ondragstart="return false" onselectstart="return false"

Friday, July 15, 2011

စေ့စပ်ရေးအဖွဲ့ တင်ပြချက် ဦးသိန်းစိန်အတွက် အသံသွင်းယူ

ဖနိဒါ | သောကြာနေ့၊ ဇူလိုင်လ ၁၅ ရက်

ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်ပြည်နယ်အစိုးရက ဖွဲ့စည်းထားသော စေ့စပ်ရေးအဖွဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေး အဖွဲ့ဝင်များ၏ တင်ပြဆွေးနွေးချက်များကို အသံသွင်းယူသွားပြီး နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်ထံ ပြန်လည် ဖွင့်ပြမည်ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်းက ပြောဆိုခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်များ တိုက်ခိုက်မှုများ ပြန်ဖြစ်နေသည့် အရေးကြောင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ နှင့် ၂ ဖြစ်သော ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့နှင့် ငြိမ်းတည်ညှိနှိုင်းအဖွဲ့မှ ကိုယ်စားလှယ် ၅ ဦးတို့ မြစ်ကြီးနားမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး၌ သောကြာနှင့် ကြာသပတေးနေ့တွင် နှစ်ကြိမ်
ဆွေးနွေးခဲ့ကြသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIOနှင့် ငြိမ်းတည်ညှိနှိုင်းအဖွဲ့မှ ကိုယ်စားလှယ် ၅ ဦးတို့ မြစ်ကြီးနားမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးတွင် ဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)

“ ခင်ဗျားတို့ပြောတဲ့ စကားတွေ အားလုံး ကက်စက်ထဲမှာ ဖမ်းထားတယ်။ သမ္မတ ဦးသိန်းစိန်ကို ဖွင့်ပြမယ်လို့
ပြောတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်သူ တဦးက မဇ္စျိမကို ပြောသည်။

KIO က စေ့စပ်ရေးအဖွဲ့မှတဆင့် မေးစေလိုသော ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မှာ အတည်ဖြစ်နေသေးလား ဆိုသော မေးခွန်းကို ဦးအောင်သောင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟုပင်
ရေးသားထားပြီး ဖြစ်သည့်အတွက် ပြည်ထောင်စုစနစ်
ကျင့်သုံးနေပြီး ဖြစ်သည်ဟု ပြန်လည် ဖြေကြားသွား
ခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း နိုင်ငံရေးဆွေးနွေးမှု လမ်းစပွင့်နေကြောင်း ဦးအောင်သောင်းက ထည့်သွင်း ပြောကြားသွားသည်ဟု ဆိုသည်။

“ ထာဝရ ငြိမ်းချမ်းရေးသို့ မရောက်ရောက်အောင် သွားရမယ်လို့ ဦးအောင်သောင်းက ပြောတယ်” ဟု အခြားသော
ဆွေးနွေးပွဲတက်သူ တဦးကလည်း ပြောပြသည်။

အငြိမ်းစားယူသွားသော အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူယုံတော် အနည်းငယ်တွင် ပါဝင်သူတဦး ဖြစ်သည့် ဦးသောင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွင်း သဘောထား တင်းမာသူအဖြစ်နှင့် စစ်တပ်ထိန်းချုပ်မှုရှိသော ပါလီမန်စနစ်ကို ဖော်ဆောင်ရေးတွင် အခရာကျသူ တဦးအဖြစ် ထင်ရှားသည်။

ဖေဖော်ဝါရီလလယ်တွင် ဖွဲ့စည်းခဲ့သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်ဖြစ်သော KIO က တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးလိုနေသော်လည်း အစိုးရဘက်က ကချင်နှင့်သာ သီးသန့် ဆွေးနွေးလိုနေသည်။

ထိုစဉ်တွင် KIO နှင့် အစိုးရတပ်တို့ တိုက်ခိုက်မှုများ ဖြစ်ပွားနေပြန်သလို တရုတ်နိုင်ငံဘက်မှ မြန်မာဘက်သို့ စစ်လက်နက် ပစ္စည်းကို စစ်ထရပ်ကားများဖြင့် တင်ပို့မှုများ ဇူလိုင် ၁၂ ရက်မှ ၁၄ ရက်အထိ ရှိနေသည်။

တရုတ်နိုင်ငံ ရွှေလီဘက်မှ ရှမ်းပြည်နယ် မူဆယ်နယ်စပ်ဂိတ်အတိုင်း လက်နက်သယ် စစ်ကားပေါင်း ၃၀၀ နီးပါးအထိ ဖြတ်သန်းသွားပြီး ဖြစ်သည်ဟု နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူများက ပြောသည်။

