“ကော ဆော် နော” ပညာရေး (ဆရာ စောအောင်သန်းဝေနှင့် အင်တာဗျူး)
(၁) ပထမဆုံး ဆရာ အောင်သန်းဝေ အနေနဲ့  ဆရာရဲ့ နောက်ခံ အကြောင်းနဲ့  ပညာရေး ဖြတ်သန်းမှု၊ လက်ရှိ တာဝန် ဝတ္တရားတွေကို ပြောပြပေးပါ။
ကျနော့်ကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က ရွာကလေးတရွာမှာ မွေးပါတယ်။ အခြေခံပညာ အထက်တန်း (ဒသမတန်း) ကို ၁၉၉၀ မှာ အောင်မြင်ပြီး၊
၁၉၉၅ ခုနှစ်မှာအဝေးသင် တက္ကသိုလ် ကနေ မြန်မာစာ အဓိကနဲ့ ကျောင်းပြီးပါတယ်။ အဝေးသင် တက်နေတုန်း၊ ကျနော့်ရွာနဲ့ လေးမိုင် လောက် ဝေးတဲ့ ရွာလေး တစ်ရွာမှာ မူလတန်းပြ ဆရာအဖြစ် လုပ်ခဲ့ပါသေးတယ်။ အခု လက်ရှိကတော့ မဲဆောက်မြို့၊ မယ်တော် ဆေးခန်းမှာ သုတေသန ဆိုင်ရာဆက်စပ် ဆောင်ရွက်ပေးသူ (Research Coordinator) အနေနဲ့ရော၊ မယ်တော် ဆေးခန်းက ဖွင့်လှစ်တဲ့ ကျန်းမာရေးဆိုင်ရာ သင်တန်းတွေမှာ သင်တန်းဆရာ အဖြစ်ပါဆောင် ရွက်ပေးပါတယ်။
(၂) ဘာဖြစ်လို့  မြန်မာပြည်က ထွက်ခွါလာခဲ့ ရပါသလဲ။
အခြားသော မြန်မာပြည်သား တွေလိုပါပဲ။ သည့်ထက်ပိုမို ကောင်းပြီး ပိုမို အဆင်ပြေတဲ့ ဘဝမျိုးကို ရှာဖွေခဲ့တာပါ။ ရွာမှာက အမြဲတမ်း ကြုံနေရတဲ့ လုပ်အားပေး (တောခုတ်၊ လမ်းဖေါက်) စတာတွေ၊ ပေါ်တာကြေး၊ ကင်းကြေး၊ မြူနီစပါယ်ကြေး၊ အစရှိတာတွေကို ရှောင်ဖို့ရယ်၊ နောက်ပြီးတော့ ကျနော့်ရဲ့ မိသားစု အသက်မွေး ဝမ်းကျောင်းပြုတဲ့ လယ်မြေတွေကို ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် အတွက် ငါးမွေးကန် တူးဖို့ အကြောင်းပြချက်နဲ့ စစ်အစိုးရက မတရား သိမ်းပိုက်လိုက်တော့ စား၊ ဝတ်၊ နေရေး ဝင်ငွေအခက်အခဲတွေ၊ ဘ၀အကျပ်အတည်းတွေ ကြောင့် ချစ်တဲ့ ဇာတိရွာလေးက ထွက်လာခဲ့ရပါတော့တယ်။
(၃) ဆရာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ကို ရောက်ပြီး နောက်ပိုင်း ပညာ ဆက်လက် ဆည်းပူး လေ့လာခွင့် ရခဲ့ပုံ လေးတွေကို ပြောပြပေးပါ။ ဘာသင်တန်းတွေ တက်ရောက်ခဲ့ပါသလဲ။
