ondragstart="return false" onselectstart="return false"

Monday, October 4, 2010

ခေတ်မီသောနိုင်ငံတော်၏ အဓိပ္ပာယ်

NEJ / ၀၄ အောက်တိုဘာ ၂၀၁၀

တိုင်းပြည်တိုင်း ခေတ်မီလိုကြသည်။ ထိုကြောင့် ခေတ်မီအောင်လုပ်မည့် လမ်းစဉ်များကို နိုင်ငံ့ခေါင်းဆောင်များ ထောက်ခံအားပေးကြသည်။ လွတ်လပ်ရေးရစ နိုင်ငံသစ်အဖို့ ခေတ်မီသည်ဆိုသည်မှာ တက်ကြွမှု၊ ပြည်သူနဲ့ပတ်သက်မှု၊ ဒီမိုကရေစီကျမှု၊ မျှမျှတတရှိမှု၊ သိပ္ပံနည်းကျမှု၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၊ အချုပ်အခြာအာဏာပိုင်မှုနှင့် သြဇာတိက္ကမရှိမှုများပင် ဖြစ်သည်။ ခေတ်မီလိုသူများသည် ရှေးဟောင်းစနစ်၏ အကြွင်းအကျန် (မြေရှင်ပဒေသရာဇ်၊ စော်ဘွား၊ ဘုရင်စနစ်) စသည်များကို ဆန့်ကျင်၏။

ခေတ်မီသော အသွင်လက္ခဏာရပ်များတွင် ဒီမိုကရေစီရှိရန်လည်း ပါဝင်သည်။ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်အစိုးရ မဖွဲ့နိုင်ပါက မျှမျှတတဖြစ်ရန် egalitarian လိုအပ်သည်။ ခေတ်မီအောင် လုပ်ရာတွင် အစဉ်အလာအခွင့်ထူးခံ လူတန်းစားနှင့် သူဌေးလူတန်းစားတို့၏ ရပိုင်ခွင့်နှင့် အာဏာကို ဖျက်သိမ်းရန်လိုသည်။ အရွယ်ရောက်သူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် ရှိရပါလိမ့်မည်။ ခေတ်မီသောနိုင်ငံ၌ အုပ်ချုပ်သူသည် ပြည်သူ့တာဝန်ကို ထမ်းဆောင်ရသည်။ တိုင်းသူပြည်သားတိုင်း ပညာသင့်ခွင့်ရ၍ ကြိုးစားလျှင် ကြိုးစားသလို အကြိုးခံစားခွင့်ရှိခြင်းသည်လည်း ခေတ်မီသော လက္ခဏာတရပ်ဖြစ်သည်။

စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုသည် ခေတ်မီသောလက္ခဏာတရပ်ဖြစ်၏။ စက်မှုအသွင်ပြောင်းလာပြီး လူနေမှုအဆင့်မြင့်လာသည့် တိုးတက်မှုမျိုးကို ဆိုလိုသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ပါက ခေတ်မီသည်ဟု မပြောနိုင်ပါ။ သမိုင်းကိုပြန်ကြည့်က ချမ်းသာကြွယ်ဝမှုနှင့် ဒီမိုကရေစီရေရှည်ခံမှု ဆက်စပ်နေသည်ကို တွေ့ရ၏။ ယင်းသို့ဆိုပါက ချမ်းသာကြွယ်ဝမှ လွတ်လပ်မည်လားဟု မေးရပေမည်။ ပထမလိုအပ်ချက်မှာ သီးခြားလွတ်လပ်သော လုပ်ငန်းရှင်လူတန်းစား သြာဇာအာဏာရှိလာရန်ဖြစ်သည်။ အာဏာပိုင်များ၏ မတရားအနိုင်ကျင့်မှုမှ ကင်းလွတ်သော လုပ်ငန်းရှင်လူတန်းစား ရှင်သန်ရန် အရေးကြီးသည်။ ဒုတိယလိုအပ်ချက်မှာ ဤလူတန်းစားသစ်နှင့် အစိုးရတို့ ပြိုင်ဆိုင်လာသည့်အခါတွင် အစိုးရဘက်၌ လောဘကြီးမှု၊ ဖောက်ပြန်မှုနည်းပါးလာပြီး လူ့အဖွဲ့အစည်း၏လိုအပ်ချက်ကို နားလည်လာဖို့လိုသည်ဟူ၏။ စီးပွားရေးလွတ်လပ်မှု economic liberalization များလေလေ လုပ်ငန်းရှင် လူတန်းစား အားကောင်းလေလေ အရပ်သားအဖွဲ့အစည်း civil society များလေလေမို့ နောက်ဆုံး၌ ဒီမိုကရေစီလမ်းပေါ် ရောက်သွားသည်ဟု ယူဆကြသည်။

