ondragstart="return false" onselectstart="return false"

Saturday, September 17, 2011

ဦးရွှေမန်းနှင့် ခရိုနီများကိုယ်ရေး သံရုံးမှ မှတ်တမ်းတင်

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အစိုးရထိပ်တန်း ခရိုနီများ၏ ကိုယ်ရေးအချက်လက်များကို ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးက စောင့်ကြည့်စုဆောင်းထားကြောင်း ဝီကီလိခ်မှ ၂၀၁၁ သြဂုတ်လတွင် ပေါက်ကြားလာသည့် အမေရိကန် နိုင်ငံခြားရေးဌာန၏ ကြေးနန်းများက ဖော်ပြနေသည်။

ခရိုနီများအကြား၌လည်း ထိပ်တန်းဗိုလ်ချုပ်များထံမှ ပါမစ်များ ရရှိရန် ပြိုင်ဆိုင်နေကြောင်း ရန်ကုန် အမေရိကန်သံရုံးမှ လေ့လာသုံးသပ်သူများ၊ ထိပ်သီးစီးပွားရေး သတင်းပေးများထံမှ သိရှိချက်ကို ဝါရှင်တန်မြို့ နိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့သည့် ၂၀၀၇ ခုနှစ် ကြေးနန်းများ၌ပါရှိသည်။

အမေရိကန်သံရုံး၏ ၂၀၀၇ ခု မတ် ၁၆ ရက် ကြေးနန်းတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် ပြုတ်ကျပြီးနောက် နောက်ပိုင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ဦးဆောင်ကဏ္ဍတွင် ပါဝင်လာသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။ “ဒါပေမယ့် သူလည်း ခရိုနီတွေနဲ့ စီးပွားရေး လုပ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေမှာ ပါတာပဲ” ဟုလည်း ကြေးနန်းက ဆိုသည်။ သို့သော်လည်း အမည်မဖော်သော သတင်းရပ်ကွက်များကို ကိုးကားပြီး "ပြုပြင်ပြောင်းလဲရေးသမားတဦး" ဟု ညွှန်းဆိုထားပြီး မြန်မာကိုနိုင်ငံတကာနှင့် ဆက်ဆံလာအောင် ဖွင့်ပေးလိမ့်မည်ဟုလည်း ပါရှိသည်။

“သူရ” ဘွဲ့တံဆိပ်ရခဲ့သည့် ကရင် အမျိုးသား အစည်းအရုံး KNU ဌာနချုပ် မာနယ်ပလော စခန်းကို ၁၉၈၉ ခုက တိုက်ခဲ့စဉ် “တခြား စစ်ဆင်ရေးမှူးတွေလိုပဲ သူလည်း ကရင် သူပုန်တွေကို အကြီးအကျယ် ထိုးစစ်ဆင်တုန်းက ကလေးနဲ့ အမျိုးသမီးတွေပါမကျန် အရပ်သားတွေကို အထမ်းသမားတွေအဖြစ် အဓမ္မ ခိုင်းစေခဲ့တယ်” ဟု သိရှိချက်ကို ဖော်ပြထားသည်။

ပဲခူးတိုင်း ကညွတ်ကွင်းမြို့၌ ၁၉၄၇ ခုတွင် မွေးဖွားပြီး အသက် ၂၂ နှစ်အရွယ် ၁၉၆၉ ခုနှစ်တွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် DSA အပတ်စဉ် ၁၁ ဆင်းသူဖြစ်ပြီး ၁၉၈၈ ခုတွင် ဗိုလ်မှူးကြီးအဆင့်ရာထူး တိုးခံရသည်။

၁၉၉၇ နိုဝင်ဘာတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နအဖ ကို အသစ်ဖွဲ့စည်းရာ အနောက်တောင်တိုင်းမှူး ဗိုလ်မှူးချုပ် ရာထူးဖြင့် နအဖ ကောင်စီဝင် ဖြစ်လာသည်။ ၂၀၀၃ ခုတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်မှ ဗိုလ်ချုပ်ကြီးသူရရွှေမန်းအဖြစ် ကြည်းရေလေ ညှိနှိုင်း ရေးမှူးရာထူးကို ရရှိသည်။