ထိုင်းနိုင်ငံကို ရောက်ပြီး နောက်ပိုင်း စက်ရုံတရုံမှာ စကားပြန်လုပ်ပါတယ်။ အဲဒီနောက်မှာတော့ ဝေါလ်ဗွီရှင်း (မဲဆောက်) က အိတ်ခ်ျအိုင်ဗွီအိတ်စ် HIV-AIDS ကာကွယ်ရေး ပညာပေး စီမံကိန်းမှာ စလုပ်တဲ့ အချိန်က စ ပြီးတော့ ဆက်လက် ပညာသင်ကြားခွင့် ရပါတယ်။ အိတ်ခ်ျအိုင်ဗွီအိတ်စ်၊ မျိုးဆက်ပွား ကျန်းမာရေး၊ မိသားစု စီမံကိန်းနဲ့ ပတ်သက်တဲ့ ပညာတွေကို ထိုင်းနိုင်ငံသား၊ နိုင်ငံခြားသား သင်တန်း ဆရာများထံကနေ ဆည်းပူး သင်ယူခွင့် ရရှိခဲ့ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်း၊ မယ်လ ဒုက္ခသည်စခန်းက ကရင်အမျိုးသားများအတွက် HIV-AIDS ပညာပေး လုပ်ဆောင်မှု အဖွဲ့တွေမှာ တာဝန် ထမ်းဆောင်တဲ့ အချိန်မှာလည်း လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ သင်တန်းတွေကိုလည်း တက်ခဲ့ပါတယ်။
မယ်တော်ဆေးခန်းကို ရောက်ပြီး နောက်မှာတော့ မယ်တော်ဆေးခန်းမှာ ဖွင့်လှစ်တဲ့ သူနာပြုသင်တန်း၊ (Nursing Care training)၊ ၆ လ သင်တန်းကို တက်ခဲ့ပါတယ်။ သည်ကာလမှာပဲ ထိုင်းဘာသာစကားကို ဆက်လက် လေ့လာဖို့အတွက် ထိုင်းနိုင်ငံ၊ ပညာရေးဌာနရဲ့ ကောဆော်နော (Non-formal Education) - ကျောင်းပြင်ပ ပညာ ဆက်သင်ရေးကို ဆက်သွယ်ပြီး သတ်မှတ်ထားတဲ့ ရက်တွေမှာ ပုံမှန်တက်ရောက် ဆည်းပူးခဲ့ပါတယ်။
၂၀ဝ၄-၂၀ဝ၅ မှာတော့ မြန်မာ ကျောင်းသားတွေကို ပညာသင်ဆု ထောက်ပံ့တဲ့ (Prospect Burma - Supplementary Grant Program) ကနေ ပညာသင်ဆု (Scholarship) ရခဲ့တဲ့အတွက် ဘန်ကောက်မြို့၊ ချူလာလောင်ကောင်း တက္ကသိုလ် (Chulalongkorn University)၊ လူထု ကျန်းမာရေး ကောလိပ် (College of Public Health) မှာ လူထု ကျန်းမာရေး မဟာဘွဲ့ (Masters of Public Health) ကို တက်ရောက် ဆည်းပူးခဲ့ပါ တယ်။
(၄) ထိုင်းနိုင်ငံမှာ ပညာ သင်ကြားတဲ့ပုံနဲ့  မြန်မာပြည် ပညာရေး ဘယ်လို ကွာဟ ခြားနားပါသလဲ။
