ondragstart="return false" onselectstart="return false"

Friday, July 15, 2011

ပီဒါဆင် ရေးတဲ့ ကရင့်အရေးစာအုပ် အမှားတပုံတပင်

မာ့က် ဖာမနာ (Mark Farmaner)

မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ကရင်လူမျိုးတို့၏ တော်လှန်ရေးအကြောင်း စာအုပ်များ အရေအတွက်ကား ပို၍ များပြား လာနေသည်။ သို့သော် မိုက် တာ့ကာ Mike Tucker ရေးသားသည့် 'ကင်းလှည့်ခရီးရှည်' The Long Patrol ဟူသည့် စာအုပ်ပြီးလျှင် ဒယ်နီရယ် ပီဒါဆင် Daniel Pederson ရေးသားသည့် ယခုစာအုပ် 'တိတ်တဆိတ်ဖြင့် အစုအပြုံလိုက် သတ်ဖြတ်နေမှု' Secret Genocide က အဆိုးရွားဆုံး ဖြစ်လိမ့်မည်။

ဤစာအုပ်တွင် အမှားအယွင်းများ ပြည့်နှက်နေသည်။ စာအုပ်မစခင် ကတည်းက ယဉ်သလို ဆိုသလို၊ အမှားများနှင့် စလာခဲ့သည်။ စာအုပ်နောက်ကျောဖုံးတွင် ကရင်များက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသည်ဟု
ဖော်ပြထားသည်။ အမှန်မှာ ၁၉၇၆ ခုနှစ်ကတည်းက ယခင် လွတ်လပ်ရေးတောင်းဆိုသည့် မူဝါဒကို စွန့်လွှတ်ခဲ့ပြီး၊
မြန်မာနိုင်ငံ၏ တစိတ်တပိုင်း၊ ဖက်ဒရယ်ပြည်နယ်အဖြစ် နေထိုင်ရန် တောင်းဆိုသည့် မူဝါဒသို့ ပြောင်းလဲ ချမှတ်ခဲ့ပြီး ဖြစ်သည်။

စာအုပ်၏ ပထမဦးဆုံးစာကြောင်းကလည်း အဓိပ္ပာယ်ကောက် secret-genocide-bookလွဲစရာ
ဖြစ်နေပြန်သည်။ ၁၉၄၉ ခုနှစ်တွင် ကရင်များက ကမ္ဘာသို့ သူတို့ဘာသာ
သူတို့ ကာကွယ်ခုခံကြမည်၊ သူတို့၏ ယဉ်ကျေးမှု ဝိသေသလက္ခဏာကို ကာကွယ်ကြမည်ဟု ကြေညာခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော်
ကရင်များက သူတို့ယဉ်ကျေးမှုနှင့် ဝိသေသလက္ခဏာကို ဆယ်စုနှစ်များစွာကတည်းက ထိန်းသိမ်းခဲ့ကြသူများ ဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့်ပင် သူတို့လူမျိုး၏ ပင်မအဖွဲ့အစည်းကို ၁၈၈၁ ခုနှစ်ကပင် တည်ထောင်ခဲ့ကြသည်။ ၁၉၄၉ ခုနှစ်တွင် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သော်လည်း၊ သူတို့၏ လှုပ်ရှားမှု ယခုမှ စတင်ခဲ့ခြင်း မဟုတ်ပါ။

မှားယွင်းမှုများနှင့် ယခုလို မရေမရာ တင်ပြသည့် သတင်းအချက်အလက်
များက စာဖတ်သူများအဖို့ အကောက်အယူ လွဲစေနိုင်ပါသည်။ ထို့နောက် စာအုပ်၏ ကျန်စာမျက်နှာအချို့ကိုလည်း ဆက်လက်ဖော်ပြလိုသည်။
ပြောရလျှင်တော့ အမှားအယွင်း အကျအပေါက်များက စာရင်းထိုးရန် များစွာ ရှိနေပါသည်။ အလွယ်တကူ ရှောင်လွှဲနိုင်သည့် အမှားမျိုးပင် ပါဝင်နေသည်။
ဥပမာအားဖြင့် - လူနာမည်များ မှားနေခြင်း၊ အဖွဲ့အစည်းအမည်များ မှားနေခြင်းနှင့် လူသိများသည့် အထွေထွေသမိုင်း အဖြစ်အပျက်များ မှားနေခြင်းမျိုး ဖြစ်သည်။