သူရရွှေမန်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးယုံကြည်ခံရသူဖြစ်ပြီး “၂၀၀၃ ခု ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တိုက်ခိုက်ဖို့ ဗိုလ်ချုပ်မှူးကြီးက အမိန့်ပေးတုန်းက သူရရွှေမန်းရဲ့ အမိန့်ကို နာခံသွားဖို့ အောက်ခြေအရာရှိတွေကို ညွှန်ကြားခဲ့တယ်” ဟု သတင်းရပ်ကွက်အချို့ကပြောသည်ဟု ကြေးနန်း တနေရာတွင်ဖော်ပြထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်နေသူ အသက် ၆၄ နှစ်အရွယ် သူရဦးရွှေမန်းသည် ဒဂုံ ဆောက်လုပ်ရေးကုမ္ပဏီ နှင့် ဒဂုံသစ်ထုတ်လုပ် ရေးကုမ္ပဏီပိုင်ရှင် အမေရိကန်၏ စီးပွားရေးပိတ်ဆို့ စာရင်းတွင်ပါရှိသူ ဦးဝင်းအောင်နှင့် နီးစပ်ပြီး နေပြည်တော်ဆောက်လုပ်ရေး လုပ်ငန်းနှင့် သစ်လုပ်ငန်းများအတွက် ကူညီခဲ့ကြောင်း အမေရိကန်သံရုံး ၂၀၀၇ ခု ဒီဇင်ဘာ ၂၆ ရက် ကြေးနန်းတွင် ပါရှိသည်။

နေပြည်တော် တည်ဆောက်ရေး စီမံကိန်းတွင် အခြား ခရိုနီများဖြစ်သည့် ဦးတေဇ၊ စတီဗင်လော၊ ဦးဇော်ဇော်တို့နည်းတူ လမ်းဆောက်လုပ်ရေး လုပ်ငန်းစာချုပ်များ ရခဲ့သည်။ သူတို့နည်းတူပင် ဆောက်လုပ်ခများ မရရှိပဲ တစီးလျင် အမေရိကန်ဒေါ်လာ ၁၈၀,၀၀၀ တန် ကား ၁၀ စီး တင်သွင်းခွင့် ပါမစ် ရခဲ့သော်လည်း ဒဂုံသစ်လုပ်ငန်း ကုမ္ပဏီက “တရုတ်နိုင်ငံသို့ နှစ်စဉ် အမေရိကန် ဒေါ်လာ ငါးသန်းခန့် သစ်တင်ပို့ခွင့် ရထားသည်” ဟု သံရုံးက သိရှိရချက်ကို ဖော်ပြထားသည်။

၂၀၀၇ ခု နိုဝင်ဘာ ၁၅ ရက်စွဲဖြင့် ရန်ကုန် အမေရိကန်သံရုံးမှ ဝါရှင်တန် နိုင်ငံခြားရေးဌာနသို့ ပို့သည့် ကြေးနန်းတခုတွင်မူ မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က ထိပ်သီးဗိုလ်ချုပ်များထံမှ မျက်နှာသာပေးမှုလိုချင်သဖြင့် အစိုးရ၏ စီမံကိန်းများကို အခမဲ့လုပ်ဆောင်ပေးလေ့ရှိသည်ဟု ပါရှိသည်။

အခြား ခရိုနီတဦးဖြစ်ပြီး ဗိုလ်ချုပ်များ၏ မျက်နှာသာပိုရသူ ထူးထရေးဒင်းကုမ္ပဏီပိုင်ရှင် ဦးတေဇကို ပြိုင်ဆိုင်နေသော်လည်း “ဗိုလ်ချုပ်တွေက တေဇကို မျက်နှာသာဆက်ပေးပေမယ့် ဇော်ဇော်ကိုလည်း အရေးကြီးတဲ့ နေပြည်တော်စီမံကိန်း လမ်းဖောက်လုပ်ရေး စာချုပ်တွေပေးပါတယ်” ဟု သံအရာရှိက သိရှိရချက်ကို ဖော်ပြထားသည်။