ထိုင်းနိုင်ငံမှာ ပညာ သင်ကြားတဲ့ပုံကိုတော့ ကျနော် အရမ်း သဘောကျပါတယ်။ Textbooks လို့ ခေါ်တဲ့ သင်ရိုးညွန်းတမ်းကို သုံးပေမယ့် ကျောင်းသားဟာ ဒီသင်ရိုးညွှန်းတမ်း ဖတ်စာအုပ် တစ်ခုထဲကိုပဲ အားကိုးလို့မရ ပါဘူး။ ကျောင်းဆရာကလည်း ဒီစာအုပ်ထဲက အကြောင်းအရာကိုပဲ မသင်ပါဘူး။ လက်ရှိ ဖြစ်ပျက်နေတဲ့ အရာတွေ၊ ကျောင်းသားရဲ့ လက်တွေ့ဘဝမှာ အသုံးဝင်မယ့် အရာတွေကို သင်ရိုးညွှန်းတမ်းနှင့် တွဲပြီး၊ ယှဉ်ပြီး တော့ ကျောင်းသားတွေကို သင်ကြားပေးတယ်။ ကျောင်းသားတွေကို လေ့လာစေပါတယ်။ ကျောင်း သားတွေရဲ့ အရည်အချင်းကို ဆန်းစစ်တဲ့ အချိန်မှာလည်း ၂ နာရီ မေးခွန်း၊ ၃ နာရီ မေးခွန်းနဲ့ အရည်အချင်းကို မဆုံးဖြတ်ပါဘူး။ ကျောင်းသားရဲ့ တနှစ်လုံးမှာ လုပ်ဆောင်ခဲ့တဲ့ တဦးချင်း အလိုက် လေ့ကျင့်ခန်း၊ အုပ်စု အလိုက် လေ့ကျင့်ခန်း၊ လူမှုဖွံ့ဖြိုးမှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အစရှိတဲ့ အပြုအမူတွေ အားလုံးကို ထည့်သွင်း စဉ်းစားပြီး ကျောင်းသား တယောက်ရဲ့ စဉ်ဆက်မပြတ် လေ့လာမှုနဲ့ ဘက်စုံစစ်ဆေးပြီး ရသင့်တဲ့ အမှတ် (Grade) ကို သတ်မှတ်တာပါ။ တဦးတယောက်ချင်း လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်စေ၊ အုပ်စုဖွဲ့ လုပ်ရတဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်စေ၊ ကျောင်းသားတွေ အနေနဲ့ အပြင်က စာအုပ်တွေ၊ လိုအပ်ရင် အခြားသူတွေကို တွေ့ဆုံ မေးမြန်းတာတွေ လုပ်ရပါတယ်။
မြန်မာပြည်မှာ ဆိုရင် သင်ရိုးညွှန်းတမ်းထဲက စာပဲသင်ပြီး၊ အဲဒီအထဲကပဲ မေးတယ်။ အပြင်က အကြောင်းအရာတွေ ထည့်ရေး မိရင်တော့ ကျနော့် အတွေ့ကြုံအရ ဆရာ၊ ဆရာမတွေ ခေါ်ပြီး အစစ်ခံ၊ အဆူခံ ရမှာ ကျိန်းသေတယ်။ ကျနော် ကိုယ်တိုင်ရော၊ သူငယ်ချင်း တချို့လည်း ဒီလို ခေါ်ပြီး သတိပေးတာ ခံရဖူး ပါတယ်။ တနှစ်လုံး လုပ်တဲ့ လေ့ကျင့်ခန်းတွေ၊ ပုံမှန် အိမ်စာတွေ၊ တွဲဖက် တက်ရတဲ့ သင်တန်း (ဥပမာ -လူထုအကျိုးပြု သင်တန်း၊ ကြက်ခြေနီ သင်တန်း) တွေဟာ အတန်းတင် စာမေးပွဲမှာ ဘာမှ အကြုံး မဝင်ပါဘူး။ ဒါပေမဲ့ ထိုင်းပညာရေး စနစ်မှာတော့ အထက်မှာ ပြောပြခဲ့တဲ့ လေ့ကျင့်ခန်း အိမ်စာ၊ သင်တန်းတွေ အားလုံး ဟာ နောက်ဆုံး စာမေးပွဲ အမှတ် (Grade) ထဲမှာ သွားပြီးတော့ အကြုံးဝင်ပါတယ်။ စဉ်ဆက်မပြတ် ပညာရေးနဲ့ ကျောင်းဖွင့်တဲ့ နှစ်စကနေ နှစ်ဆုံးတဲ့အထိ နေ့စဉ်၊ အပတ်စဉ် ပုံမှန် ဆည်းပူး လေ့လာဖို့အတွက် လိုအပ်တဲ့ ပညာရေး စနစ်လို့ ပြောနိုင်ပါတယ်။ ပုံမှန် ကြိုးစား လေ့လာမှလည်း ပညာတဖြည်းဖြည်း ပြည့်ဝလာမယ် မဟုတ်လား။
