ondragstart="return false" onselectstart="return false"

Monday, October 25, 2010

ဒုတိယပင်လုံညီလာခံ ခေါ်ရန် အတိုက်အခံခေါင်းဆောင်များ သဘောတူ

“ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ကို ကျနော်တို့ ကြိုဆိုပါတယ်။ လက်မှတ်ရေးထိုးသွားတဲ့ NLD ခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များအားလုံးက ဂျောင်ပိတ်နေတဲ့ ဗမာပြည်နိုင်ငံရေး ရဲ့ အနေအထားကို ထွက်ပေါက်တစ်ခုအဖြစ် မီးမောင်းထိုးပြလိုက်တဲ့အတွက် အထူးကျေးဇူးတင်ပါသည်။ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု သာလျှင် ဒီတိုင်းပြည်ရဲ့ ပြသနာ အဖြာဖြာကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

ဝီရ / ၂၅ အောက်တိုဘာ ၂၀၁၀

စစ်အစိုးရ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီရေးအတွက် တိုးတက်ဖြစ်ထွန်းမည့် အပြောင်းအလဲ ဖြစ်လာမည် မဟုတ်၍ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်မည့် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင်များ၊ ဝါရင့် နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များက သဘောတူညီမှု ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံကို တစ်ပြည်ထောင်စနစ်လည်း မဟုတ်၊ ခွဲထွက်ရေးစနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရန်အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်းပသွားရန် အတိုက်အခံ ခေါင်းဆောင်တို့က ယခုကဲ့သို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က “ကြေညာစာတမ်းရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေး ရရှိရေး၊ တန်းတူရေးတို့အတွက် အခု ရွေးကောက်ပွဲက ဖန်တီးပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ လိုလားသူတွေ အားလုံး ပါဝင်မည့် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ ကျနော်တို့က လက်မှတ်ရေးထိုးတာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

“ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ဟု အမည်ပေးထားသော အဆိုပါကြေညာချက်ကို အောက်တိုဘာ (၂၄) ရက်၌ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကျင်းပခဲ့သည့် ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ၏ (၂၂)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြေညာချက်ကို အန်အယ်လ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်၊ ဝါရင့်နိုင်ငံရေးသမားကြီးများ ဖြစ်ကြသော ဦးအုန်းမောင်၊ သခင်သိန်းမောင်၊ ဦးညွန့်သိန်း၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (အမ်အန်ဒီအက်ဖ်) ဥက္ကဋ္ဌ နိုင်ထွန်းသိန်း၊ အမ်အန်ဒီအက်ဖ် ဒုဥက္ကဋ္ဌ နိုင်ငွေသိမ်း၊ ကရင်အမျိုးသားကွန်ဂရက်မှ စောဟာရီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းရွှေကြူး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထောင်ခိုထန်း၊ ဒေါက်တာ အောင်တင်ဦး စသည့် တိုင်းရင်းသားခေါင်းဆောင်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ဦးဝင်းတင်က “ဒီအချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ဖို့၊ ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် အတိုက်အခံ အင်အားစုတွေဘက်က နိုင်ငံရေးအရ စုစည်းမှုအင်အားတွေ ဖြစ်ပေါ်လာတဲ့အဆင့် ရောက်နေပါပြီ။ ဒီညီညွတ်မှုကို အခြေခံပြီး ဆွေးနွေးအဖြေရှာသွားဖို့နဲ့ အားလုံး တန်းတူညီမျှ ရှိစေမယ့် ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ အတူတကွ ပေါင်းစည်းနေထိုင်သွားနိုင်ဖို့ တူညီတဲ့ သံန္နိဋ္ဌာန် ချမှတ်ပြီး ဒုတိယပင်လုံ ခေါ်ယူဖို့ သဘောတူခဲ့ကြတာ ဖြစ်တယ်။ ဒါဟာ နှစ်ပေါင်းများစွာက တညီတညွတ်တည်း အားလုံး အတူတူ ချမှတ်နိုင်ခဲ့တဲ့ မှတ်တိုင်လည်း ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကြေညာချက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက်များကို မှန်ကန်သော ဦးဆောင်မှု၊ ညီညွတ်သော အင်အားဖြင့် ဆက်လက် ဆောင်ရွက်သွားရန်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် ဒီမိုကရေစီ လိုလားသော တိုင်းရင်းသားပြည်သူအားလုံး ညီညွတ်ရေးမှ အမျိုးသားပြန်လည်သင့်မြတ်ရေးသို့ ဦးတည်သော တွေ့ဆုံဆွေးနွေးရေးကို ဆက်လက် ဆောင်ရွက်သွားရန်နှင့် ဒုတိယ ပင်လုံညီလာခံတရပ် အမြန်ဆုံး ကျင်းပသွားရန် စသည့် သဘောတူညီချက် (၃) ချက်ပါဝင်သည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ နိုင်ငွေသိမ်းက “တိုင်းရင်းသားတွေရဲ့ ပြဿနာက တနေ့တခြား အခြေအနေတွေ တဖြည်းဖြည်း ဆိုးဝါးလာနေတယ်။ ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း ဒီပြဿနာကို ပိုကြီးထွားလာမယ့် အလားအလာ ရှိနေတဲ့အတွက် ဒါကို ကိုယ်တွယ်ဖြေရှင်းသွားနိုင်ဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်သွားနိုင်ဖို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်တရပ်အတွက် ညီလာခံခေါ်ဖို့ လိုအပ်လာပြီ ဖြစ်တဲ့အတွက် ဒါကို သဘောတူတယ်။ ဒါကြောင့် ကျနော်လည်း လက်မှတ်ထိုးခဲ့တယ်။ အခြားသော တိုင်းရင်းသားခေါင်းဆောင်တွေကလည်း သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေအတွက် ဖြေရှင်းသွားနိုင်မယ့် တခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါ သဘောတူညီချက်အတွက် ကြိုတင်ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး လူဦးရေ (၁၀၀၀) ကျော် တက်ရောက်ခဲ့သည့် ကလေးမြို့ ဇိုမီးအမျိုးသားကွန်ဂရက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

ညီလာခံတရပ် အမြန်ဆုံး ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ ညီလာခံသည် နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲ နောက်ပိုင်းကာလ၌ ဖြစ်နိုင်ကြောင်း ဦးပူကျင့်ရှင်းထန်က ပြောသည်။
http://www.khitpyaing.org/index.php?route=detail&id=5096

No comments:

Post a Comment