ondragstart="return false" onselectstart="return false"

Saturday, April 12, 2014

စာပေသစ်တည်ထွင်ဖို့ ကြံစည်နေသူအားလုံးစဉ်းစားဖို့ ...

ဆောင်းပါး - အဂ္ဂ

အစိုးရဟာ လူမျိုးစုပြည်နယ်တွေ ကိုယ်ပိုင်ပြဌာန်းခွင့်ပေးလိုက်ရင် ခွဲထွက်ကြမယ်ဆိုပြီးပေးဖို့ ငြင်းဆိုတဲ့ပြည်တွင်းစစ်ကို ဆင်နွဲတယ်။
ဒါပေမဲ့ တိုင်းရင်းသားလူမျိုးစုတစုကနေ စာတွေအမျိုးမျိုးကွဲပြီး မျိုးခွဲလေးတွေများများဖြစ်လာအောင်ကိုတော့ဝမ်းပမ်းတသာမြေတောင်မြှောက်တယ်...
ဘာသဘောလဲဆိုတာ မတွေးဘဲတောင်မြင်နိုင်တယ်။

စာရေးသူက လူမျိုးခြားတွေအခေါ်အရ ပိုးကရင်ပါ။ ဒါပေမဲ့ ကရင်ကလွဲပြီး ဘာကွဲပြားမှုကိုမှ ကိုယ်မခံယူပါ။ ကရင်အချင်းချင်းတွေ့ တဲ့အခါမှာ လဲ ခင်ဗျားက ပိုးလား စကောလားဆိုတဲ့ မေးခွန်းကိုရိုင်းတယ်လို့ ဘဲသဘောထားပါတယ်။ ဒီတော့ကရင်လို့ ဘဲခံယူထားတာမို့ ကရင်လို့ အသိအမှတ်ပြုဖို့ ဘဲလိုပါတယ်။

စကောတို့ ကရင်နီတို့  ပအိုတို့ ကိုထားလိုက်ဦး-ပိုးကရင်တခုထဲမှာတောင်စာ၃-၄မျိုးကွဲသွားအောင် ရန်သူက အကွက်ဆင် အားပေးခဲ့တယ်။ ဥပမာ အရှေ့ ပိုးဆိုရင် မူလက ခရစ်ယန်ကျမ်းစာတွေကိုပိုးကရင်တွေလွယ်လွယ်သင်ယူနိုင်ဖို့  ထွင်ထားတဲ့ ခရစ်ယန်ပိုးရှိတယ် -ပြန့် လဲပြန့်နှံနေပြီ၊ အနောက်ပိုးတွေလဲ ဒီစာကိုဘဲသုံးတယ်။ အဲလိုရှိနေတာကို လိုအပ်သလို အားလုံးပူးပေါင်းပြီး ပြုပြင်ဖြည့်စွက်မဲ့အစား ကရင်ဗုဒ္ဓ အရှေ့ ပိုးကရင်ဆိုပြီး ကရင်ပြည်နယ်ဥက္ကဌ ဒေါက်တာစောလှထွန်းခေတ်က လုပ်ချလိုက်ပြန်တော့ ဒါနဲ့အရှေ့ ပိုးစာ၂ခုဖြစ်သွားရော..

ဒါတင်ဘဲလားဆိုတော့ လယ်ကယ်ကရင်စာဆိုပြီးလယ်ကယ်ဘုန်းကြီးကျောင်းက ထုတ်တဲ့စာတွေထွက်လာပြန်ရော။ ရည်ရွယ်ချက်ကကောင်းပါတယ်။ ကရင်မျိုးကွဲမှန်သမျှ ကကိုယ့်အသံထွက်စကားအတိုင်းကိုယ်ရေးလို့ ရမဲ့ အက္ခရာနဲ့စာလုံးပေါင်းနည်းနာတွေ ဖြစ်တာကတကြောင်း၊ လေ့ဆောဝက်ဆိုတဲ့ ရှေးဟောင်း ကရင်ကြက်ယက်စာမူရင်းကို ပြန်ယူထားတာမို့ ပါ။ ဒီစာကိုအားလုံးက ၀ိုင်းလက်ခံလိုက်ပြီးသိပ္ပံနည်းကျ ကွန်ပြူတာနည်းကိုက် ဖြစ်အောင်လုပ်လိုက်ရင် ကရင်လူမျိုးတွေရဲ့ မျိုးခွဲစိတ်ဓါတ်တွေပေါက်ပွားနေမှုကို ရပ်တန့် သွားစေမှာပါ။