“စစ်ကားတွေကို လာရှိုးကနေ ဂျယ်ဂေါင်မှာ ပို့တယ်။ အဲဒီ ဂျယ်ဂေါင်ကနေ စစ်လက်နက်ပစ္စည်းတွေကို သယ်ပြီး မိုးကာနဲ့ အုပ်ပြီးတော့ မြန်မာပြည် မူဆယ် ၁ဝ၅ မိုင်ဘက်ကနေ ပြန်သယ်သွားတယ်။ အခု ၂ဝဝ ကျော်၊
၃ဝဝ နီးပါး ရှိသွားပြီ။ သံချပ်ကာ ကားတွေကိုလည်း
ဖြုတ်ပြီးတော့ ပြန်သယ်သွား တယ်လို့ ပြောတယ်” ဟု သတင်းရပ်ကွက်က ပြောသည်။

လက်နက်အမျိုးအစားများနှင့် သံချပ်ကာကား ပါဝင်မှုကို သီးခြား အတည်ပြုချက် မရနိုင်ပါ။

သောကြာနေ့တွင် ထုတ်ပြန်သော KIO ဗဟိုကော်မတီ၏
ကြေညာချက်တွင် ဌာနချုပ် လိုင်ဇာမြို့၌ ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တွင် ပြုလုပ်သော လူထု အစည်းအဝေးပွဲ၌ ရပ်မိရပ်ဖ ကိုယ်စားလှယ်များ၏ အကြံပေးချက်တွင် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲကာ နိုင်ငံရေး
ဆွေးနွေးပွဲများ ပြုလုပ်ပါရန်နှင့် ခိုင်လုံသော သက်သေ၊ ခိုင်လုံသော ကတိကဝတ်များဖြင့် အပစ်ခတ်ရပ်ဆိုင်းရန် အကြံပေးသွားခဲ့သည်ဟု ပါရှိသည်။

ကြံ့ဖွံ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့သည် သောကြာနေ့တွင် နေပြည်တော်သို့ ပြန်သွားသည်။

UNFC တွင် KIO ၊ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီတိုးတက်ရေးပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးတို့ ပါဝင်သည်။
http://www.mizzimaburmese.com/news/inside-burma/7957-2011-07-15-12-36-11.html

3 comments:

myo said...

U Aung Thoung is just a liar.
He is working with U Than Shwe since long.
You cannot believe him.
He was one of the important persons who squashed down the Saffron Revolution in 2007.
He is one of the right-hand man, the main advisor to Than Shwe even in the Nargis problem in 2008.

Anonymous said...

နောက်တခါ ဆိုရင် အောင်သောင်းအမျိုးတွေထဲက ပက်ကင်လန်းလန်းကလေးတွေ လွှတ်ပေးလိုက်မှာဖြစ်ပြီး
သွင်းထားတာကလေးတွေ ဦးဦးသိန်းစိန်ဆီ ပြန်ဖွင့်ပြလိုက်အုံးမယ်နော် ဆိုပြီးထပ်ပြောခဲ့အုံးမှာ...
နောက်လာမယ့်ပွဲမှာ ကချင်တွေထဲက အကောင်ကြီးကြီးတွေကို ကြက်ဥဟတ်ဘွိုင်ကြွေးပြီး လွှတ်ပေးလိုက်ဟေ့...

Anonymous said...

ကချင်က ဟိုးတုန်းက NDF, DAB ကျောခိုင်းသလိုမျိုးလုပ်ရင် ဒီတစ်ခါ တော့ သူတို့ လည်းခွေးလုံးလုံးဖြစ်သွားမှာပဲ။ ဗမာစစ်တပ်လည်းသူ့ ကိုမယုံတော့သလို ဘယ်တိုင်းရင်းသားမှလည်းသူ့ ကိုယုံတော့မှာမဟုတ်ဘူး..
ကချင်ဘာလုပ်မလည်း စိတ်ဝင်စားစရာပါ။ တချိန်က ဘရန်ဆိုင်းတို့ က ကိုယ်ကျိုးကြည့်ပြီး တခြားအဖွဲ့ တွေကို ကျောခိုင်းသွားတဲ့ သမိုင်းပေးသင်္ခန်းစာရှိတယ်မဟုတ်ပါလား။

Post a Comment