ondragstart="return false" onselectstart="return false"

Saturday, September 17, 2011

တရုတ်-မြန်မာ နယ်စပ်မှ ကချင်ဒုဏ္ခသည်များ(ရုပ်သံ)

တခါတစ်လေ ကျနော်စဉ်းစားမိတယ်.. ကျနော်တို့  တိုင်းရင်းသားတွေရဲ့ ရင်ထဲက အနာတရ တွေကို ကုစားဖို့ ဆိုတာ မင်းတို့ ကို ခွင့်လွတ်ခြင်းများစွာနဲ့ ခွင့်လွတ်ပြီး ကျနော်တို့ ရဲ့ စိတ်ဒဏ်ရာတွေ ကိုကိုယ်တိုင် လိုလိုလားလားနဲ့  ပြန်ကုစားတာတောင် ထိုဒဏ်ရာများ ပျောက်ကင်းနိုင်ပါ့လားလို့ တွေးမိတယ်။



Type the rest of your post here.

6 comments:

မဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အစိုးရသစ်ကို ဆက်တိုက်မှာပါ said...

.
မဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အစိုးရသစ်ကို ဆက်တိုက်မှာပါ


(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံကို မောင်းနှင်မယ့် အစိုးရသစ်ကတော့ အာဏာကို လွှဲပြောင်းယူလိုက်ပြီ။ ဒီဖွဲ့စည်းပုံဟာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေရဲ့ "နိုင်ငံရေးအရတန်းတူပြီး စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်ရေး" ကို ငြင်းဆန်ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ (၁၉၄၈) ခုနှစ်မှာ လွတ်လပ်ရေး ရလာတဲ့ မြန်မာနိုင်ငံကို ခေတ်သစ်မြန်မာနိုင်ငံ အဖြစ် သုံးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ မတိုင်ခင်က မွန်၊ ရခိုင်၊ ဗမာ စတဲ့ အမျိုးသားတွေရဲ့ သီးခြားနိုင်ငံအဖြစ် နေထိုင်ခဲ့ခြင်းတွေနဲ့ ကွဲပြားချင်လို့ ဖြစ်တယ်။

ဆိုတော့ ခေတ်သစ်မြန်မာနိုင်ငံမှာ တည်ရှိခဲ့တဲ့ ပေါ်ပေါက်ခဲ့ဖူးတဲ့ (၁၉၄၇)၊ (၁၉၇၄)၊ (၂၀၀၈) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းဟာ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကချင်စတဲ့ အမျိုးသား တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို လိမ္မာပါးနပ်စွာနဲ့ ရိုက်ချိုးခဲ့သလို တဖက်မှာလည်း "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး" ကို အခြေခံခဲ့တယ်။

(၁၉၇၄) ဖွဲ့စည်းပုံရော၊ (၂၀၀၈) ဖွဲ့စည်းပုံပါ "တပါတီအာဏာရှင်စနစ်ကို အခြေခံထားတယ်" ဆိုတာထက် "မဟာလူမျိုးကြီးဝါဒ ကြီးစိုးရေးကို အခြေခံထားတယ်" လို့ ပြောရင် ပိုမှန်လိမ့်မယ်။ တချို့က အဲဒီဖွဲ့စည်းပုံဟာ "စစ်အာဏာရှင်စနစ် တည်တံ့ရေး၊ စစ်တပ်လွှမ်းမိုးရေး၊ လူတချို့ ကောင်းစားရေး" စသည်အားဖြင့် သုံးနှုန်း ပြောဆိုခြင်းဟာ မှန်သင့်သလောက် မှန်ပါတယ်။ တကယ့် အနစ်သာရက "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး" သာ ဖြစ်တယ်။

"မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေက တပ်မတော်ကို အသုံးချခြင်းသာ ဖြစ်တယ်" ဆိုတာကို ကွဲပြားစွာ မြင်ဖို့လိုတယ်။ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေဟာ တပ်မတော်ထဲမှာ ရှိသလို အတိုက်အခံတွေ ထဲမှာလည်း ရှိကြတယ်။ ထို့အတူ ပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ၊ သာမန်လူထုတွေထဲမှာလည်း ရှိကြတယ်။

ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အမျိုးသားတွေ အားလုံးဟာ "နိုင်ငံရေးအရ တန်းတူတဲ့၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး" ကို "လက်ခံထားတဲ့၊ ယုံကြည်ထားတဲ့ ဗမာအမျိုးသားတွေ" ရှိသလို "လက်မခံတဲ့ ဗမာအမျိုးသားတွေ" လည်း ရှိတယ် ဆိုတာ (၁၉၄၈) လွတ်လပ်ရေး ရသည်မှ ယနေ့ကာလအထိ နိုင်ငံရေးအခင်းအကျင်းတွေက သက်သေပြနေတယ်။ ဒါကြောင့် "တပ်မတော်လွှမ်းမိုးရေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖုံးလွှမ်းထားတဲ့ အင်မတန်နက်ရှိုင်းတဲ့ "ဗမာအမျိုးသားရေးဝါဒ (မဟာလူမျိုးကြီးဝါဒ) လွှမ်းမိုးရေး" အယူအဆကို အကောင်အထည် ဖော်နေခြင်းဖြစ်တယ် ဆိုတာကို ပြောလိုတယ်။

(အောက်တွင် ဆက်ဖတ်ပါ။)

မဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အစိုးရသစ်ကို ဆက်တိုက်မှာပါ said...

.

ဆိုတော့ "မဟာလူမျိုးကြီးဝါဒ" ဆိုတဲ့ဝေါဟာရကို သုံးစွဲခြင်းဟာ "ဗမာအမျိုးသားတွေကို မုန်းတီးလို့ မဟုတ်ဘူး" ဆိုတာ နားလည်စေချင်တယ်။ ထို့အတူ "တပ်မတော်ကို မုန်းတီးလို့ မဟုတ်ဘူး" ဆိုတာကိုလည်း ကွဲပြားစွာ သိဖို့ လိုပါတယ်။ ဒီလို ကွဲကွဲပြားပြား သိမှ "စစ်မှန်တဲ့ ပြည်ထောင်စု" ကို တည်ဆောက်တဲ့နေရာမှာ ရှိနေတဲ့ အဖုအထစ်တွေကို ကျော်လွှားနိုင်မှာ ဖြစ်တယ်။

ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေ အားလုံးဟာ "နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး" ကို ပြောဆို တိုက်ပွဲဝင်ခြင်းဟာ "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ" ဖြစ်တယ်လို့  ၀ါဒဖြန့် နေသူတွေ၊ ယုံကြည်နေသူတွေဟာ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး ကို ယုံကြည်သူတွေ" ဖြစ်တယ် ဆိုတာ ရဲရဲကြီး ပြောရဲတယ်။

တနည်းအားဖြင့် ပြောရရင် "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ" ရှိနေတဲ့ ဗမာအမျိုးသားတွေရဲ့ ပန်းတိုင်ဟာ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး" ပဲ ဖြစ်တယ်ဆိုတာ သမိုင်းက သက်သေပြခဲ့တယ်။ ဒါကြောင့် "စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး" ထက် "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးဝါဒ အမြစ်ပြတ်ရေး" က ပိုလို့ အရေးကြီးပါတယ်။

ဒီလို ဘာကြောင့် ပြောရသလဲဆိုတော့ (၁၉၄၇) ခု ပင်လုံညီလာခံရဲ့ သဘောတူညီမှုတွေကို ခေတ်သစ်မြန်မာနိုင်ငံမှာ ပေါ်ပေါက်ဖူးတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းက ငြင်းပယ်ထားလို့ ဖြစ်တယ်။ ပင်လုံညီလာခံရဲ့ သဘောတူညီချက်တွေဟာ သီးခြားတည်ရှိခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေ အရ ပေါ်ပေါက်လာသလို အနာဂတ်ရဲ့ ခေတ်တိုင်း ခေတ်တိုင်းမှာလည်း သီးခြား တည်ရှိခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို ချန်လှပ်ထားလို့ မရဘူး။