ကရင်တွေကံဆိုးတယ်ဆိုရမလား..ဒီစာကို ပြည်နယ်အစိုးရကရော တခြားစာတွေကိုခံယူထားတဲ့ ကရင်တွေကပါ အားပေးလက်ခံကျင့်သုံးခြင်းမရှိခဲ့ဘူး...တကယ်တော့
ဒီခေတ်မှာ စာပေအသစ်တခုထွင်တယ်ဆိုတာ တကယ်ဘဲ ကလေးကစားစရာတခု တီထွင်တာထက်တောင်လွယ်နေတဲ့ခေတ်ဆိုတာအမှန်ပါ.မကြိုက်လို့ ချဲ့ကားပြီး ပြောတာမဟုတ်ပါဘူး။ နဂိုလ်စာလုံးပေါင်းနည်းနဲ့ နဂိုလ်သဒ္ဒါတွေကိုနဂိုလ်အတိုင်းထားပြီး ဗြည်းနဲ့ သရတွေကိုဒီဇိုင်းပြောင်းလိုက်တယ် ဆိုတာနဲ့ စာအသစ်တခုဖြစ်ပါတယ်။
Fontographer ကိုင်တဲ့ကွန်ပြူတာဂရပ်ဖစ်သမားတွေ ကိုလုပ်ခိုင်းကြည့်ပါလား။ တရက်အတွင်းစာအမျိုးဘယ်နှစ်ရာလောက်လိုချင်လဲ။ Template တခုလုပ်ထားပြီး ခလုတ်တချက်နှိပ်ရင် ဒီဇိုင်းတမျိုးပြောင်းလို့ ရနေတယ်။ဒါပေမဲ့ပေါ့...သိတ်အရေးကြီးတဲ့ ဒါပေမဲ့...

ဒါပေမဲ့ ကိုယ်ထွင်တဲ့စာကို အားလုံးဝိုင်းသုံးဖို့ ဆိုတာက ပညာရေးပြဌာန်းခွင့်အာဏာမရှိဘဲ မဖြစ်နိုင်ဘူး။ ပညာရေးပြဌာန်းခွင့်အာဏာဆိုတာကလည်း ဖက်ဒရယ်ပြည်ထောင်စု မဟုတ်ဘဲလုပ်ပိုင်ခွင့်မရှိဘူး။ အသစ်ထွင်တဲ့လူကထွင် အဟောင်းသုံးတဲ့လူကသုံး.. နောက်ထပ်အသစ်ထွင်သူကလဲ နောက်ထပ်ထွင်။နောက်ဆုံးတော့ စာအမျိုးမျိုးပွထနေတဲ့ လူမျိုးတမျိုးအဖြစ်ကိုရောက်။ အဲဒီကနေ စာအလိုက် လူမျိုးခွဲလေးတွေ စိတ်ဝမ်းကွဲ ဂိုဏ်းကွဲ မှုတွေ ပြောင်တမျိုး အသံတိတ်တဖုံ အမျိုးမျိုးထပ်ကြီးထွားလာ။ အဲဒီကနေ နောက်ထပ်နှစ် ၁၀၀လောက်ကျ ကရင့်နောက်လာနောက်သားတွေက ကရင်မျိုးကွဲ ၁၀၀လောက်ရှိတယ်လို့  တလွဲဆံပင်ကောင်း။

ခင်ဗျားတို့ ဗမာလူမျိုးဟာ ကျစ်ရစ်တဲ့ ကျောက်ဆောင်ကြီးတခုအဖြစ်ကနေ သဲပွင့်လေးတွေလို ကျေမွသွားပြီး အမျိုးမျိုးကွဲပြားသွားမယ်ဆိုရင် ခင်ဗျားတို့ ဂုဏ်ယူမလားလို့  ညီနောင်ဗမာတွေကိုမေးကြည့်လိုက်ရင် "တို့ ဗမာတွေကို သောက်ရူးမှတ်လို့ လား"လို့ ပြန်မေးတာခံရနိုင်ပါတယ်ဗျာ...

လေးစားလျှက်ပါ….
အဂ္ဂ

2 comments:

saw pu lah said...

yes!!!! That right. Let open ours Karen leaders eyes.

lashio said...

ကျွှန်တော်က က၇င်လူမိုးအစစ်ပါ. က၇င်လူမိုးထဲမှာ ဘာလူမိုး ဘယ် ဘာသာ ထပ်ခွဲတာကို လက်မခံနိုင်ပါဘူး

Post a Comment