ondragstart="return false" onselectstart="return false"

Thursday, March 27, 2014

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂


ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂
=======================================
(ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး
---------------------------------------------------------
တပ်မ တော် အစိုးရ နဲ့ ဝ တပ်ဖွဲ့ တွေ အကြား အပစ် အခတ် ရပ်စဲ ခဲ့တာဟာ ၉.၅.၁၉၈၉ ရက်နေ့ မှာ၂၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ် ။အပစ် အခတ် ရပ်စဲ ခဲ့ ပြီးတဲ့ နောက်မှာဝ ဒေသ ကို အထူးဒေသ ၂ အဖြစ် သတ်မှတ် လိုက်ပြီး တိုးတက်မှုတွေ ဖြစ်လာ တယ် လို့ ဆိုရမည် ဖြစ်ပါသည်။

စစ်အစိုးရ ကျင်းပသည့် ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံ စတင် ကျင်းပစဉ် ကတည်းက‘၀’ အထူးဒေသ ကိုယ်စား လှယ်များ ပါဝင်တက် ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ‘၀’ ဒေသဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဖြစ်လာခဲ့ပါတယ်။

ဒေသတွင်း တိုင်းရင်း သားလူမျိုး ၁၈ မျိုး နေထိုင် လျက်ရှိပြီး ဧရိယာ စတုရန်း ကီလိုမီတာ တစ်သောင်းခုနှစ် ထောင် ခန့် ကျယ်ဝန်းတဲ့ ဝ တောင်ပိုင်း နဲ့  မြောက် ပိုင်းဒေသ နှစ်ခုကို ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူနှင့် ရှမ်းအဖွဲ့ ဝင် ၂၁ဦး ပါဝင်တဲ့ဗဟို ကော်မတီ တစ်ခုက စီမံခန့် ခွဲ အုပ်ချုပ်နေ ပါတယ်။

အပစ်အခတ် ရပ်စဲစဉ်က ထောင်ဂဏန်း အနည်း ငယ်မျှသာ ရှိခဲ့တဲ့  ၀တပ်ဖွဲ့ ဟာ ယခုအချိန်မှာ မြောက်ပိုင်း ဒေသမှာ တပ်မဟာ ၃ ခု နှင့် တပ်ရင်း ၂၂ရင်း တောင် ပိုင်း ဒေသမှာ တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း စုစုပေါင်း တပ်မဟာ ၈ခု ၊ တပ်ရင်း ၄၄ရင်း အမြဲတန်း စစ်အင်အား ၃၀၀၀၀ ခန့်  နဲ့ ခေတ်မီ လက်နက်များ တပ်ဆင် တည်ဆောက် ထား နိင်ပြီ ဖြစ်ပါတယ်။

တပ်မတော် နဲ့ ဝ တပ်ဖွဲ့ များ အကြား အပစ်အခတ် ရပ်စဲပြီး ကတည်းက ဆက်ဆံ ဆောင်ရွက်ခဲ့တဲ့  ဆက်ဆံရေး သ မိုင်း ကို ပြန်လည် သုံးသပ်ရ မယ်ဆိုရင် -

တပ်မတော် နဲ့ ပူးပေါင်း ဆောင်ရွက် ခဲ့တဲ့ ဖြစ်စဉ် နှစ်ခုနှစ်ဖက် တပ်များ ထိပ်တိုက် ရင်ဆိုင် အခြေအနေ တင်းမာမှု ဖြစ်စဉ် လေးခု စုစုပေါင်း ဖြစ်စဉ် ၆ခု ကြုံတွေ့ ခဲ့ရတာကို ပြန်လည် လေ့လာ သုံးသပ် နိုင်ပါတယ် ….