(၅) ဆရာ တက်ခဲ့တဲ့ “ကော ဆော် နော” ပညာရေး ဆိုတာ ဘာလဲ ဆရာ၊ အသေးစိတ် ရှင်းပြပေးပါလား၊ ဆရာ ဘာဖြစ်လို့  တက်ရောက်ခဲ့ပါသလဲ၊
“ကော ဆော် နော” ဆိုတာက ထိုင်းစကားနဲ့ပါ။ မြန်မာလို ဘာသာ ပြန်ရင်တော့“ကျောင်းသင် ပညာရေး စနစ် ပြင်ပ နှင့် အဆင်ပြေသလို၊ မိမိ နှစ်သက်ရာ၊ ၀ါသနာပါရာကို လေ့လာသင်ယူခြင်း” လို့ တိုက်ရိုက် ဘာသာပြန်နိုင်ပါတယ်။ ထိုင်းဘာသာလိုကတော့ การศึกษานอกระบบ (กศน.) လို့ ခေါ်ပါတယ်။ အင်္ဂလိပ်လို ကတော့ (Non Formal Education) လို့ ဘာသာပြန်ဆို ကြပါတယ်။ ထိုင်းမှာ ကျနော် ရောက်စတုန်းက ထိုင်းစာ မတတ်တော့ အရမ်း အခက်အခဲ ဖြစ်ခဲ့ပါတယ်။ ကျနော့်ရဲ့ ထိုင်း သူငယ်ချင်းတွေကလည်း ကူပြီး သင်ပေးတော့ ကျနော် ရေးတတ်၊ ဖတ်တတ်လာပါတယ်၊ ဒီတော့ ထိုင်း ဘာသာကို ပိုပြီး လေ့လာလိုတယ်။ ထိုင်းဘာသာနဲ့ ရေးထားတဲ့ စာအုပ်မျိုးမျိုးကိုလည်း ဖတ်ချင်လာတယ်။ ဒါနဲ့ပဲ ထိုင်းတစ်ယောက် အကူအညီနဲ့ ကျနော် “ကော ဆော် နော” တက်ခဲ့တယ်။ ထိုင်းမှာလည်း အောင်လက်မှတ် ရနိုင်ပါတယ်။
ထိုင်းပညာရေး ဥပဒေထဲမှာလည်း မြန်မာပြည်သား ဖြစ်ပေမယ့် ရိုးရိုးဘွဲ့ ရတဲ့အထိ တက်နိုင်တယ် ဆိုတာ “ကော ဆော် နော” မောင်မယ် သစ်လွင် ကြိုဆိုပွဲနေ့မှာပဲ သိခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့ မှာတော့ အဲဒီ မူဝါဒတွေကို အကောင်အထည်ဖေါ် ဆောင်ရွက်ရတဲ့ ပညာရေး အရာရှိတွေ အပေါ်မှာလည်း မူတည်တာပေါ့လေ။ အဲဒီမှာ ကျနော် ထိုင်းသူငယ်ချင်းတွေ ရလာတယ်။ သူတို့က ကျနော့်ကို မြန်မာပြည်သား မှန်း သိပေမဲ့ ခွဲခြား ဆက်ဆံမှု မရှိကြပါဘူး။ ကိုယ်ကလည်း ကိုယ့်ကိုယ်ကို ခွဲမထားဖို့လည်း လိုတာပေါ့လေ။
(၆) “ကော ဆော် နော” ဟာ မူ၊ လယ်၊ ထက် ပညာရေး တပိုင်းတစနဲ့ ကျောင်းထွက်ထားခဲ့ရတဲ့ လူငယ်တွေ။ သက်ကြီးတွေအတွက် အင်မတန် တန်ဖိုးရှိတယ်လို့ သိရပါတယ်။ ဘယ်လို အထောက်အကူ ဘယ်လို ဖြစ်ပါသလဲ၊ ဘာကြောင့်ပါလဲ ဆရာ၊