သို့သော်လည်း လွတ်လပ်သောအရင်းရှင်စနစ် ရှင်သန်တိုးတက်မှုနှင့် ငွေရှိမှုသည် အလွန်ခြားနားသည်။ ရေနံထွက်သော အာရပ်နိုင်ငံများတွင် ရေနံရောင်း၍ ရထားသည့် ဒေါ်လာငွေအများကြီး ရှိသော်လည်း စာမတတ်သူများပြီး လုပ်ငန်းရှင်လူတန်းစား နည်းပါးသည့်အတွက် လွတ်လပ်သော အရင်းရှင်စနစ် မရှင်သန်ဟု သုံးသပ်ကြ၏။ ထို့ကြောင့် ဤနိုင်ငံများတွင် ငွေရှိသော်လည်း ဒီမိုကရေစီနှင့် လွတ်လပ်မှု ဆိတ်သုဉ်းနေ၏။ ထိုနည်းလည်းကောင်းပင် သဘာဝသယံဇာတ ကြွယ်ဝလေလေ တိုးတက်မှုနည်းပါးလေလေ ဖြစ်နေသည်ကို တွေ့ရသည်။ ၁၉၇၀ မှ ၁၉၉၀ အထိ အနှစ် (၂၀) ကာလ ဖွံ့ဖြိုးစနိုင်ငံ (၉၇) နိုင်ငံကို စစ်တမ်းကောက်ယူကြည့်သောအခါတွင် အများစုသည် သဘာဝသယံဇာတကြွယ်ဝပြီး စီးပွားရေး၊ နိုင်ငံရေး တိုးတက်မှု နည်းပါးသည်ကို တွေ့ရ၏။ သဘာဝသယံဇာတပစ္စည်း ရောင်းစားသော အစိုးရသည် တိုင်းသူပြည်သားကို အခွန်စည်းကြပ်စရာ မလိုသည့်အတွက် တိုင်းပြည် ခေတ်မီတိုးတက်အောင် လုပ်ပေးရန်လည်း တာဝန်မယူပါ။ ဥပမာ ဆော်ဒီအစိုးရ၊ မြန်မာစစ်အစိုးရကို လေ့လာသင့်သည်။

ခေတ်မီသော အချက်များထဲတွင် အမျိုးသားအချုပ်အခြာအာဏာပိုင်ဆိုင်မှုလည်း ပါဝင်သည်။ အချုပ်အခြာ အာဏာပိုင်နိုင်ငံသည် ကိုယ်ပိုင်လွတ်လပ်မှု ရှိရုံတင်မကဘဲ ကမ္ဘာတွင် ရိုသေလေးစားခံရပြီး သြဇာတိက္ကမရှိသည်ဟုလည်း ဆို၏။ အာရှလူ့အဖွဲ့အစည်းသည် ရှေးဟောင်းဖြစ်ပြီး အုပ်ချုပ်သောအစိုးရသည်သာ ပုံစံသစ်ဖြစ်နေသည်။ အာရှ-အာဖရိက နိုင်ငံရေးဓလေ့ထုံးစံတွင် အခြေခံဥပဒေအရ ပြည်သူ့ကိုယ်စားအုပ်စိုးသော ဒီမိုကရေစီစနစ်မျိုး မရှိခဲ့ဖူးပါ။ ခေတ်မီသည်ဆိုသည်မှာ အနောက်တိုင်းကို အားမကိုးဘဲ အနောက်နိုင်ငံကဲ့သို့ ကျင့်ကြံခြင်းဖြစ်၏။ အနောက်တိုင်းအတတ်ပညာကို လက်ခံသော်လည်း နိုင်ငံရေးလမ်းစဉ် ချမှတ်ရာတွင်သာ အနောက်တိုင်းကို ဆန့်ကျင်နေကြသော နိုင်ငံများလည်းရှိသည်။ နိုင်ငံသစ်၌ ကျင့်သုံးသော အစိုးရစနစ်နှင့် ယခင်ကရှိခဲ့သော ရှေးဟောင်းအဖွဲ့အစည်းသည် သဟဇာတ မဖြစ်သည်ကများသည်။