ပထမ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်

အပစ် အခတ် ရပ်စဲပြီး ကာစ ၁၉၉၀ ခုနှစ် တစ်ဝိုက်မှာ တောင်ပိုင်း ၀ဒေသက တပ်အချို့  နဲ့ ခွန်ဆာ ရဲ့  MTA တပ် တွေဟာ မူးယစ်ဆေးဝါး နဲ့ နယ်မြေ လု တဲ့ ပြသ နာများ ကြောင့် ဆက်ဆံရေး အတော်တင်းမာ လာပါတယ်ဒီတင်း မာမှုဟာ ၁၉၉၃ ခုနှစ်ဝန်းကျင် MTA အင်အား ၂၀၀၀၀ ကျော်ရှိလာချိန် SAM Series ဝေဟင် ပစ် ပုခုံးထမ်းဒုံး လက် နက်လို လက်နက်တွေ အပါအ၀င် ခေတ်မီ လက်နက် အများအပြား ပိုင်ဆိုင်လာချိန် ခွန်ဆာ အနေနဲ့  သူ့ ကိုယ်သူ ရှမ်းပြည် ရဲ့ သမ္မ တ အဖြစ် ထကြေငြာပြီး ချိန်မှာ စတင် ပေါက်ကွဲ ပါတယ်။

တိုက်ပွဲစ ဖြစ်ပွားတဲ့ အခါ လူအင်အား လက်နက်အင်အား အဖက်ဖက်က သာလွန်တဲ့  MTA တွေကြောင့် ၀တပ်ဖွဲ့ တွေ အတော် အထိနာ ကုန်ပြီး နောက်ဆုံးမှာ တပ်မတော် အစိုးရကို ဆက်သွယ် အကူအညီ တောင်းခံရ တဲ့ အနေအ ထား ထိ ဆိုက်ရောက်လာ ရပါတယ်။

တပ်မတော် နေရာက ကြည့်ရင် လက်ရှိ အင်အား ၂၀၀၀၀ ကျော် အထိ ရှိနေပြီးဟိုမိန်းမှာ ဋ္ဌာနချုပ်ကြီး ဖွင့်ကာ နိုင် ငံခြား သံတမန်တွေ တောင် လာတွေ့ နေရ တဲ့ အထိ ကြီးထွားလာနေတဲ့  ခွန်ဆာ ရဲ့ တပ်ဖွဲ့ တွေကို ထိန်းချုပ် နိုင်ဖို့ လိုကို လိုအပ်နေပါတယ်….

ဒါပေမယ့် ဒီထက်ပို အရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ရှိနေ ပါသေးတယ် အဲဒါကတော့ ယိုးဒယားနိုင်ငံက အစဉ်အဆက် ကျင့်သုံးလာတဲ့  ကြားခံ နယ်မြေ ၀ါဒ ( Buffer Zone Policy ) ပဲ ဖြစ်ပါတယ်…

ပြည် တွင်းစစ် သက်တမ်း တစ်လျောက် ဒီပေါ်လစီရဲ့  ဒဏ်ကို တပ်မတော် က ခံစားခဲ့ရ ပေါင်း များ လှပါပြီတိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့ စခန်းတွေ ကို ဒုက္ခသည် စခန်း အမည်ခံပြီး ဖွင့်ခွင့်ပေး ၊ လက်နက်ခဲ ယမ်းရိက္ခာ ထောက် ပံ့ မှု ဆေးကုသ ပေးနေမှု နယ်စပ် တစ်လျောက် သယံဇာ တများ ခိုးထုတ်မှု အပေါ် အိမ်နီးချင်း နိုင်ငံရဲ့အမြတ်ထုတ် နေမှုတို့ ဟာဒီ ပြည်တွင်းစစ် မီး ကို ဘယ်တော့မှ ငြိမ်းသတ်လို့ မရခဲ့ပါဘူး….

ဒီတစ်ခါတော့ တပ်မတော် အစိုးရ ရဲ့  အလှည့် ရောက်လာပါပြီတန်ပြန် ကြားခံ နယ်မြေ မူဝါဒ( Counter Buffer Zone Policy ) ဟာ စတင် အသက်ဝင် လာ ပါတော့မယ် ….၁၉၉၃ ခုနှစ် နှစ်လယ် ပိုင်းမှာမြောက်ပိုင်း ဒေသက ၀ တပ်ဖွဲ့ အများ အပြားဟာ တောင်ပိုင်း ဒေသကို စစ်ကူအဖြစ် ရုတ်တရက် ဘွားကနဲ ရောက်ချ လာပါတယ် ၀ တပ်တွေဟာ လက်နက်ခဲ ယမ်းကိုလဲ ဖောဖော သီသီ သုံးနိင်လာပြီး တိုက်ပွဲမှာ ဒဏ်ရာရ တဲ့ သူတွေ ဟာလဲ ရိက္ခာ နဲ့  ဆေးဝါး ကုသမှု တွေ ရုတ်တရက် ကောင်းမွန် လာတာကြောင့် …လျှင်လျှင် မြန်မြန် ပြန်ပြီး တာဝန်ထမ်းဆောင် နိုင်လာပါတယ်…