ဗိုလ်ချုပ်များသည် ခရိုနီများကို နိုင်ငံတော်စီမံကိန်းများတွင် အခမဲ့ ခိုင်းစေကြပြီး အပြန်အလှန်အားဖြင့် ကားတင်သွင်းခွင့်၊ မြေယာဝယ်ယူခွင့်၊ တွင်းထွက်လုပ်ငန်း၊ သစ်လုပ်ငန်းများအတွက် ပါမစ်များ ပြန်ချပေးလေ့ရှိကြောင်း ဝီကီလိမှ ပေါက်ကြားလာသော အမေရိကန်ကြေးနန်းများတွင် ပါရှိသည်။

သို့သော် နေပြည်တော် စီမံကိန်းတွင် လုပ်ကိုင်ပေးသဖြင့် အပြန်လှန်အားဖြင့် ဦးတေဇနှင့် စီတီဗင်လောတို့က တစီးလျင် ဒေါ်လာ ၁၈၀,၀၀၀ တန် ကား ၁၅ စီးစီ တင်သွင်းခွင့်ရခဲ့သော်လည်း ဦးဇော်ဇော်မှာ ၁၀ စီးစာ ပါမစ်သာရသည်ဟု ကြေးနန်းတွင် ပါရှိသည်။ သို့သော် ရန်ကုန်မြို့တွင် ကိုယ်ပိုင် အိမ်ယာစီမံကိန်းများ တည်ဆောက်ရန် မြေကွက်များ ရရှိသည်ဟုဆိုသည်။

ပက်စီ Pepsi အချိုရည်ကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သူ ယောက္ခမဖြစ်သူ ဦးသိန်းထွန်း၏ အဆက်သွယ်ဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မောင်အေးနှင့် နီးစပ်သွားသူ ဦးဇော်ဇော်သည် သူ၏ စီးပွားရေးကို ၁၉၉၄ ခု မတိုင်မီ ဂျပန်နိုင်ငံတွင် နေထိုင်စဉ် တပတ်ရစ် ကားနှင့် ဆိုင်ကယ်များကို မြန်မာနိုင်ငံသို့ တင်ပို့ခြင်းဖြင့် စတင်ခဲ့သည်ဟု အမေရိကန်သံရုံး ကြေးနန်းတွင် ပါရှိသည်။

မက်စ်မြန်မာကုမ္ပဏီကို ၁၉၉၅ ခုတွင် ထူထောင်ပြီးနောက် ထိပ်တန်းဗိုလ်ချုပ်များဖြင့် နီးစပ်လာသူ ဦးဇော်ဇော်သည် သစ်တင်ပို့သည့်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများ တိုးချဲ့လာပြီး ကချင်ပြည်နယ် ဖါးကန့်-လုံးခင်းတွင် ဧက ၅၀၀ ကျယ် ကျောက်စိမ်းမိုင်းတခု လုပ်ခွင့်ရထားပြီဟု သံရုံးအရာရှိက သိရှိရချက်ကို ကြေးနန်းအတွင်း ရေးထားသည်။

မြန်မာဘောလုံးအဖွဲ့ချုပ် MFF လက်ရှိ ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယခုအခါ အငြိမ်းစားယူသွားပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးနှင့် ရင်းနှီးသူဖြစ်ပြီး လူ ၁,၀၀၀ ခန့်တက်ရောက်သည့် နေရွှေသွေး၏ ၁၆ နှစ် ပြည့် မွေးနေ့ကို ဆီဒိုးနား ဟိုတယ်တွင် ၂၀၀၇ ဇွန်လက အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ကုန်ကျခံ ကျင်းပပေးခဲ့သည်ဟု သံရုံးအရာရှိက သိရှိရချက်ကို ပြန်လည်ရေးသားထားသည်။