“ကော ဆော် နော” ဟာ ပညာတစ်ပိုင်းတစ်စ၊ တစ်ဝက်တစ်ပျက်နဲ့ ကျောင်းထွက်ရတဲ့ လူငယ်တွေ၊ သက်ကြီးတွေ အတွက် တန်ဖိုးရှိတာ အင်မတန်မှ မှန်ကန်ပါတယ်။ ထိုင်းပညာရေးစနစ်မှာ အသက် (၄ နှစ် မှ ၆ နှစ် အထိ) မူလတန်းအတွက် ပြင်ဆင်ပေးတဲ့ ပညာရေး၊ မြန်မာပြည်မှာဆို မူကြိုနဲ့ တူမယ်၊ အဲဒါကို (၃) နှစ် နေရပါတယ်။ အသက် (၇ နှစ် မှ ၁၂ နှစ် အထိ) မူလတန်း (၆) နှစ် နေရပါတယ်။ ၆ တန်း အထိ။ အသက် (၁၃ နှစ် မှ ၁၅ နှစ် အထိ) အထက်တန်း အစပိုင်း (အထက်တန်းအောက်ဆင့် ၇၊ ၈၊ ၉ တန်း) ကို (၃ နှစ်) နေရတယ်။ အသက် (၁၆ နှစ် မှ ၁၈ နှစ် အထိ) အထက်တန်း အဆုံးပိုင်း (အထက်တန်း အထက်ဆင့် ၁၀၊ ၁၁၊ ၁၂ တန်း) (၃ နှစ်) နေရတယ်။ စုစုပေါင်း၊ အခြေခံပညာကို ၁၅ နှစ် နေရတယ်။ အဲဒီမှာ အခြေအနေအရ၊ အခြေခံ ပညာရေး မပြီးသေးခင် ကျောင်းထွက်ရရင် ပညာ ဆက်လက်သင်ယူနိုင်တာက “ကော ဆော် နော” ပါပဲ။ ကျောင်းထွက်လူငယ်တွေ၊ လူရွယ်၊ လူကြီး အားလုံး တက်ခွင့်ရှိကြတယ်။ တက်လည်း တက်ကြပါတယ်။
“ကော ဆော် နော” မှာ မူလတန်းကို (၂) နှစ် တက်ရတယ်။ အထက်တန်း အစပိုင်းကို (၂နှစ်) တက်ရတယ်၊ အထက်တန်း အဆုံးပိုင်းကို (၂နှစ်) တက်ရတယ်။ အဲဒီတော့ “ကော ဆော် နော” ဟာ တခါမှ ကျောင်း မနေဘူးတဲ့ တောင်ပေါ် တိုင်းရင်းသားတွေ၊ မူလတန်းနဲ့ ကျောင်းထွက် လိုက်ရတဲ့ လူငယ်တွေ၊ အထက်တန်း အစပိုင်း ပြီးတာနဲ့ ကျောင်းထွက်ရတဲ့ လူငယ်တွေ အတွက်ရော၊ နောက်ပြီးတော့ အရင်က အထက်တန်း အစပိုင်း အောင်ပြီးတာနဲ့ အစိုးရ အလုပ်ဝင်တဲ့ လူတွေ၊ သူတို့အတွက် မိမိ ရာထူး တိုးတက်ရေး အတွက်လည်း ပညာ ဆက်လက် သင်ယူနိုင်ပါတယ်။ အသိပညာကို ဆက်လက် ရှာဖွေနိုင်ကြတာပါ။
ဆင်းရဲပြီး မိသားစုကို ထောက်ပံ့နေရတဲ့ လူငယ်၊ လူရွယ်တွေအတွက် အညွန့် တလူလူနဲ့ သူတို့ရဲ့ အနာဂတ် အတွက် ပညာကို ဆက်လက် ဆည်းပူးနိုင်တဲ့ အဖိုးတန် နေရာလေး တစ်ခုပါ။ “ကော ဆော် နော” တခန်းတည်းမှာ ဆိုရင် အသက် ၁၅ နှစ် ၁၆ နှစ် အရွယ် ဆယ်ကျော်သက်က နေပြီးတော့ အသက် ၄၀ နှစ် ၅၀ နှစ် အရွယ် ဦးဦး၊ ဒေါ်ဒေါ်တွေလည်း