အခြားဥပမာတခု အနေဖြင့် ပီဒါဆင် Pederson က ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒို မန်းရှာ၏ ဇနီးကို ကိုးကား၍ သူ၏ လုပ်ကြံခံရပုံကို ဖော်ပြခဲ့သည်။ အမှန်တွင် ပဒိုမန်းရှာ လုပ်ကြံမခံရမီကပင် သူ့ဇနီးက နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ (ပဒိုဟု ရေးသားရာ၌လည်း Padoh ဟု H ပါထည့်၍ အင်္ဂလိပ်လို စာလုံးပေါင်းလေ့ရှိသည်။ စာအုပ်တွင် ဖော်ပြထားသလို Pado ဟု မရေးသားကြပါ။)

လူအများကို တွေ့ဆုံမေးမြန်း၍ ကရင်တို့ကို သူတို့၏ ကိုယ်ပိုင်သမိုင်းကြောင်းအကြောင်း ကိုယ်တိုင်ပြောပြစေသည့် အိုင်ဒီယာကတော့ ကောင်းပါသည်။ သို့သော်လည်း တွေ့ဆုံမေးမြန်းမှု အများစုမှာ နိုင်ငံခြားသားများ ဖြစ်နေပြီး၊ ၎င်းတို့က ကရင်များကို မည်သည့်အတွက်ကြောင့် ကူညီပေးနေရခြင်းအကြောင်း ဖြစ်နေသည်။ ကရင်များ ကိုယ်တိုင်က ပြောဆိုကြခြင်း မဟုတ်ပါ။ ထို့အပြင် ကရင်များကို ကူညီနေကြသူများ၏ နောက်ခံရည်ရွယ်ချက်နှင့် သူတို့နောက်ခံကိုလည်း မေးခွန်းထုတ် မဖော်ပြခဲ့ပါ။

တွေ့ဆုံမေးမြန်း၍ ဖြေဆိုသူများကိုလည်း သူတို့ပြောသည့်အတိုင်းသာ တင်ပြထားသည်။ ချင့်ချိန်မှု အဖြစ်
သော်လည်းကောင်း၊ အချက်အလက်အရသော်လည်းကောင်း ပြန်လှန်မေးမြန်းသည့် မေးခွန်းများလည်း မမေးခဲ့ပါ။ သူတို့၏ မှတ်ချက်များ၊ အမြင်များကို အချက်အလက်အဖြစ် တင်ပြခဲ့သည်။ အနည်းငယ် ပြန်လည် စစ်ဆေး ကြည့်ရုံမျှဖြင့်ပင် အချို့ ထူးဆန်းသည့် အမှားအယွင်းများ၊ သို့မဟုတ် သွေလွဲနေသည့်အမြင်များကို တွေ့မြင်
ကောင်းနိုင်ပါသည်။

ဤသို့ ပြန်လည်စစ်ဆေးရန် ကြိုးပမ်းအားထုတ်မှု မရှိဘဲ စာဖတ်သူများကို တင်ပြသည့်အခါ လူအများက အမှားများကို တင်ပြမိစေသလို၊ လူအချို့က သူတို့အမြင်ကိုလည်း ထိုးတင်စရာ ဖြစ်လာစေသည်။ ထိုအခါ စာဖတ်သူများအနေဖြင့် ပုံကားချပ်အမှန်ကို မြင်ဖွယ်မရှိတော့ပါ။ ကရင်လူမျိုးတို့ ကြုံတွေ့နေရသည့် အခြေအနေကိုလည်း သိမြင်စရာ
အကြောင်း မရှိတော့ပါ။ ဥပမာအားဖြင့် - နော်မေဦးကို KNU မှ ထုတ်ပယ်ခဲ့သည့်အကြောင်းကို ဖော်ပြရာ၌ အသက်အရွယ် ကြီးရင့်နေသည့် ခေါင်းဆောင်များက ပညာတတ်လူငယ်များကို အလိုမရှိသည့် အတွက်ကြောင့်ဟု
ဖော်ပြခဲ့သည်။ ဤသည်မှာ မှားယွင်းနေသည့်အချက်သာ ဖြစ်သည်။ လူအများက သိထားကြသည့် KNU အဖွဲ့၏ ရှင်းလင်းချက် ကိုလည်း ရှာဖွေရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်း မရှိပါ။