၂၀၀၇ ခု နိုဝင်ဘာ ၁၅ ရက်စွဲဖြင့် ရန်ကုန်မြို့ အမေရိကန်သံရုံးက ဝါရှင်တန်မြို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့သည့် ကြေးနန်းစာတွင် ဦးတေဇနှင့် စတီဗင်လော တို့သည် စစ်အစိုးရ၏ မျက်နှာပေးခြင်းကို ခံနေရသည်နှင့် တပြိုင်နက် ဦးဇော်ဇော်သည်လည်း တက်သစ်စ ခရိုနီတယောက်ဖြစ်သည်ဟု ဖော်ပြပါရှိသည်။
http://www.mizzimaburmese.com/special/burma-related-leaked-us-cables/8338-2011-09-16-15-30-43.html

5 comments:

မဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အစိုးရသစ်ကို ဆက်တိုက်မှာပါ said...

.
မဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အစိုးရသစ်ကို ဆက်တိုက်မှာပါ


(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံကို မောင်းနှင်မယ့် အစိုးရသစ်ကတော့ အာဏာကို လွှဲပြောင်းယူလိုက်ပြီ။ ဒီဖွဲ့စည်းပုံဟာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေရဲ့ "နိုင်ငံရေးအရတန်းတူပြီး စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်ရေး" ကို ငြင်းဆန်ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ (၁၉၄၈) ခုနှစ်မှာ လွတ်လပ်ရေး ရလာတဲ့ မြန်မာနိုင်ငံကို ခေတ်သစ်မြန်မာနိုင်ငံ အဖြစ် သုံးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ မတိုင်ခင်က မွန်၊ ရခိုင်၊ ဗမာ စတဲ့ အမျိုးသားတွေရဲ့ သီးခြားနိုင်ငံအဖြစ် နေထိုင်ခဲ့ခြင်းတွေနဲ့ ကွဲပြားချင်လို့ ဖြစ်တယ်။

ဆိုတော့ ခေတ်သစ်မြန်မာနိုင်ငံမှာ တည်ရှိခဲ့တဲ့ ပေါ်ပေါက်ခဲ့ဖူးတဲ့ (၁၉၄၇)၊ (၁၉၇၄)၊ (၂၀၀၈) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းဟာ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကချင်စတဲ့ အမျိုးသား တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို လိမ္မာပါးနပ်စွာနဲ့ ရိုက်ချိုးခဲ့သလို တဖက်မှာလည်း "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး" ကို အခြေခံခဲ့တယ်။

(၁၉၇၄) ဖွဲ့စည်းပုံရော၊ (၂၀၀၈) ဖွဲ့စည်းပုံပါ "တပါတီအာဏာရှင်စနစ်ကို အခြေခံထားတယ်" ဆိုတာထက် "မဟာလူမျိုးကြီးဝါဒ ကြီးစိုးရေးကို အခြေခံထားတယ်" လို့ ပြောရင် ပိုမှန်လိမ့်မယ်။ တချို့က အဲဒီဖွဲ့စည်းပုံဟာ "စစ်အာဏာရှင်စနစ် တည်တံ့ရေး၊ စစ်တပ်လွှမ်းမိုးရေး၊ လူတချို့ ကောင်းစားရေး" စသည်အားဖြင့် သုံးနှုန်း ပြောဆိုခြင်းဟာ မှန်သင့်သလောက် မှန်ပါတယ်။ တကယ့် အနစ်သာရက "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး" သာ ဖြစ်တယ်။

"မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေက တပ်မတော်ကို အသုံးချခြင်းသာ ဖြစ်တယ်" ဆိုတာကို ကွဲပြားစွာ မြင်ဖို့လိုတယ်။ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေဟာ တပ်မတော်ထဲမှာ ရှိသလို အတိုက်အခံတွေ ထဲမှာလည်း ရှိကြတယ်။ ထို့အတူ ပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ၊ သာမန်လူထုတွေထဲမှာလည်း ရှိကြတယ်။

ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အမျိုးသားတွေ အားလုံးဟာ "နိုင်ငံရေးအရ တန်းတူတဲ့၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး" ကို "လက်ခံထားတဲ့၊ ယုံကြည်ထားတဲ့ ဗမာအမျိုးသားတွေ" ရှိသလို "လက်မခံတဲ့ ဗမာအမျိုးသားတွေ" လည်း ရှိတယ် ဆိုတာ (၁၉၄၈) လွတ်လပ်ရေး ရသည်မှ ယနေ့ကာလအထိ နိုင်ငံရေးအခင်းအကျင်းတွေက သက်သေပြနေတယ်။ ဒါကြောင့် "တပ်မတော်လွှမ်းမိုးရေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖုံးလွှမ်းထားတဲ့ အင်မတန်နက်ရှိုင်းတဲ့ "ဗမာအမျိုးသားရေးဝါဒ (မဟာလူမျိုးကြီးဝါဒ) လွှမ်းမိုးရေး" အယူအဆကို အကောင်အထည် ဖော်နေခြင်းဖြစ်တယ် ဆိုတာကို ပြောလိုတယ်။

(အောက်တွင် ဆက်ဖတ်ပါ။)

မဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အစိုးရသစ်ကို ဆက်တိုက်မှာပါ said...

.

ဆိုတော့ "မဟာလူမျိုးကြီးဝါဒ" ဆိုတဲ့ဝေါဟာရကို သုံးစွဲခြင်းဟာ "ဗမာအမျိုးသားတွေကို မုန်းတီးလို့ မဟုတ်ဘူး" ဆိုတာ နားလည်စေချင်တယ်။ ထို့အတူ "တပ်မတော်ကို မုန်းတီးလို့ မဟုတ်ဘူး" ဆိုတာကိုလည်း ကွဲပြားစွာ သိဖို့ လိုပါတယ်။ ဒီလို ကွဲကွဲပြားပြား သိမှ "စစ်မှန်တဲ့ ပြည်ထောင်စု" ကို တည်ဆောက်တဲ့နေရာမှာ ရှိနေတဲ့ အဖုအထစ်တွေကို ကျော်လွှားနိုင်မှာ ဖြစ်တယ်။

ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေ အားလုံးဟာ "နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး" ကို ပြောဆို တိုက်ပွဲဝင်ခြင်းဟာ "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ" ဖြစ်တယ်လို့  ၀ါဒဖြန့် နေသူတွေ၊ ယုံကြည်နေသူတွေဟာ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး ကို ယုံကြည်သူတွေ" ဖြစ်တယ် ဆိုတာ ရဲရဲကြီး ပြောရဲတယ်။

တနည်းအားဖြင့် ပြောရရင် "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ" ရှိနေတဲ့ ဗမာအမျိုးသားတွေရဲ့ ပန်းတိုင်ဟာ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး" ပဲ ဖြစ်တယ်ဆိုတာ သမိုင်းက သက်သေပြခဲ့တယ်။ ဒါကြောင့် "စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး" ထက် "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးဝါဒ အမြစ်ပြတ်ရေး" က ပိုလို့ အရေးကြီးပါတယ်။

ဒီလို ဘာကြောင့် ပြောရသလဲဆိုတော့ (၁၉၄၇) ခု ပင်လုံညီလာခံရဲ့ သဘောတူညီမှုတွေကို ခေတ်သစ်မြန်မာနိုင်ငံမှာ ပေါ်ပေါက်ဖူးတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းက ငြင်းပယ်ထားလို့ ဖြစ်တယ်။ ပင်လုံညီလာခံရဲ့ သဘောတူညီချက်တွေဟာ သီးခြားတည်ရှိခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေ အရ ပေါ်ပေါက်လာသလို အနာဂတ်ရဲ့ ခေတ်တိုင်း ခေတ်တိုင်းမှာလည်း သီးခြား တည်ရှိခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို ချန်လှပ်ထားလို့ မရဘူး။