ဒီ တိုက်ပွဲ စဉ်တွေဟာ ၁၉၉၅ နှစ်ဦး အထိ ဆက်တိုက် ပြင်းပြင်းထန် ထန် ဖြစ်ပွား နေခဲ့ ပါတယ်နှစ်ဖက်စလုံးမှာ အင် အား ထောင်နဲ့ ချီ ကျဆုံးခဲ့ချိန်၊ ခွန်ဆာ အဖွဲ့ မှ ကမ်းရွက် ဦးဆောင်တဲ့ ရှမ်း အဖွဲ့ မှ အင်အား ၄၀၀၀ ထောင် နီးပါး နဲ့ ခွဲ ထွက်ကာ တပ်မတော် နှင့် အပစ် အခတ် ရပ်စဲလိုက်ချိန် စတဲ့  အချိန်မှာတော့ …

ခွန်ဆာ ရဲ့ အမ်တီအေ တပ်ဖွဲ့ ဟာတပ်မတော်ထံ လူအင်အား ၁၄၀၀၀လက်နက်မျိုးစုံ ၈၀၀၀ ကျော် မိုင်းမျိုးစုံ ၅၈၀၀၀ ကျော် ကျည်ဆန် ၂သန်းကျော် တို့ နဲ့ အတူ အကြွင်းမဲ့  လက်နက်ချ လိုက်ပါတော့တယ်….

ဒီနောက် မှာတော့ယိုးဒယား မြန်မာ နယ်စပ်မှာ အရင် ယိုးဒယားနဲ့ ပလဲနံပသင့်တဲ့  MTA ခွန်ဆာ့ တပ်ဖွဲ့ တွေ ရဲ့နေ ရာမှာအစားထိုး ၀င်ရောက်လာတဲ့  ၀ တပ် ဖွဲ့ တွေဟာ ယိုးဒယားနိုင်ငံ အတွက် အကျပ် ရိုက်စရာ Buffer Zone ကြီး တစ်ခု အဖြစ် ပေါ်ထွက်လို့ လာခဲ့ပါပြီ ….

ဒုတိယ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်

ဒုတိယ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်စဉ် ကတော့ ၂၀.၅.၂၀၀၂ ခုနှစ် နံနက် ၄ နာရီ ၁၅ မှာ စဖြစ်ပွားခဲ့တဲ့  ယိုးဒယား နဲ့  နယ်စပ်ဒေသ ကန့် သတ်စစ်ပွဲ အတွင်း မှာ ဖြစ်ပါတယ်…

နှစ်ဖက် စလုံးက နယ်စပ်ဖြတ် ကျော် တိုက်ခိုက်မှုများ အများအပြား ပြုလုပ်ခဲ့ပြီး ဒီ တိုက်ခိုက်မှုတွေ အတွက် ယိုး ဒ ယား ဖက်က SURA ရှမ်းလက်နက် ကိုင် တပ်တွေ ကို အသုံးပြုခဲ့ကာတပ်မတော် ဖက်ကတော့ ၀ တောင်ပိုင်းဒေသ အမှတ် ၁၇၁ စစ်ဒေသ လက်အောက်ခံ ၀ တပ်ရင်း များ အားလုံးလိုလို ပါဝင်တိုက် ခိုက်ခဲ့ပါတယ်…