အခြား ဖြစ်ရပ်တခုတွင် စာရေးသူက ကိုယ်တိုင် ဝန်ခံထားရာ၌ စကားပြောဆိုမှုများသည် သူ၏မိတ်ဆွေများနှင့်
ပြောဆိုခဲ့ခြင်း ဖြစ်ပြီး၊ သောက်စားစဉ်တွင် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။ မူးယစ်နေသူများ၏ ကြွားဝါမှုကို အချက်အလက်အဖြစ် အသုံးချထားပြီး၊ သေချာစေရန် ပြန်လည်စစ်ဆေးတိုက်ဆိုင်မှုများလည်း မပြုခဲ့ပါ။

ထို့အပြင် စာအုပ်၏ အခန်းတခုလုံးကိုလည်း ဗိုလ်ချုပ်မြ၏ "ကျနော်တင်ပြလိုသည့် ဖြစ်ရပ်မှန် ကိုယ်တွေ့သမိုင်း" စာအုပ်မှ ထုတ်နုတ်ယူ တင်ပြခဲ့ပြန်သည်။ ထိုအခန်းတွင်လည်း ဗိုလ်ချုပ်မြက ယခုစာပိုဒ်များ ရေးသားခဲ့သည်ဟု
ဖော်ပြခြင်း မရှိပြန်ပေ။ သူထုတ်နုတ်တင်ပြခဲ့သည့်အခန်းမှာ မာနယ်ပလောဌာနချုပ် ကျဆုံးရပြီးနောက်တွင် သူကြုံတွေ့ရသည့် ဝေဖန်ပြောဆိုချက်များနှင့် ပတ်သက်၍ ဖြစ်သည်။

ဤစာအုပ်ကို ဖတ်မည်ဆိုလျှင်တော့ အရှုပ်ဗရပွ ဖြစ်နေသည်။ ပြဿနာတခုပြီးတခု ခုန်ကူးဖော်ပြနေပြီး၊ သမိုင်းတွင်လည်း ဟိုသည်ရောက် ဖြစ်နေသည်။ စာအုပ် စီးဆင်းပုံကလည်း မကောင်းလှပါ။ တခါတရံအရေးကြီးသည့် ကိစ္စများကို အပေါ်ယံသဘောသာ ရှပ်၍ ဖော်ပြခဲ့ပြန်သည်။

စာအုပ်အဆုံးတွင် စာဖတ်သူများအမြင်၌ ယခုစာရေးသူထံတွင် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း တွေ့ဆုံမေးမြန်းခဲ့သည့် မှတ်စုစာအုပ်များ တောင်လိုပုံ၍ ကျန်ခဲ့ရပုံ၊ ဤအချက်အလက်များ အားလုံးကို သိမ်းကျုံးစုစည်း၍ ယခုသူပြောသည့် စာအုပ် ဖြစ်လာရပုံ ပုံစံဖော်ပြထားသည်။ ဆယ်စုနှစ်များစွာကြာ တွေ့ဆုံမေးမြန်းမှုများသည် သမိုင်းကြောင်းဖော်ပြ ရာ၌ အမှန်တရားဝင် သုံးစွဲဖော်ပြနိုင်သော်လည်း၊ ယခုတိုင် အရေးပါ သက်ဆိုင်နေသေးသည့် စာဖတ်သူများအနေဖြင့် ပိုမိုနားလည် သိရှိဖွယ်ကောင်းသည့် အချက်များကိုမူ အပျင်းကြီး၍ မတို့မထိ ထားခဲ့ပြန်သည်။