ပါတယ်။ ကုန်တိုက်မှာ ဈေးရောင်းနေတဲ့ အရောင်းစာရေး၊ အရောင်း စာရေးမလေးတွေလည်း ပါတယ်၊ အချို့သော ရဲအရာခံ (တပ်ကြပ်အဆင့်) တွေလည်း ပါတယ်။ မတူညီတဲ့ အသက်အရွယ်၊ အလုပ်အကိုင်တွေ ဖြစ်နေပေမယ့် အဲဒီမှာ အခါအားလျော်စွာ အုပ်စုဖွဲ့ လေ့ကျင့်ခန်းတွေ လုပ်ရတာတွေ ရှိပါတယ်။ နားလည်မှုတွေ၊ ညှိနှိုင်းမှုတွေ လုပ်နိုင်ပါတယ်။ အဲဒါက လူမှုရေး အမြင်ကိုလည်း ကျယ်ပြန့်စေပါတယ်။ ပညာရေး တွဲဖက် တန်ဖိုးတွေပါ။
၇) “ကော ဆော် နော” မှာ ဘာတွေကို လေ့လာရပါသလဲ၊
“ကော ဆော် နော” မှာ ထိုင်းဘာသာ၊ အင်္ဂလိပ် ဘာသာ၊ သင်္ချာဘာသာ၊ သိပ္ပံဘာသာ၊ လူမှုရေး ဘာသာနဲ့ (Life Skills) လို့ ခေါ်တဲ့ လူမှုဘဝဆိုင်ရာ ကျွမ်းကျင်မှု ဘာသာတွေကို သင်ယူ ရပါတယ်။ ဘာသာရပ်တိုင်းမှာ အစိုးရ၊ ဗဟို “ကော ဆော် နော” က သတ်မှတ်တဲ့ သူ့ သက်ဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေ ရှိပေမယ့် ဆရာတွေ သင်ကြားတဲ့ အခါမှာတော့ ကျောင်းသားတွေရဲ့ တကယ့်လက်တွေ့နဲ့ နှိုင်းယှဉ်ပြီး သင်ကြားပေးပါတယ်။ လေ့ကျင့်ခန်းတွေကိုလည်း သင်ရိုးညွှန်းတမ်းမှာ ဖေါ်ပြထားတဲ့ အကြောင်းအရာတွေနဲ့ လုံးဝ မပတ်သက်တဲ့ တချို့လေ့ကျင်ခန်းတွေ လုပ်စေတယ်။ ဥပမာ - သိပ္ပံ ဘာသာရပ်မှာလျှပ်စစ် အကြောင်းကို သင်တဲ့အခါ လျှပ်စစ် စီးဆင်းပုံကို လက်တွေ့ ပြနိုင်တဲ့ နည်းလမ်းတွေကို ကျောင်းတွေကို အုပ်စုဖွဲ့ပြီး အတန်းရှေ့ မှာ တင်ပြစေတယ်။ အခြားသော အုပ်စုကို မေးခွန်း ထုတ်စေတယ်။ အတွေးအမြင်တွေ ဖလှယ်ကြတယ်။ ဆရာက အဲဒီ အခန်းထဲမှာ ထိန်းပေးတာ၊ ဆက်စပ် ပေးတာလောက်နဲ့ လိုအပ်မှ ထပ်ဖြည့် ဆွေးနွေး ပေးတာမျိုး လုပ်ပါတယ်။ “ကော ဆော် နော” နောက်ဆုံး စာမေးပွဲကြီးရဲ့ အမှတ်က အမှတ်အားလုံးရဲ့ ၄၀ ရာခိုင်နှုန်း လောက်သာ အကြုံးဝင်ပါတယ်။ ဘာသာရပ်တစ်ခုနဲ့ တစ်ခုက မတူပါဘူး။ ဒါပေမဲ့ စဉ်ဆက်မပြတ် စစ်ဆေးခြင်းကို အသုံးပြုပါတယ်။
(၈) “ကော ဆော် နော” တက်ရောက်ပြီးနောက် ဘွဲ့ ရဖို့ အထိ မျှော်မှန်းနိုင်တယ်လို့ သိရပါတယ်၊ ရှင်းပြပေးပါ၊