၂၀၀၂ ခုနှစ် ဇွန်လလယ်မှာ ပြုလုပ်ခဲ့တဲ့  ညတိုက်ပွဲ တစ်ခုမှာ ၀တပ်ဖွဲ့ ဝင် အများ အပြားဟာ ယိုးဒယား နယ်မြေ ထဲကို နှစ်ကီလို မီတာ လောက် အထိ စိမ့်ဝင် သွားပြီး ယိုးဒယား အမြောက် စခန်းတွေရဲ့  ရှေ့ ကာတပ် စခန်းတွေ အား လုံးနီး ပါးကို ညတွင်းချင်း တိုက်ခိုက် ဖျက်ဆီး မီးရှို့  ပြစ်လိုက် တဲ့ အတွက် ယိုးဒယား အမြောက် စခန်းတွေ အကြီးအကျယ် တုန်လှုပ် ခြောက်ခြား ခဲ့ရဘူးပါတယ်…

ပထမ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

တပ်မတော် နဲ့  ၀ တပ်ဖွဲ့ တွေ ပထမဆုံး ထိပ်တိုက် ရင်ဆိုင်မိ တဲ့ ဖြစ်စဉ် ကတော့ ကိုးကန့် ဒေသ ဖုန် - လျှံ အရေး အခင်း မှာဖြစ်ပါတယ်။ တပ်မတော် အစိုးရ နဲ့ ပထမဆုံး အပစ်ခတ် ရပ်စဲရေး ယူထား တဲ့ ကိုးကန့် (M.N.D.A) အဖွဲ့ဟာ ၁၉၉၅ခုနှစ် နှစ်ကုန်ပိုင်းမှာ 'ဖုန်' မျိုးနွယ်စုက ဖုန်ကျားရှင်၊ ဖုန်ကျားဖူ၊ ဖုန်တာရှင်း တို့ ခေါင်းဆောင် တဲ့ အုပ်စု နဲ့ ' ရန်' မျိုးနွယ်စုက ရန်မိုး လျှံ၊ ရန်မိုးအန်း၊ ရန်ကျုံးဝေ၊ ရန်ကျုံးစီ တို့ ခေါင်းဆောင်တဲ့  အုပ်စု အဖွဲ့ တွင်း အာဏာ လုရင်းတိုက် ပွဲတွေ အကြီးအကျယ်ဖြစ်ပွားပါတယ်။ ရန်အုပ်စု ဘက်က ၀ တပ်ဖွဲ့ တွေ ၀င်ကူတဲ့ အတွက် ဖုန်အုပ်စု အကြီးအကျယ် အထိနာ ပါတယ်…

ချင်းရွှေဟော် မြို့ ပါ မီးတင်ရှို့ ခံရပြီး ဖုန်အုပ်စု ဘက်က တပ်အချို့ ဟာ မိန်းမ ကလေးတွေပါ အပါအ၀င်ဝ တပ်ဖွဲ့ တွေ ရဲ့ အ၀ိုင်းခံရပြီးလောက်ကိုင် မြို့ ထဲမှာ ပိတ်မိနေခဲ့ ပါတယ် .... အဲအချိန်မှာ အချိန်မီ ရောက် လာတာက မိတ္ထီလာ က မနားတမ်း တောက် လျောက် ချီတက် လာတဲ့  အမှတ် ၉၉ ခြေမြန် တပ်မပါ ….

ရောက် ရောက်ချင်း ပိတ်မိနေတဲ့ အရပ်သားတွေ နဲ့ ဝ တပ်ဖွဲ့ တွေ အကြား ၀င်ရောက် နေရာယူ ရင်ဆိုင်ထား လိုက်ပါ တယ် …တစ်ဆက် ထဲမှာပဲ မုံးကိုး မုံးဟောင် ဒေသဘက် ကို ထိုးဖောက်ဝင်ရောက် လာတဲ့ ၀တပ်ဖွဲ့  တွေကို ကျောက် မဲ အခြေစိုက် အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ် တပ်တွေက ကြားဖြတ် ၀င်ရောက် ဟန့် တား ရပ်တန့် စေ လိုက် ပါတယ်….

