယောက်မပေါ်ထပ်ပေးလျှောက်ပါတယ်တဲ့။ တစ်ခါ နှစ်ခါ သုံးခါ လေးခါ ပေးဖြတ်နေတာ။ တာပေမယ့် ဒယ်အိုးထည့်မကျဘူးကွ..ဟဲဟဲ..” ဆိုပြီးပြောပါတယ်။ ထိုအချိန်က အဖိုးရဲ့အပြုံး က အောင်နိုင်သူ စစ်သူကြီးအပြုံးမျိုးပေါ့။

တိုင်းရင်းသားတွေရဲ့တော်လှန်ရေးသမိုင်းကြောင်းမှာ ဒယ်အိုးထည့်ကျသွားတဲ့ ဂဏန်းကောင်လေးတွေလို အဖွဲ့ တွေရှိခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ သမိုင်းမှာ ဗမာစစ်တပ်နဲ့ ကေအဲန်ယူ သုံးလေးခါလောက်ဆွေးနွေးခဲ့ဘူးတဲ့အကြောင်းကို ဖိုးသူတော်ရဲ့နဲ့ ဂဏန်းကောင်လေးများ ပုံပမာလေးပေးရင်း ထိုအချိန်က အဖိုးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကျနော့်ကို တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ အစိုးရနဲ့ အပစ်ရပ်ပြီး ကေအဲန်ယူက ဘာကြောင့်ဆက်တိုက်နေရသေးသလည်းဆိုတဲ့မေးခွန်းကို ပြန်လည်ချေပ ဖြေဆိုခဲ့ပါတယ်။ ကျနော်လည်း မိခင်ကေအဲန်ယူအစည်းအရုံးရဲ့ အမျိုးသားအတွက် နိုင်ငံရေးအရ အမြော်အမြင်ကြီးမှုကို သိခွင့်ရလိုက်၍ ပိတိဖြစ်ခဲ့ရပါတယ်။

ဖိုးသူတော်နှင့်ဂဏန်းကောင်ပုံပြင်လေးပြောပြခဲ့ဘူးသော အဖိုး(ဟိုတုန်းကအလယ်အလတ်ခေါင်းဆောင်တစ်ဦး) က ယနေ့ ကေအဲန်ယူမှာ ၁၅ ကြိမ်မြောက်ကွန်ကရက်အပြီးမှာ ထိပ်တန်းခေါင်းဆောင်တစ်ဦးလာပါတယ်။ သူကိုယ်တိုင်လည်းယနေ့ ကေအဲန်ယူနဲ့ အစိုးရတို့ ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထိပ်တိုက်ဆွေးနွေးတာ တခါမှမတွေ့ ရသေးပေမယ့် မူဝါဒရေးရာတွေမှာ အဓိကအကြံပေးလမ်းညွန်သူအဖြစ်ရှိကြောင်းကြားသိရပါတယ်။ ကေအဲန်ယူရဲ့ ခေါင်းဆောင်အပြောင်းအလည်းပွဲမှာလည်း သူဟာ အခရာ အဖြစ်ရှိကြောင်းဆိုတာလည်း ကြားသိရပါတယ်။

မည်သို့ ပင်ဖြစ်စေကာမူ ဖိုးသူတော်ပုံပြင်လေး ပြောပြသော ဖူးဖူး(အဖိုး)က ယနေ့ အချိန်ကာလမှာ သူကိုယ်နှိုက်က သူ့ ကိုသူ ဂဏန်းကောင်အဖြစ် အစမ်းသပ်ခံနေပြီဖြစ်ကြောင်းဆိုတာ ယုံမှားသံသယ မရှိတော့ပါ။ ဂဏန်းကောင်ပဲ ဒယ်အိုးကိုဖြတ်လျှောက်ပြီး လိုရာခရီးကို နှင်နိုင်မလား တာမှမဟုတ် ယနေ့ 2008 ညောင်နှစ်ပင် အောက်မှာတရားထိုင်နေတဲ့ ဖိုးသူတော်ရဲ့ “၀ိနည်းနဲ့ အညီ” အစားခံရမလားဆိုတာ ကျနော်နဲ့ အတူ ကရင်အရေးကို စိတ်ဝင်စားလေ့လာသူများစွာက စောင့်ကြည့်နေပါကြောင်း။ ဖိုးဖိုးနှင့်အတူ သူ၏လုပ်ဖေါ်ကိုင်ဖက် ထိပ်တန်းခေါင်းဆောင်ကြီးများ လိုရာခရီး အရောက် လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်တောင်းရင်း။

လေးစားစွာဖြင့်

ဘွဲ့ သွေးနီ
၁၄၊ ၀၇၊ ၂၀၁၃

No comments:

Post a Comment