“ကော ဆော် နော” တက်ပြီး ဘွဲ့ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ “ကော ဆော် နော” မှာလည်း အတန်းစနစ် ရှိတယ်။ “ကော ဆော် နော” အထက်တန်း အဆုံးပိုင်း အောင်တာဟာ ရိုးရိုး ကျောင်းသင် ပညာရေး အထက်တန်း အောင်တာနဲ့ အတူတူပါပဲ။ ထိုင်းနိုင်ငံမှာ တတ္ကသိုလ်တွေကို နှစ် မျိုး ခွဲထားပါတယ်။ (Open University and Closed University) အဖွင့်တက္ကသိုလ်နဲ့ အပိတ်တက္ကသိုလ် လို့ ခေါ်မှာပေါ့နော်။ အဖွင့် တက္ကသိုလ်ကတော့ အဲဒီတက္ကသိုလ်ကို ဝင်ခွင့် ဖြေစရာ မလိုဘဲ ကိုယ်လိုချင်တဲ့ ဘာသာရပ်ကို လျှောက်လွှာ တင်ပြီး တက်လို့ရတဲ့ တက္ကသိုလ်ပါ။ အပိတ် တက္ကသိုလ်ကတော့ အဲဒီ တက္ကသိုလ်က နှစ်စဉ် ကျင်းပတဲ့ ဝင်ခွင့် စာမေးပွဲတွေကို ဝင်ဖြေပြီး သတ်မှတ်ထားတဲ့ အမှတ် (Grade) အလိုက် ကိုယ်ရတဲ့ ဘာသာရပ်တွေကို တက်ခွင့်ရတဲ့ တက္ကသိုလ်ပါ။ ဒီတော့ “ကော ဆော် နော” က အောင်တဲ့ သူတွေဟာ အဖွင့် တက္ကသိုလ်ကို တက်ပြီး ဘွဲ့ရနိုင်ပါတယ်။ ဒါ့အပြင် (Sukhothai Thamathirat Open University) ဟာ ထိုင်းနိုင်ငံမှာ ရှိတဲ့ နာမည်ကြီး အဝေးသင် တက္ကသိုလ်တခုပါ။ အဲဒီ တက္ကသိုလ်က တဆင့်လည်း တက်ပြီး ဘွဲ့ယူ နိုင်ပါတယ်။ အခု ကျနော် အဲဒီတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာ ဆက်ဆံရေး အဓိက ဘာသာနဲ့ တက်ရောက် လေ့လာနေပါတယ်။ အဲဒီတက္ကသိုလ်က ရိုးရိုးဘွဲ့ရဖို့ အတွက် ဘာသာရပ် ၂၄ ဘာသာ ဖြေဆို အောင်မြင်ရပါတယ်။ သတ်မှတ်ချက် အတိုင်း တနှစ်ကို ၆ ဘာသာ ဖြေဆို အောင်မြင်နိုင်ရင် ၄ နှစ် နဲ့ ဘွဲ့ရမယ်။ တက္ကသိုလ်က အများဆုံး ၁၂ နှစ်အထိ ဖြေခွင့် ပြုထားပါတယ်။ အများစုက အလုပ်တဖက်နဲ့ ဆိုတော့ တချို့ ၅ နှစ် ၆ နှစ် နဲ့မှ ဘွဲ့ရကြတယ်။
(၉) ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ ရွှေ့ပြောင်း မြန်မာလူငယ်တွေနဲ့  ပညာ ဆက်သင်ကြားချင်တဲ့ လူငယ်တွေအတွက် “ကော ဆော် နော” သင်တန်းကို တက်ရောက် သင်ကြားခွင့် ရှိပါသလားဆရာ၊ ဘယ်လို ဆက်သွယ်ရမလဲ၊