အခြေအနေ တင်းတင်း မာမာနဲ့နှစ်ဖက် တပ်တွေ ရက် အနည်းငယ်ကြာ ရင်ဆိုင် ထားပြီးတဲ့ နောက် ၀တပ်ဖွဲ့ တွေ ပြန်လည် ဆုတ်ခွာ သွား ခဲ့ပါတယ်။ ဒါ ပထ မ ဖြစ်စဉ် ဖြစ်ပါတယ်….

ဒုတိယ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

ဒုတိယ ဖြစ်စဉ် ကတော့ ၂၀၀၉ ခုနှစ် သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့  လောက်ကိုင် အရေး အခင်း ဖြစ်ပါတယ်သိန္နီမြို့ နယ် နမ့်ဆလတ် ကျေးရွာ အနီးမှာကားတစ်စီး လမ်းချော် တိမ်းမှောက်ပြီး ယာဉ်မောင်း များက ကားကို စွန့် ပြစ် ထွက်ပြေး သွားခဲ့ တဲ့ ဖြစ်စဉ်တစ်ခု မှာကားအတွင်း စနစ်တကျ ထုပ်ပိုးထားတဲ့  ဒေသန္နရ စက် ရုံထုတ် လက်နက် အများအပြား ကိုတွေ့ ရှိခဲ့ ရပါတယ် …

ဒီဖြစ်စဉ် ကြောင့် သြဂုတ်လ အတွင်းမှာ လောက် ကိုင်မြို့ ပေါ်က လူသုံးကုန် စက်ရုံ အဖြစ် ဟန်ပြထား တဲ့ မသင်္ကာ ဖွယ်ရာ နေရာ အများ အပြားကို မြန်မာနိင်ငံ ရဲတပ်ဖွဲ့ က ၀င်ရောက် စီးနင်းရှာ ဖွေခဲ့ ပြီး သြဂုတ်လ ၈ ရက်နေ့ မှာတော့ လောက် ကိုင် မြို့ အထွက် ရန်လုံကြိုင်း ဂိတ်နားက မသင်္ကာ ဖွယ် စက်ရုံ ကို ၀င်ရောက် ရှာဖွေတဲ့ ရဲတပ်ဖွဲ့ ဝင် ၃၀ ခန့်  ဟာအင်အား ၃၀၀ လောက်ရှိတဲ့  ကိုးကန့် တပ်ဖွဲ့ ဝင်တွေရဲ့ ဖမ်းဆီး ခြင်းကို ခံလိုက်ရပါတယ်…..

ဒီအဖြစ် အပျက်ကြောင့် တပ်မတော် အစိုးရဟာ လောက်ကိုင်မှာ တည်ရှိတဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက် ကိုင်) လက်အောက်ခံ တိုက်ခိုက်ရေး တပ်ရင်း ၅ ရင်းနဲ့ အမှတ် ၅၀၆ အမြောက် တပ်ရင်း ကို တပ်လှန့် ခဲ့ ပြီး ….

သိန္နီ အခြေစိုက် အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ကို သိန္နီ ကွမ်းလုံ ချင်းရွှေဟော် လောက်ကိုင် လမ်း တလျှောက် အလျှင်အမြန် ချီတက် လာစေ ကာ လောက် ကိုင်မြို့ ရဲ့ အချက် အခြာနေရာ တွေမှာ ၀င်ရောက် တပ်စွဲ နေရာယူလိုက် စေလိုက်ပါတယ်……။

သူ့ နောက်က တစ်ဆက် တည်း ကပ်ပါလာတဲ့  စစ်ကိုင်း အမှတ် ၃၃ ခြေမြန် တပ်မကတော့ ကိုးကန့်  ဒေသရဲ့ ဆက် သွယ်ရေး လမ်းကြောင်း များ အားလုံးကို ညတွင်းချင်း ထိန်းချုပ်ခဲ့ ပြီး မိတ္ထီလာဘက်က တက်လာတဲ့ အမှတ် ၉၉ ခြေ မြန် တပ်မ ကတော့ညီနောင်တံတားက တဆင့် ၀ ဒေသထဲကို ၀င်ရောက်သွားကာ ဟိုပန်…ပန်လုံ ဒေသမှာ ၀ တပ်ဖွဲ့  များနဲ့ မျက်နှာချင်းဆိုင်တပ်မ တစ်ခုလုံး နေရာယူ လိုက်ပါတယ်……