အသစ်တဖန် တွေ့ဆုံမေးမြန်းမှုများ ပြုလျှင်ဖြင့် ယခုထက်ပို၍ ကောင်းစွာ ဖော်ပြနိုင်ဖွယ် ရှိပါသည်။ ကိစ္စတခုခုအပေါ် စွဲစွဲနက်နက် ထိတွေ့ဖော်ပြရန် ပျက်ကွက်ခဲ့သလို၊ အပေါ်ယံ ရှပ်၍ ဖော်ပြထားမှုများကြောင့် ယခုစာအုပ်၏ ဂုဏ်သိက္ခာကို အလွန်အမင်း ထိခိုက်ကျဆင်းစေခဲ့ပါသည်။ ဤစာအုပ်ပါ ဖော်ပြထားချက်များကို မယုံကြည်ဘဲ
ဖြစ်စေကုန်ပါသည်။

အကောင်းပြောရန်တချက်မှာ သူ၏ ရေးဟန်က ဖတ်ရန် နှစ်လိုဖွယ်ရှိပြီး၊ ရိုးရှင်း လွယ်ကူပါသည်။ ဆိုလိုသည်မှာ ဤ စာအုပ်ကိုဖတ်ရန် အချိန်ယူစရာမလိုဟု ဆိုလိုခြင်း ဖြစ်ပါသည်။

စာအုပ်ပထမ စာကြောင်းက မတိမကျ ဖြစ်နေသလို၊ နောက်ဆုံးစာကြောင်းကလည်း အလားတူပင် မရေရာ
ဖြစ်နေပြန်သည်။ စာရေးသူက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ကရင်ပြည်နယ်ရှိ မြဝတီမြို့ကို မြန်မာစစ်တပ်များက တိုက်ခိုက်ပြီးသည့် နောက်တွင် "DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) တပ်ဖွဲ့ ယူနစ်များ အားလုံးက ကရင့်လွတ်မြောက်ရေးတပ်မတော် KNLA နှင့်အတူ ပူးတွဲတိုက်ခိုက်ရန် သစ္စာပြုခဲ့ကြသည်" ဟု
ဖော်ပြထားပြန်သည်။ ဤသည်မှာ လုံးဝ လိမ်လည်တင်ပြခြင်းသာ ဖြစ်သည်။ ၎င်းအချိန်တွင် DKBA တပ်မဟာ ၅ က မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အာခံငြင်းဆန်နေခြင်းသာ ဖြစ်သည်။ DKBA တပ်ဖွဲ့ဝင် ၄,ဝဝဝ မျှ ရှိသည့်အနက် သူတို့အရေအတွက်မှာ ၄ဝဝ မျှသာ ဖြစ်ပါသည်။

သနားဖွယ်အချက်မှာ ဒယ်နီရယ် ပီဒါဆင် Daniel Pederson က ကရင့်တော်လှန်ရေးအပေါ် များစွာ စာနာလိုလားမှု ရှိပါသည်။ ဤစာအုပ်ဖြင့် ထိုသူတို့၏ အခြေအနေကို လူသိများလာအောင် လုပ်ဆောင်ကူညီလိုပုံလည်း ရပါသည်။

သို့သော် အဆင့်များစွာတွင် ဤသို့ အဆင့်အတန်းမမီ ဖြစ်နေမှုကြောင့် ယခုစာအုပ်သည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေမည်ဟု ဆိုရပါကြောင်း။

(မာ့က် ဖာမနာ Mark Farmaner သည် Burma Campaign UK အဖွဲ့၏ ဒါရိုက်တာ ဖြစ်ပါသည်။ သူရေးသားသည့် စာအုပ်ဝေဖန်ချက် Daniel Pederson’s ‘Secret Genocide’ a disappointment ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)
http://www.mizzimaburmese.com/yatha-bank/bookshelf/7953-2011-07-14-12-06-11.html

No comments:

Post a Comment