အနာဂတ်နိုင်ငံတော်ဟာ ငြိမ်းချမ်း တည်ငြိမ်စွာနဲ့ ဖွံ့ဖြိုးစေချင်တယ်ဆိုရင် ဗမာ အပါအ၀င် တိုင်းရင်းသားပေါင်းစုံဟာ နိုင်ငံရေးအရ တန်းတူဖို့ လိုသလို "ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ပြည်နယ်တွေ" နဲ့ ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်တယ်။ ဒီလို တည်ဆောက်ဖို့ ဘာကြောင့် လိုအပ်သလဲ ဆိုတော့ (၁၉၄၈) လွတ်လပ်ရေး မတိုင်ခင်က သီးခြားဖြစ်တည်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကြောင့် ဖြစ်တယ် ဆိုတာကို မျိုးဆက်သစ်တွေကို ချပြရသလို ထုံပေပေ နေနိုင်လွန်းတဲ့ မျိုးဆက်အိုကြီးတွေကိုလည်း ချပြရတယ်။

(အောက်တွင် ဆက်ဖတ်ပါ။)

မဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အစိုးရသစ်ကို ဆက်တိုက်မှာပါ said...

.

ဒီနေရာမှာ အလျဉ်းသင့်လို့ ပြောချင်တာ တခုရှိတယ်။ ကျနော့် ဆောင်းပါးတွေမှာ အနာဂတ်အကြောင်းတွေ ပြောရင်း အတိတ်က အခြေအနေတွေကို ချပြတော့ အဖွဲ့အစည်းတခုက ခေါင်းဆောင်ဟောင်းက သူ့ဆောင်းပါးမှာ ယဉ်ကျေးမှု ရှေးကျခြင်း၊ ဘာညာတွေ ပြောနေခြင်းဟာ အနာဂတ် "ဖက်ဒရယ်ပြည်ထောင်စု" တည်ဆောက်ရေးမှာ အရေးမပါကြောင်း တုန့်ပြန်ပြီး ရေးတာ ဖတ်လိုက်ရပါတယ်။ ကျနော့်နာမည်ကို ဖော်ပြခြင်းမရှိပေမယ့် ကျနော့် ဆောင်းပါးကို တုန့်ပြန်တယ် ဆိုတာ ကျနော် သဘောပေါက်တယ်။

ဆိုတော့ အထက်က ကျနော်ပြောသလိုပဲ ထုံပေပေ နေနိုင်လွန်းတဲ့ မျိုးဆက်အိုကြီးတွေကို ချပြရသလို မသိသေးတဲ့ မျိုးဆက်သစ်တွေကိုလည်း ချပြရတယ်။ တဖက်မှာလည်း အတိုက်အခံလို့ ပြောပေမယ့် "တိုင်းရင်းသားပေါင်းစုံ နိုင်ငံရေးအရတန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု" ပုံစံမျိုးကို မလိုလားတဲ့ လူတွေ ရှိတယ်ဆိုတာ ကျနော် ပြောဖူးတယ်။ အဲဒီလို လူတွေကိုလည်း နားလည်အောင် ပြောရပြန်တယ်။

ဗမာအမျိုးသားတွေထဲမှာ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေ" နဲ့ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ငြင်းပယ်ထားတဲ့သူတွေ" ဆိုပြီး ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ တန်းတူရေး၊ "ဗမာအမျိုးသားတွေဟာလည်း ပြည်နယ်တခု ဖွဲ့စည်းရေး"၊ အဲဒီပြည်နယ်တွေနဲ့ "ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး"၊ တနည်းအားဖြင့် "ပင်လုံမူတွေကို အခြေခံရေး" စသည်ဖြင့် ပြောကြ၊ ဆိုကြ၊ တိုက်ပွဲဝင်ကြရင် "ဒါတွေဟာ ဗမာမုန်းတီးရေးကို ရှေ့ရှုတယ်၊ ဗမာမုန်းတီးရေးကို လှုံ့ ဆော်တယ်၊ ဒီလို ပြောသူတွေဟာ ဗမာမုန်းတီးရေးဝါဒီတွေ ဖြစ်တယ်" လို့  အမြဲ အပြောခံရတယ်။