နောက် တစ်နေ့ မနက်မှာပဲ အမှတ် ၉၉ ခြေမြန် တပ်မ ဟာကိုးကန့် ဒေသနဲ့ ဝ ဒေသကြားမှာရှိတဲ့ ဆက်သွယ်ရေး လမ်း ကြောင်းများ အားလုံးကိုဖြတ်တောက် ပိတ်ဆို့ ပြစ် လိုက်ပြီး ကိုးကန့် အရေး အခင်းကြီး တစ်ခုလုံး ပြီးစီး သွား ချိန်အထိ ၀ တပ်ဖွဲ့ တွေကို ရင်ဆိုင်ထိန်းချုပ် ထားခဲ့ပါတယ်….ဒါ ဒုတိယ ဖြစ်စဉ်ပါ ….

တတိယ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

တတိယ ဖြစ်စဉ် ကတော့အဲဒီ ဖြစ်စဉ် နဲ့  တစ်ဆက် တည်း ဆက်ဖြစ် ပါတယ် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များကို BGF နယ်ခြား စောင့်တပ်ဖွဲ့ များ အသွင် ပြောင်းလဲ ပေးခဲ့ရေး မူ အရတပ်မ တော် အစိုးရဟာ အဲဒီ နှစ် စက်တင်ဘာ လဆန်းမှာဝ တပ်ဖွဲ့ များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ပေးရေး အစီအစဉ် ကို ဖိအားပေး တိုက်တွန်း လာပါတယ်…

ဝ တပ်ဖွဲ့ တွေဟာ ဒီအစီအစဉ်ကို မူအားဖြင့် သဘောတူညီခဲ့ ပေမယ့် နယ်ခြားစောင့် တပ်ဖွဲ့ တွေမှာ တပ်မတော်က ဒုတိယ တပ်ရင်းမှူး ရာထူး တစ်ခုသာ ပါဝင်ရေး ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းပေါက်၊ မိုင်းဖျံမြို့များ နှင့် ယိုးဒ ယား နယ်စပ်ရှိဝမ်ဟုန် ဒေသအား ၀ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသအတွင်း ထည့် သွင်း ပေးရေး စတဲ့ အချက် ကိုး ချက် ပါဝင်တဲ့ တောင်းဆိုချက် တစ်ခု ကို ပြန်လည် တောင်းဆိုခဲ့ပါတယ် …

တပ်မတော် အစိုးရ ကတော့ ဒီတောင်းဆို ချက်တွေကို လုံးဝ လက်မခံခဲ့ ဘဲ မိုင်းလား အထူး ဒေသ ၄ နဲ့ နယ်နိ မိတ် ချင်း ထိစပ်နေတဲ့ မိုင်းယန်းမြို့နယ် မိုင်းပေါက်၊ မိုင်းဖျန် ဒေသ အတွင်းရှိ ၀ တပ်ဖွဲ့ များကို ချက်ချင်း ပြန်လည် ရုပ်သိမ်း ပေးရန် ဆိုတဲ့ အချက်တွေနဲ့  ပြန်လည် တုန့် ပြန်ခဲ့ ပါတယ်…

ဒီပြသနာ ဟာ လ အတော်ကြာ ဖြစ်ပွားနေခဲ့ ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မှာ တပ်မတော် က ခြေမြန် တပ်မ ၃ခု က အသင့် အနေ အထား နဲ့ လာရောက် တပ်စွဲ ထားတဲ့ အထိ အခြေအနေ တင်းမာခဲ့ပါတယ်…

နောက်ဆုံးမှာ ၀ တပ်ဖွဲ့ တွေ နောက်ပြန် ဆုတ် သွားခဲ့ပေမယ့် နယ်ခြားစောင့် တပ်ဖွဲ့ စည်းရေး ကိစ္စကတော့ ဒီနေ့ အ ထိ သဘောတူ ညီမှု မရခဲ့ပါဘူး ….

