ondragstart="return false" onselectstart="return false"

Wednesday, October 27, 2010

နအဖ၏ အလံသစ်အပေါ် NUPA ၏ သဘောထား ထုတ်ပြန်ချက်


နအဖသည် မိမိတို့အကျိုးအတွက်ဆိုလျှင် လုပ်ချင်သလိုလုပ်တတ်သော မင်းမဲ့စရိုက်ရှိသည့်
အဖွဲ့အစည်းဖြစ်ကြောင်း အစဉ်အဆက် လုပ် ရပ်များက သက်သေပြခဲ့ပြီးဖြစ်သည်။ ယခုလည်း
၂၀၁၀-ရွေးကောက်ပွဲအတွက် သူတို့ချမှတ်ထားသည့် ဥပဒေစည်းကမ်းများကို သူတို့ စိတ်ကြိုက်
ချိုးဖေါက်ချင်သလိုချိုးဖေါက်ပြီး မတရားသည့်လုပ်ရပ်များကို ကျူးလွန်ချင်သလိုကျူးလွန်နေသည်။ ပို၍အရုပ်ဆိုးသည်မှာ တမြန်နေ့(၂၂/၁၀/၂၀၁၀-နေ့)က နိုင်ငံတော်အလံဆိုပြီး အလံသစ်တခုကို ဆိုင်းမဆင့်ဗုံမဆင့် လွှင့်ထူလိုက်ပြန်သည်။

ဗမာ့အမျိုးသားရေးကိုကိုယ်စားပြုခဲ့သည့် “ဒို့ဗမာအစည်းအရုံး”၏အလံနောက်ခံဖြစ်သော
“အ၀ါ၊အစိမ်း၊အနီ”သုံးရောင်ခြယ် နောက်ခံတွင် ဂျပန်တော်လှန်ရေးကာလကသုံးခဲ့သော“ကြယ်ဖြူ”ကို ဖေါ်ပြထားသည်။ လွတ်လပ်ရေးတိုက်ပွဲကာလတုန်းက “ဒို့ဗမာအစည်းအရုံး”သည် ဗမာအမျိုးသားကို
ကိုယ်စားပြုခဲ့သကဲ့သို့ ယင်း၏အလံတော်သည်လည်း ဗမာအမျိုးသားကို ကိုယ်စားပြုခဲ့သည်။
သို့သော် လွတ်လပ်ရေး ရပြီးနောက် “ပြည်ထောင်စုမြန်မာနိုင်ငံ”ဟု ကြေငြာသည့်နေ့မှစ၍
ယင်းအလံသည် ပြည်ထောင်စုကို ကိုယ်စားမပြုတော့ချေ။

၁၉၄၇-ခုအမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲစည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ယင်းဥပဒေက အတည်ပြုပြဌာန်းလိုက်သော အလံတော်သည်သာ ပြည်ထောင်စုပြုအမျိုးသားများ၏ဆန္ဒပါဝင်သည့်၊ ပြည်ထောင်စုကိုကိုယ်စားပြုသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ ဖြစ်လာခဲ့သည်။ မဆလလက်ထက်က အလံတော်သည်ပင်လျှင် ပြည်ထောင်စုပြုအမျိုးသားများ၏ ဆန္ဒသဘောထားမပါခဲ့သော်လည်း ပြည်နယ် ၇-ပြည်နယ်၊ တိုင်း ၇-တိုင်းကို ကိုယ်စားပြုထားသော ကြယ် ၁၄-လုံးပါရှိပြီး မဆလ က ဦး ဆောင်သည့် အမျိုးသားလွှတ်တော်မှ
အတည်ပြုပေးခဲ့သဖြင့် ပြည်သူက တပိုင်းတစ လက်ခံခဲ့ရသည်။

ယမန်နေ့ကလွှင့်ထူလိုက်သော နအဖ၏အလံမှာမူ မည်သည့်လွှတ်တော်၊
မည်သည့်ပြည်သူ့ဆန္ဒခံယူမှုမှမရှိဘဲ၊ ပြည်သူကိုလည်းအသိ ပေး ကြေငြာခြင်းမရှိဘဲ
လွှင့်ထူခဲ့သဖြင့် ဤအလံသည် ဗမာလူမျိုးကိုလည်းကိုယ်စားမပြု၊
တိုင်းရင်းသားများကိုလည်းကိုယ်စားမပြု၊ ပြည် ထောင်စုကိုလည်း ကိုယ်စားမပြုချေ။
သို့ဖြစ်၍ ဤအလံသည် ပြည်ထောင်စုအလံ(သို့မဟုတ်)နိုင်ငံတော်အလံမဟုတ်ဘဲ စစ်အုပ်စုတခု၏
အလံမျှသာဖြစ်ပေလိမ့်မည်။ ၂၀၀၈-ဖွဲ့စည်းပုံဥပဒေအရ ၂၀၁၀-ရွေးကောက်ပွဲမှ
ဖွဲ့စည်းပေးမည့် အမျိုးသားလွှတ်တော်က အတည်ပြုမှ သာ ဤအလံသည် အတည်ဖြစ်လာရမည်ဖြစ်သည်။