အမှန်က ဒီလို ပြောသူတွေဟာ "ဗမာမုန်းတီးရေးဝါဒီတွေ မဟုတ်ဘူး"။ ဒီလို ပြောသူတွေကို "ဗမာမုန်းတီးရေးဝါဒီတွေ" လို့  မြင်တဲ့လူတွေ ကိုယ်နှိုက်က "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ" ဖြစ်ပြီး "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လိုလားတဲ့သူတွေ" ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုတယ်။

တဖက်မှာလည်း "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လုံးဝလက်မခံဘဲ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံထားတဲ့ ဗမာအမျိုးသားတွေ" ကလည်း ရှိပြန်တယ်။ ဒါကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာရရှိရေး သက်သက် မဟုတ်ဘဲ မတူညီတဲ့ အမျိုးသားတွေ ပေါင်းစည်းရေး၊ ညီညွတ်ရေးနဲ့ "နိုင်ငံရေးအရ တန်းတူတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး" ကို တစိုက်မတ်မတ် လုပ်လာခဲ့ခြင်း၊ လုပ်နေခြင်းဟာ သမိုင်းအစဉ်အလာ တန်ဖိုးတွေကို နားလည်လို့ ဖြစ်တယ်။ သမိုင်းအစဉ်အလာ တန်ဖိုးတွေကို လက်ခံနိုင်မှ "စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု" ကို တည်ဆောက်သင့်တယ်၊ တည်ဆောက်ရမယ်လို့ မြင်မယ်၊ ယုံကြည်ကြမယ်။

(အောက်တွင် ဆက်ဖတ်ပါ။)

မဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အစိုးရသစ်ကို ဆက်တိုက်မှာပါ said...

.

(၂၀၀၈) ဖွဲ့စည်းပုံဟာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ချိုးနှိမ်ထားတာ ဖြစ်တယ်။ ထို့အတူ နိုင်ငံရေးအရ တန်းတူမှု ကင်းမဲ့ပြီး "ဗမာအမျိုးသားဝါဒ လွှမ်းမိုးရေး" (သို့မဟုတ်) "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး" ကို ရေးဆွဲထားတာ ဖြစ်တယ်။ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည် ဖြစ်စေရေး၊ ဒီဖွဲ့စည်းပုံအတိုင်း တက်လာတဲ့ အစိုးရက တိုင်းပြည်ကို အုပ်ချုပ်ရေး စတဲ့ လုပ်ဆောင်ချက်တွေ အဆင်ပြေ ချောမွေ့ဖို့အတွက် "စစ်တပ်ကို အသုံးချရခြင်း" ဖြစ်တယ်။ ဒီလို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာက ဘယ်သူတွေလဲ ဆိုတော့ "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို လက်ကိုင်ထားတဲ့ ဗမာတွေ" ဖြစ်တယ်။

ဆိုတော့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေဟာ "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ" ဖြစ်တယ် လို့ ပြောကြ၊ ဆိုကြခြင်းဟာ ဘယ်အချက်အလက်တွေအပေါ်မှာ အခြေခံပြီး ခေါ်သလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ အငြင်းပွားစရာတွေ၊ မသေချာမှုတွေနဲ့ အလှမ်းဝေးနေမယ် ထင်တယ်။ အဲဒီအမျိုးသားတွေဟာ "နိုင်ငံရေးအရ တန်းတူရေး ရှိပြီး ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး" ကို ကြိုးပမ်းကြခြင်း၊ တိုက်ပွဲဝင်နေကြခြင်းဟာ "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ မဟုတ်ဘူး" ဆိုတာ ထင်ရှားတယ်။

"ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ စစ်စစ်" ဟာ ဘယ်သူတွေလဲ ဆိုတော့ မြန်မာနိုင်ငံမှာ "ဗမာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆ ရှိသူတွေ" သာ ဖြစ်တယ်။ "ဒီနိုင်ငံမှာ ဗမာတွေသာ လွှမ်းမိုးရမယ်" ဆိုတဲ့ အခြေခံပေါ်မှာ "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ" အဖြစ် ညွန်းဆိုချက်တွေဟာ ပြောင်းလဲသွားရခြင်း ဖြစ်တယ်။

(အောက်တွင် ဆက်ဖတ်ပါ။)

မဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အစိုးရသစ်ကို ဆက်တိုက်မှာပါ said...