ဒီတင်း မာမှု ရဲ့ အကျိုး ဆက် အဖြစ် ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲ ကျင်းပပြု လုပ်ချိန်မှာ ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း ပါမြို့ နယ် ခြောက် မြို့ နယ်မှ ဟိုပန်နှင့် မက်မန်း (မော်ဖာ) နှစ်မြို့နယ် မှာသာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ ပြီး ကျန်တဲ့ ဝ တပ်ဖွဲ့  ထိန်းချုပ်မှု ဒေသတွေ ဖြစ်တဲ့ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း မြို့နယ်တွေ မှာ ရွေးကောက်ပွဲ မပြုလုပ် နိုင်ခဲ့ ပါဘူးဒါက တတိယ ဖြစ်စဉ် ဖြစ်ပါတယ်…..

စတုတ္ထ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

စတုတ္ထဖြစ်စဉ်က ၂၀၁၃ ခုနှစ် မေလထဲမှာ စတင်ပါတယ် တဖြည်းဖြည်း နဲ့  နယ်မြေချဲ့ ထွင် တပ်စွဲလာတဲ့ ဝ တောင် ပိုင်း ဒေသ တပ်ဖွဲ့ စခန်းတွေကို တပ်မတော် က နောက်ပြန် ဆုတ်ခိုင်းတာ က နေ အစပြု တာဖြစ်ပါတယ်။ တာချီ လိတ်မြို့နှင့် အနီးတစ်ဝိုက်ရှိ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယွန်း အစရှိတဲ့ ဒေသတွေမှာ တပ်စွဲထားတဲ့ ‘၀’ တပ်စ ခန်း တွေ ကို နောက်ပြန် ဆုတ်ခိုင်းတာ ဖြစ်ပါတယ် ….

ဝတောင်ပိုင်း ဒေသတွင်း တပ်စခန်း တွေက တပ်ဖွဲ့ ဝင် အင်အား စာရင်း တင်ပြဖို့ တပ်မတော် မှ တောင်း ခံခဲ့ပြီး တပ်စ ခန်းအချို့ကို ဆုတ်ခွာဖို့ သတိပေး ခဲ့ခြင်း မဆုတ်ခွာတဲ့  တပ်စခန်းတွေကို တပ်မတော် တပ်ရင်းတွေက ၀ိုင်းထားခြင်း စ တဲ့ ဖိအား ပေးမှုတွေ ကို ပြုလုပ်ခဲ့ပါတယ်….

ဒီဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်က ခိုလန် မှာ အသစ်ဖွင့်လှစ်လိုက်တဲ့  အရှေ့ အလယ်ပိုင်း တိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ တပ်တွေပါ ပါဝင်လာပြီး ၀ တောင်ပိုင်း နဲ့  မြောက်ပိုင်း ဒေသ ရဲ့ ဆက်သွယ်မှု လမ်းကြောင်းတွေကို တပ်မတော်က ခေတ္တ ဖြတ်တောက် ထိန်းချုပ် နေရာယူထား ခဲ့ပါတယ်…

ဒီ အခြေ အနေ တင်းမာမှု ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့  ကျိုင်းတုံမြို့ မှာပြည်ထောင်စု ငြိမ်း ချမ်းရေး ကော် မတီ ကဒုတိယ ဥက္ကဌ ဦးသိန်းဇော် နဲ့ ဝ တပ်ဖွဲ့  ပြင်ပ ဆက်ဆံရေး ဋ္ဌာန ဋ္ဌာနကြီးမှူး ဦးကျောက် ကော်ကန် တို့ တွေ့  ဆုံဆွေးနွေးပြီး ၀ တပ်ဖွဲ့ စခန်း အချို့ ကို နောက်ပြန် ဆုတ်ပေး လိုက်တဲ့ နောက်မှာ အထိုက်အလျောက် ပြေလည်မှု ရ သွား ခဲ့ပါတော့တယ်….

( ရေးသားသူ - ရဲမိုး )

( အပိုင်း ၃ နောက်ရက် ဆက်တင်ပါမည် )
http://www.phophtawnews.org/burmese/index.php/feature/item/1116-2014-03-27-09-58-18.html

No comments:

Post a Comment