ယခုမူ ယင်းသို့မဟုတ်ဘဲ နအဖက သူတို့သဘောတခုတည်းဖြင့်လုပ်ဆောင်လိုက်ခြင်းသည်
ဖြစ်ပေါ်လာမည့်ပါလီမံအပေါ် နအဖ၏ မူရင်း သဘောထားကို ထင်ဟပ်စေသည်။ မည်သို့ပင်ဖြစ်စေ
ကျွန်ုပ်တို့ဖက်မှ ဤအလံ၏အဓိပ္ပါယ်ကိုဖွင့်ဆိုရလျှင် “ဒို့ဗမာအစည်းအရုံး”၏ အလံ
နောက်ခံနှင့် တပြည်ထောင်စနစ်ကိုကိုယ်စားပြုသည့် ကြယ်ကြီးတလုံးကိုသုံးထားသဖြင့်
ဤအလံ၏ရှေ့ပြေးနိမိတ်မှာ“မဟာဗမာလူမျိုးကြီး ၀ါဒကိုအခြေခံသော တပြည်ထောင်စနစ်”သာ
ဖြစ်လာပေလိမ့်မည်။ ပြည်ထောင်စုပြုတိုင်းရင်းသားအမျိုးသားများ၏ နိုင်ငံရေးအရတန်းတူ
ရေးနှင့်ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ဖန်တီးပိုင်ခွင့်အာမခံချက် လုံးဝမရှိသည့်လက္ခဏာဖြစ်သည်။ အခြားတဖက်တွင် “အချုပ်အချာအာဏာ (၃)ရပ်ကို ထိမ်းချုပ်ထားသော စစ်အုပ်ချုပ်ရေး”ကိုဖေါ်ညွှန်းသည့် လက္ခဏာလည်း ဖြစ်ပေလိမ့်မည်။

သို့ဖြစ်၍ နအဖ၏ ယခုကဲ့သို့နိုင်ငံတော်အလံဆိုပြီး သူတို့ရေးဆွဲထားသောအလံကို
ရုတ်တရက်လွှင့်ထူလိုက်ခြင်းသည် “တပြည်ထောင် ဗမာ့စစ်အင်ပါယာ”ကိုဖေါ်ဆောင်မည့်
ရွေးကောက်ပွဲသာဖြစ်လာမည်ကို ဗြောင် ကြေငြာလိုက်ခြင်းဖြစ်ကြောင်း တင်ပြအပ်ပါသည်။

- တပြည်ထောင်ဗမာ့စစ်အင်ပါယာစနစ်ကို ဖြစ်ပေါ်စေမည့် ရွေးကောက်ပွဲကို
ဆန့်ကျင်ကြ။
- လူ့အခွင့်အရေးနှင့်ဒီမိုကရေစီလွတ်လပ်မှု အာမခံချက်မရှိသော၊ တရားမျှတမှု လုံးဝမရှိသော
ရွေးကောက်ပွဲကို ဆန့်ကျင်ကြ။
- နိုင်ငံရေးအရတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် လုံးဝအာမခံချက်မရှိသော ရွေးကောက်ပွဲကိုဆန့်ကျင်ကြ။
- နိုင်ငံတော်ကို တရားဥပဒေစိုးမိုးမှုအောက်မှ ကင်းဝေးစေမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြ။

ပြန်ကြားရေးနှင့် စည်းရုံးရေးဌာန
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)
ရခိုင်ပြည်။

အောက်တိုဘာလ ၂၃-ရက်၊ ၂၀၁၀-ခု။

1 comment:

Anonymous said...

ဘမာတွေသူ့တို့လူမျိုးရေးစိတ်ဓာတ်အရသူတို့သုံးရောင်ခြယ်အလံကိုသူတို့နဲ့သာသက်ဆိုင်သောအခြေအနေတွေမှာသုံးတာကိုဘာမှမပြောချင်ဘူး
ဒါပေမဲ့နိုင်ငံတော်အလံနဲ့ပတ်သတ်လာရင်တော့ဒီတိုင်းပြည်ရဲ့သမိုင်းနဲ့အမျိုးသားတန်ဖိုး(ဘမာတမျိုးတဲကိုမစိုလိုပါ)ကိုထင်ဟတ်စေသောအလံသာဖြစ်သင့်တယ်။
နအဖကဒီသုံးရောင်ခြယ်အလံကိုကြယ်တပ်သုံးတယ်။ ရှင်းရှင်းပြောရရင်ဘမာတွေကိုသာကိုယ်စားပြုတဲ့အလံ။တိုင်းရင်းသားတွေကိုဖုတ်လေသိငပိရှိလေသည်မထင်တဲ့အလံ။
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံ ကနအဖထက်အရင် ပြည်ထောင်စူအဒိတ်ပယ်မပါတဲ့အလံကိုသုံးခဲ့တော့ -- စဉ်းစားစရာတွေကြီးဘဲ။
အာဏာရဘမာနဲ့အတိုက်အခံဘမာမှာ ထပ်တူထပ်မျာ့ရှိနေတဲ့အလံနဲ့ဘမာမျိုးချစ်စိတ်ဓာက်။ အဆိုးဘက်ကဆိုပေမဲ့ထပ်ပြောရရင်ဘမာလူမျိုးကြီးဝါဒ။
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရလဒီအလံတူနေတာကို လေသံလေးတောင်မဟဘူး။ ဒါလည်းတွေးစရာဘဲ။
လေးစားလျက်
သူ့မူဒို

Post a Comment