.

ယနေ့ မြန်မာနိုင်ငံမှာ "နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သုံးခု" ရှိခဲ့ဖူးတယ်။ အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းဟာ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး" ကိုသာ ရှေ့ ရှုရေးဆွဲထားတာ ဖြစ်တယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေရဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆိတ်သုဉ်းခဲ့မှု အပေါ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကို မွေးဖွားခဲ့တယ်။ ဒီပြည်တွင်းစစ်ကို အလွန် ကျဉ်းမြောင်းတဲ့ ဗမာ အမျိုးသားရေးဝါဒီတွေက မျိုးဆက် အဆက်ဆက် "ကိုလိုနီဆိုးမွေ" လို့ ကမ္ပည်း ထိုးခဲ့ကြတယ်။ "ကိုယ်ပိုင်ပြဌာန်းခွင့် ဆိတ်သုဉ်းမှု အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ တော်လှန်စစ်ပွဲတွေ" ကို ချိုးနှိမ် လိုက်တာဖြစ်တယ်။

ဆိုတော့ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆ ရှိသူတွေက (၂၀၀၈) ကို အခြေခံပြီး သုံးသပ်ကြ၊ ပြောဆိုကြပါတယ်။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေ ကတော့ (၁၉၄၇) ကို အခြေခံပြီး သုံးသပ်ကြ၊ ပြောဆိုကြပါတယ်။ ဒီနိုင်ငံရဲ့ နိုင်ငံနောက်ခံ၊ နိုင်ငံရေး အခင်းအကျင်းတွေ အရ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိတဲ့ ဗမာတွေ" မှ အပ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ငြင်းပယ်ထားတဲ့ ဗမာ"၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေ အတွက်ကတော့ တော်လှန်ရေးဟာ မပြီးဆုံးသေးပါဘူး။ "စစ်တပ်လွှမ်းမိုးရေးကို အရေခြုံထားတဲ့ မဟာဗမာ လွှမ်းမိုးရေး" အယူအဆဟာ နက်ရှိုင်းစွာ တည်ရှိနေတယ် ဆိုတာ သဲကွဲစွာ မြင်ဖို့ လိုမယ် ထင်ပါတယ်။

မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံ ရေးဆွဲထားတဲ့၊ "ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတဲ့" (၂၀၀၈) ဖွဲ့စည်းပုံအရ အုပ်ချုပ်တော့မယ့် အစိုးရသစ်လည်း ပေါ်ထွက်လာပြီ ဆိုတော့ ဒီအောင်ပွဲဟာ တတိယအောင်ပွဲ (သို့မဟုတ်) "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး၏ မဟာအောင်ပွဲ လား" ဆိုတာ မေးစရာ ဖြစ်လာပါတယ်။ အဲဒီအမေးရဲ့ အဖြေဟာ အချိန်ကာလတခုကို ဖြတ်သန်းပြီးတဲ့အခါ ထင်ထင်ရှားရှားကြီး ပေါ်ထွက်လာမှာပါ။

မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံ ရေးဆွဲထားတဲ့၊ "ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတဲ့" (၂၀၀၈) ဖွဲ့စည်းပုံအရ အုပ်ချုပ်တော့မယ့် အစိုးရသစ်ဟာ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး၏ မဟာအောင်ပွဲ" ဆိုတာ ထင်ရှားလာရင်တော့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေနဲ့ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆကို ငြင်းပယ်ထားတဲ့ ဗမာတွေ" ကတော့ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံ ရေးဆွဲထားတဲ့၊ "ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတဲ့" (၂၀၀၈) ဖွဲ့စည်းပုံအရ အုပ်ချုပ်တော့မယ့် အစိုးရသစ်ကို ဆက်လက် တိုက်ပွဲဝင်နေကြမှာပါ။ ။

ခိုင်လင်း (မေဃ၀တီ)
ကွာလာလမ်ပူ

(Arakan Review မှ ကူးယူသည်။)

Anonymous said...

တောက်..
ရင်ထဲမှာခံပြင်းဒေါသတွေကြောင့်ကြည့်ပြီးတကယ်ခံစားရတယ်.

smart bullet

Post a Comment