စစ်တပ်ဆိုသည်မှာ ကန့်သတ်မှုကျဉ်းမြောင်းသည့်ဇာတ်စနစ် (သို့မဟုတ်) ကျေးလက်ဆွေမျိုး အသိုင်းအ၀ိုင်းနှင့်ဆင်သည်ဟု ဆိုရိုးရှိသည်။ ဇာတ်စနစ်နှင့် ကျေးလက်အစဉ်အလာ၏ ဘောင်ခတ်မှုကို ခံရသူတဦးသည် နိုင်ငံရေးစိတ်ဓာတ်အပြည့်ရှိသော ခေတ်မီနိုင်ငံသား Modern Citizen ဖြစ်လာရန် အခက်အခဲရှိသည်ဟု သုံးသပ်ကြ၏။ မည်သည့်အတွက်ကြောင့်ဆိုသော ဤကျဉ်းမြောင်းသောစနစ်အတွင်းရှိ လူသားသည် နီးစပ်ရာဆွေမျိုးလောက်ကိုသာ သစ္စာရှိနေ၍ပင်ဖြစ်၏။ ဤသို့သော ပုဂ္ဂိုလ်များသည် ၎င်းတို့၏ ကျဉ်းမြောင်းသော ကိုယ်ကျိုးစီးပွားကို မြှင့်တင်ပေးမည့် ခေါင်းဆောင်ကိုသာ လိုလားကြသည်။ ဤသည်ကြောင့် မိမိကိုယ်ကျိုးစီးပွားကိုသာ သစ္စာရှိသော အကျင့်ဓလေ့သည် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည်။ တရားဥပဒေကို ဂရုမစိုက်ဘဲ မိမိအုပ်စု၏ အကျိုးစီးပွားကိုသာ ဦးစားပေးသော အစိုးရကို အဂတိလိုက်စားသည်ဟု လူထုကမြင်သည်။

အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံရသူ လူတန်းစားအကြား နိုင်ငံရေးကွာဟမှု ကြီးမားလာလေလေ ခေတ်မီနိုင်ငံတော် (polity) တည်ထောင်ရာတွင် အခက်အခဲ ကြီးမားလေလေဖြစ်နေသည်။ စစ်မှုထမ်းလောက၏ ကျဉ်းမြောင်းလှသော ဇာတ်အမြင်ကြောင့် စစ်တပ်အဖို့ အမျိုးသားနိုင်ငံရေးပါတီကို တည်ဆောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်၏။ အရာရှိအဆင့်အတန်းကိုလိုက်၍ ပါတီ၌ နေရာပေးခြင်းသည် ပါတီမဟုတ်ဘဲ ဗျူရိုကရေစီသာဖြစ်၏။ အချို့တိုင်းပြည်များတွင် နိုင်ငံရေးပါတီများသည် ခေါင်းဆောင်များ၏ ခါးပိုက်ဆောင်အဖွဲ့လို ဖြစ်နေသည်။ ဒီမိုကရေစီအခြေခံဥပဒေအရ အုပ်ချုပ်သော တိုင်းပြည်များ၌ပင် အမျိုးသားပါတီ မကြီးစိုးနိုင်ပါက အုပ်စုနှင့် ဂိုဏ်း မဟာမိတ်လုပ်၍ အစိုးရဖွဲ့ရသည်။