အနာဂတ်နိုင်ငံတော်ဟာ ငြိမ်းချမ်း တည်ငြိမ်စွာနဲ့ ဖွံ့ဖြိုးစေချင်တယ်ဆိုရင် ဗမာ အပါအ၀င် တိုင်းရင်းသားပေါင်းစုံဟာ နိုင်ငံရေးအရ တန်းတူဖို့ လိုသလို "ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ပြည်နယ်တွေ" နဲ့ ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်တယ်။ ဒီလို တည်ဆောက်ဖို့ ဘာကြောင့် လိုအပ်သလဲ ဆိုတော့ (၁၉၄၈) လွတ်လပ်ရေး မတိုင်ခင်က သီးခြားဖြစ်တည်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကြောင့် ဖြစ်တယ် ဆိုတာကို မျိုးဆက်သစ်တွေကို ချပြရသလို ထုံပေပေ နေနိုင်လွန်းတဲ့ မျိုးဆက်အိုကြီးတွေကိုလည်း ချပြရတယ်။

(အောက်တွင် ဆက်ဖတ်ပါ။)

မဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အစိုးရသစ်ကို ဆက်တိုက်မှာပါ said...

.

ဒီနေရာမှာ အလျဉ်းသင့်လို့ ပြောချင်တာ တခုရှိတယ်။ ကျနော့် ဆောင်းပါးတွေမှာ အနာဂတ်အကြောင်းတွေ ပြောရင်း အတိတ်က အခြေအနေတွေကို ချပြတော့ အဖွဲ့အစည်းတခုက ခေါင်းဆောင်ဟောင်းက သူ့ဆောင်းပါးမှာ ယဉ်ကျေးမှု ရှေးကျခြင်း၊ ဘာညာတွေ ပြောနေခြင်းဟာ အနာဂတ် "ဖက်ဒရယ်ပြည်ထောင်စု" တည်ဆောက်ရေးမှာ အရေးမပါကြောင်း တုန့်ပြန်ပြီး ရေးတာ ဖတ်လိုက်ရပါတယ်။ ကျနော့်နာမည်ကို ဖော်ပြခြင်းမရှိပေမယ့် ကျနော့် ဆောင်းပါးကို တုန့်ပြန်တယ် ဆိုတာ ကျနော် သဘောပေါက်တယ်။

ဆိုတော့ အထက်က ကျနော်ပြောသလိုပဲ ထုံပေပေ နေနိုင်လွန်းတဲ့ မျိုးဆက်အိုကြီးတွေကို ချပြရသလို မသိသေးတဲ့ မျိုးဆက်သစ်တွေကိုလည်း ချပြရတယ်။ တဖက်မှာလည်း အတိုက်အခံလို့ ပြောပေမယ့် "တိုင်းရင်းသားပေါင်းစုံ နိုင်ငံရေးအရတန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု" ပုံစံမျိုးကို မလိုလားတဲ့ လူတွေ ရှိတယ်ဆိုတာ ကျနော် ပြောဖူးတယ်။ အဲဒီလို လူတွေကိုလည်း နားလည်အောင် ပြောရပြန်တယ်။

ဗမာအမျိုးသားတွေထဲမှာ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေ" နဲ့ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ငြင်းပယ်ထားတဲ့သူတွေ" ဆိုပြီး ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ တန်းတူရေး၊ "ဗမာအမျိုးသားတွေဟာလည်း ပြည်နယ်တခု ဖွဲ့စည်းရေး"၊ အဲဒီပြည်နယ်တွေနဲ့ "ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး"၊ တနည်းအားဖြင့် "ပင်လုံမူတွေကို အခြေခံရေး" စသည်ဖြင့် ပြောကြ၊ ဆိုကြ၊ တိုက်ပွဲဝင်ကြရင် "ဒါတွေဟာ ဗမာမုန်းတီးရေးကို ရှေ့ရှုတယ်၊ ဗမာမုန်းတီးရေးကို လှုံ့ ဆော်တယ်၊ ဒီလို ပြောသူတွေဟာ ဗမာမုန်းတီးရေးဝါဒီတွေ ဖြစ်တယ်" လို့  အမြဲ အပြောခံရတယ်။

