ondragstart="return false" onselectstart="return false"

Tuesday, March 4, 2014

ပလောင်၊ ကချင်၊ ရှမ်းဒေသတွင် တိုက်ပွဲများ ပိုဖြစ်၊ ဒေသခံများ ထိခိုက်သေဆုံးမှုရှိ

By နော်နိုရင်း 3 March 2014

ရှမ်းပြည်တပ်မတော် (မြောက်)၊ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့နဲ့ အစိုးရတပ်အကြားတိုက်ပွဲတွေဖြစ် ပွားနေပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲနဲ့ နမ့်ဆမ်မြို့နယ်အတွင်းရှိ တအာင်း ပလောင်နယ်မြေမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) တပ်ဖွဲ့နဲ့ အစိုးရ တပ်ဖွဲ့တို့ အခုရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ တီအန်အယ်လ်အေ အတွင်းရေးမှူး တာဘုန်းကျော်က ပြောပါတယ်။

မတ်လ ၂ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ပါလိုင် နဲ့ ဖာဖင့်ရွာကြားမှာ တိုက်ပွဲ နာရီဝက်ကျော် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၄ နယ်မြေ ကေအိုင်အေတပ်ဖွဲ့ဝင်တွေ စခန်းထိုင်နေတဲ့ လွယ်ခမ်တောင်ကိုလည်း မတ်လ ၂ အစိုးရ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေက ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်ဆိုင်းရေးလုပ် ဆောင်နိုင်ဖို့ ကြိုးစားနေပေမယ့် အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေတာဟာ ယုံကြည်မှုတွေ ကျဆင်းပြီး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ခက်ခဲနိုင်တယ်လို့လည်း တာဘုန်းကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ နေ့ကလည်း ကျောက်မဲမြို့နယ် ပန်ဖျတ်ရွာထဲကို အစိုးရတပ် တပ်မ ၇၇ က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့အတွက် ပန်ဖျတ်ကျေးရွာ အတွင်းရေးမှူး တာ ကျော်လူ ထိမှန်ကွယ်လွန်ခဲ့တဲ့အပြင် အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပလောင်အမျိုးသမီးအဖွဲ့ချုပ်ဝင် လွေးပိုးညိုဝ်းက ပြောပါတယ်။

ဒါ့အပြင် အစိုးရတပ် အဲဒီဒေသမှာ ရွာသားတွေကို ပေါ်တာ အဖြစ် ဖမ်းဆီးခေါ်အောင်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အစိုးရတပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့အပေါ် တာဝန်ယူဖြေရှင်းဖို့နဲ့ လက် နက်ကြီးနဲ့ ရွာတွင်းပစ်ခတ်တဲ့ တပ်ရင်းကိုလည်း အရေးယူပေးဖို့ ပလောင်အမျိုးသမီးအဖွဲ့က တောင်းဆိုထားပါတယ်။

ဒီနေ့ ဖော်ပြတဲ့ မြ၀တီ သတင်းတပုဒ်မှာတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ မြို့နယ်၊ လွယ်အံတင်း ကျေးရွာအုပ်စု ၊ ပန်လော့ ကျေးရွာမှာနေတဲ့ ဦးမောင်ဝင်းနဲ့ မိသားစု ၄ ဦးဟာ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းက တောင်ယာကနေအပြန် SSA (၀မ်ဟိုင်း) အဖွဲ့က ထောင်ထားသည့် နင်းမိုင်း တလုံးကို နင်းမိလို့ ဦးမောင်ဝင်းနဲ့သား မောင်ဆာ ၆ နှစ်တို့ အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်မယ်ဆွေနဲ့ သမီးဖြစ်သူ မအေးမွန်မှာ ဒဏ်ရာရပြီး ကျောက်မဲဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုတိုက်ပွဲတွေဖြစ်နေချိန်ဟာ အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ အကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ထိုးဖို့ နှစ်ဘက် အကျေအလည် ဆွေးနွေးနေချိန်ဖြစ်ပါတယ်။

No comments:

Post a Comment