မြန်မာစစ်တပ်သည် စစ်ဗိုလ်လူတန်းစား၏ ကိုယ်ကျိုးစီးပွားကို အဓိကထားသည့် အလွန်ကျဉ်းမြောင်းသောအမြင်ဖြင့် မဆလပါတီကို တည်ထောင်သောကြောင့် တပြည်လုံးကို ကိုယ်စားပြုသော ပါတီဖြစ်မလာပါ။ လက်ရှိကြံ့ဖွံ့ပါတီသည်လည်း မဆလပါတီ သွားရာလမ်းအတိုင်း လျှောက်နေသည်။ ယုံကြည်ချက်မရှိသော အချောင်သမားများ တည်ထောင်သော ပါတီဖြစ်နေ၏။ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူအကြား ကွာဟချက်ကြီးမားလွန်းသဖြင့် ခေတ်မီနိုင်ငံတော် modern polity ကို ဖွဲ့စည်းရာတွင် အခက်အခဲများစွာ ရှိသည်။

ဆင်းရဲချမ်းသာ မညီမျှမှုကြောင့် ဖြစ်ပေါ်လာရသော မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုရန် အခွင့်အလမ်းမရှိ ဖြစ်နေပါက မြိုသိပ်ထားသော မကျေနပ်မှုများ ပိုမိုများပြားလာဖွယ်ရှိ၏။ လူတန်းစားစိတ်ဓာတ်သည်လည်း ပိုပြီးပီပြင်လာသည်။ မညီမျှသော လူတန်းစားများကြားတွင် ပဋိပက္ခဖြစ်ပေါ်လာနိုင်သည်။ စီးပွားရေး တိုးတက်မှုနှေးကွေးသော တိုင်းပြည်များတွင် တက္ကသိုလ်ပညာသင်ရန် အခွင့်အရေးနည်းသောကြောင့် အလုပ်အကိုင်ပြောင်းလဲဖို့ အခွင့်အလမ်းသည် နည်းသွားသည်။ ထိုအခါ၌ ကျေးလက်လူငယ်အများအပြား စစ်ထဲဝင်ကြသည်။ ကုန်သည်၊ လယ်သမားနှင့် လက်လုပ်လက်စားက ဆင်းသက်လာသော စစ်ဗိုလ်များလာသည်။

၎င်းတို့သည် ပညာမတောက်တခေါက်နှင့် စစ်ဗိုလ်ဘ၀ ရောက်လာကြသော်လည်း စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းရှင်၊ အရပ်သားနိုင်ငံရေးသမားများ အကျိုးစီးပွား ကွာခြားသည်ကို သဘောပေါက်ကြသည်။ စီးပွားရေး မတိုးတက်လေလေ ထွက်ပေါက်နည်းပြီး စစ်ထဲရောက်သူ များလေလေ ဖြစ်လာနိုင်သည်။ ဤစစ်ဗိုလ်လူတန်းစားသည် စီးပွားရှာရန် တပ်ထဲဝင်သည်ဖြစ်၍ နိုင်ငံတော်ခေတ်မီသည် မမီသည် စဉ်းစားတွေးတောနေမည်မဟုတ်ပါ။ တပ်ထဲရှိစဉ် ရသမျှ ခိုးဝှက်ပြီး အခွင့်သာသည်နှင့် တပ်မှ ထွက်ကြမည်ဖြစ်သဖြစ် စစ်ဗိုလ်နိုင်ငံရေးလုပ်စားနေသမျှ ခေတ်မီနိုင်ငံတော် တည်ဆောက်နိုင်မည်မဟုတ်ပါ။
http://www.khitpyaing.org/index.php?route=detail&id=4916

No comments:

Post a Comment