အမှန်က ဒီလို ပြောသူတွေဟာ "ဗမာမုန်းတီးရေးဝါဒီတွေ မဟုတ်ဘူး"။ ဒီလို ပြောသူတွေကို "ဗမာမုန်းတီးရေးဝါဒီတွေ" လို့  မြင်တဲ့လူတွေ ကိုယ်နှိုက်က "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ" ဖြစ်ပြီး "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လိုလားတဲ့သူတွေ" ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုတယ်။

တဖက်မှာလည်း "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လုံးဝလက်မခံဘဲ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံထားတဲ့ ဗမာအမျိုးသားတွေ" ကလည်း ရှိပြန်တယ်။ ဒါကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာရရှိရေး သက်သက် မဟုတ်ဘဲ မတူညီတဲ့ အမျိုးသားတွေ ပေါင်းစည်းရေး၊ ညီညွတ်ရေးနဲ့ "နိုင်ငံရေးအရ တန်းတူတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး" ကို တစိုက်မတ်မတ် လုပ်လာခဲ့ခြင်း၊ လုပ်နေခြင်းဟာ သမိုင်းအစဉ်အလာ တန်ဖိုးတွေကို နားလည်လို့ ဖြစ်တယ်။ သမိုင်းအစဉ်အလာ တန်ဖိုးတွေကို လက်ခံနိုင်မှ "စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု" ကို တည်ဆောက်သင့်တယ်၊ တည်ဆောက်ရမယ်လို့ မြင်မယ်၊ ယုံကြည်ကြမယ်။

(အောက်တွင် ဆက်ဖတ်ပါ။)

မဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အစိုးရသစ်ကို ဆက်တိုက်မှာပါ said...

.

(၂၀၀၈) ဖွဲ့စည်းပုံဟာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ချိုးနှိမ်ထားတာ ဖြစ်တယ်။ ထို့အတူ နိုင်ငံရေးအရ တန်းတူမှု ကင်းမဲ့ပြီး "ဗမာအမျိုးသားဝါဒ လွှမ်းမိုးရေး" (သို့မဟုတ်) "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး" ကို ရေးဆွဲထားတာ ဖြစ်တယ်။ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည် ဖြစ်စေရေး၊ ဒီဖွဲ့စည်းပုံအတိုင်း တက်လာတဲ့ အစိုးရက တိုင်းပြည်ကို အုပ်ချုပ်ရေး စတဲ့ လုပ်ဆောင်ချက်တွေ အဆင်ပြေ ချောမွေ့ဖို့အတွက် "စစ်တပ်ကို အသုံးချရခြင်း" ဖြစ်တယ်။ ဒီလို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာက ဘယ်သူတွေလဲ ဆိုတော့ "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို လက်ကိုင်ထားတဲ့ ဗမာတွေ" ဖြစ်တယ်။

ဆိုတော့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေဟာ "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ" ဖြစ်တယ် လို့ ပြောကြ၊ ဆိုကြခြင်းဟာ ဘယ်အချက်အလက်တွေအပေါ်မှာ အခြေခံပြီး ခေါ်သလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ အငြင်းပွားစရာတွေ၊ မသေချာမှုတွေနဲ့ အလှမ်းဝေးနေမယ် ထင်တယ်။ အဲဒီအမျိုးသားတွေဟာ " နိုင်ငံရေးအရ တန်းတူရေး ရှိပြီး ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး" ကို ကြိုးပမ်းကြခြင်း၊ တိုက်ပွဲဝင်နေကြခြင်းဟာ "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ မဟုတ်ဘူး" ဆိုတာ ထင်ရှားတယ်။

"ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ စစ်စစ်" ဟာ ဘယ်သူတွေလဲ ဆိုတော့ မြန်မာနိုင်ငံမှာ "ဗမာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆ ရှိသူတွေ" သာ ဖြစ်တယ်။ "ဒီနိုင်ငံမှာ ဗမာတွေသာ လွှမ်းမိုးရမယ်" ဆိုတဲ့ အခြေခံပေါ်မှာ "ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ" အဖြစ် ညွန်းဆိုချက်တွေဟာ ပြောင်းလဲသွားရခြင်း ဖြစ်တယ်။

(အောက်တွင် ဆက်ဖတ်ပါ။)

မဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အစိုးရသစ်ကို ဆက်တိုက်မှာပါ said...

.

ယနေ့ မြန်မာနိုင်ငံမှာ "နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သုံးခု" ရှိခဲ့ဖူးတယ်။ အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းဟာ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး" ကိုသာ ရှေ့ ရှုရေးဆွဲထားတာ ဖြစ်တယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေရဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆိတ်သုဉ်းခဲ့မှု အပေါ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကို မွေးဖွားခဲ့တယ်။ ဒီပြည်တွင်းစစ်ကို အလွန် ကျဉ်းမြောင်းတဲ့ ဗမာ အမျိုးသားရေးဝါဒီတွေက မျိုးဆက် အဆက်ဆက် "ကိုလိုနီဆိုးမွေ" လို့ ကမ္ပည်း ထိုးခဲ့ကြတယ်။ "ကိုယ်ပိုင်ပြဌာန်းခွင့် ဆိတ်သုဉ်းမှု အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ တော်လှန်စစ်ပွဲတွေ" ကို ချိုးနှိမ် လိုက်တာဖြစ်တယ်။

ဆိုတော့ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆ ရှိသူတွေက (၂၀၀၈) ကို အခြေခံပြီး သုံးသပ်ကြ၊ ပြောဆိုကြပါတယ်။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေ ကတော့ (၁၉၄၇) ကို အခြေခံပြီး သုံးသပ်ကြ၊ ပြောဆိုကြပါတယ်။ ဒီနိုင်ငံရဲ့ နိုင်ငံနောက်ခံ၊ နိုင်ငံရေး အခင်းအကျင်းတွေ အရ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိတဲ့ ဗမာတွေ" မှ အပ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ငြင်းပယ်ထားတဲ့ ဗမာ"၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေ အတွက်ကတော့ တော်လှန်ရေးဟာ မပြီးဆုံးသေးပါဘူး။ "စစ်တပ်လွှမ်းမိုးရေးကို အရေခြုံထားတဲ့ မဟာဗမာ လွှမ်းမိုးရေး" အယူအဆဟာ နက်ရှိုင်းစွာ တည်ရှိနေတယ် ဆိုတာ သဲကွဲစွာ မြင်ဖို့ လိုမယ် ထင်ပါတယ်။

မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံ ရေးဆွဲထားတဲ့၊ "ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတဲ့" (၂၀၀၈) ဖွဲ့စည်းပုံအရ အုပ်ချုပ်တော့မယ့် အစိုးရသစ်လည်း ပေါ်ထွက်လာပြီ ဆိုတော့ ဒီအောင်ပွဲဟာ တတိယအောင်ပွဲ (သို့မဟုတ်) "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး၏ မဟာအောင်ပွဲ လား" ဆိုတာ မေးစရာ ဖြစ်လာပါတယ်။ အဲဒီအမေးရဲ့ အဖြေဟာ အချိန်ကာလတခုကို ဖြတ်သန်းပြီးတဲ့အခါ ထင်ထင်ရှားရှားကြီး ပေါ်ထွက်လာမှာပါ။

"မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး၏ မဟာအောင်ပွဲ လား" ဆိုတာ ထင်ရှားလာရင်တော့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေနဲ့ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆကို ငြင်းပယ်ထားတဲ့ ဗမာတွေ" ကတော့ "မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံ ရေးဆွဲထားတဲ့၊ "ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတဲ့" (၂၀၀၈) ဖွဲ့စည်းပုံအရ အုပ်ချုပ်တော့မယ့် အစိုးရသစ်ကို ဆက်လက် တိုက်ပွဲဝင်လျက် ရှိနေကြမှာပါ။ ။

ခိုင်လင်း (မေဃ၀တီ)
ကွာလာလမ်ပူ

(Arakan Review မှ ကူးယူသည်။)

Post a Comment