ထိုင်းစာ အခြေခံ ရေးတတ်၊ ဖတ်တတ်တဲ့၊ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့သူ အားလုံး “ကော ဆော် နော” တက်လို့ ရပါတယ်။ အထူးသဖြင့် နယ်စပ်မြို့တွေလို မြန်မာ ရွှေ့ပြောင်းဒေသက ပြည်သူလူထုတွေ တက်လို့ ရပါတယ်။ ပညာရေး အခွင့်အရေးတစ်ခုပါ။ ဘန်ကောက် မြို့ထဲမှာလည်း တက်နေတဲ့ လူတွေရှိပါတယ်။ ဘာလို့ ပြောနိုင်သလဲဆိုတော့ မြန်မာပြည်မှာတုန်းက ကျနော် စာသင်ပေးခဲ့ဘူးတဲ့ ကျနော့် တပည့်လေး တစ်ယောက် ဆိုရင် ကျနော် ဘန်ကောက်ရောက်တိုင်း ကျနော့်ကို နေရာတကာ လိုက်ပို့ပြီး ဧည့်ခံတတ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်က ကျနော် ရောက်တော့ သူက ကျနော့်ကို “ဆရာ ဒီတနင်္ဂနွေတော့ ကျနော် မအားဘူး “ကော ဆော် နော” တက်ရမယ်၊ ညနေမှ ဆရာ့ကို လာတွေ့မယ်” လို့ ဖုန်းနဲ့ လှမ်းပြောခဲ့ပါတယ်။ သူက မြန်မာပြည်မှာ ၈ တန်း လောက်နဲ့ပဲ ကျောင်းထွက်ပြီး ထိုင်းမှာ အလုပ် လာလုပ် နေရတဲ့သူပါ။ သူက ပြောသေးတယ်၊ တကယ်လို့ “ကော ဆော် နော” အထက်တန်းလောက် အောင်ရင်တော့ သူလက်ရှိ လုပ်နေတဲ့ နေရာမှာပဲ သူ့ သူဌေးက စာရေး ပြန်ခန့်မယ်၊ လစာလည်း တိုးမယ်၊ အလုပ်ကြမ်းလည်း မလုပ် ရတော့ဘူးတဲ့လေ။ ဆက်သွယ်ဖို့ ကတော့ မြို့တွေက ရှိနေတဲ့ “ကော ဆော် နော” နေရာ (ကျောင်း) ကိုပဲ ဆက်သွယ် ရမှာပါ။ ဒါပေမဲ့ ကျောင်းအုပ် တစ်ယောက်နဲ့ တစ်ယောက်က မတူကြဘူး၊ တချို့ကတော့ လွယ်လွယ်ကူကူ လက်ခံတယ်။ တချို့ကတော့ နေရာ မရှိတော့လို့ လက်မခံတော့ဘူး လို့ ငြင်းဆို နိုင်တာပေါ့။ ကျိန်းသေ ပြောနိုင်တာ တစ်ခုကတော့ အားလုံး တက်ခွင့်ရှိတယ်။ တက်တဲ့သူတွေလည်း ထိုင်းနိုင်ငံ အနှံ့အပြားမှာ ရှိနေတယ်လေ။ ကိုယ်နေတဲ့ မြို့တွေမှာ ဆက်သွယ် စုံစမ်းကြည့်ပါ။
(၁၀) လက်ရှိ ရွှေ့ပြောင်း မြန်မာကျောင်းတွေက ကျောင်းသူကျောင်းသားများနဲ့  ကျောင်းပြင်ပရောက် ကလေးတွေအတွက် “ကော ဆော် နော” ဟာ ဘယ်လို အထောက်အကူ ဖြစ်နိုင်ပါသလဲ၊
လက်ရှိ မြန်မာ ရွှေ့ပြောင်း ကျောင်းက ကျောင်းသူ ကျောင်းသားတွေဆိုရင် သူတို့ လက်ရှိ တက်နေတဲ့ ကျောင်းက အောင်လက်မှတ်တွေက ဘယ်အစိုးရကမှ အသိအမှတ် မပြုတာ၊ ပုံမှန်အားဖြင့် အဲဒီ ကျောင်းသူ ကျောင်းသားတွေဟာ ထိုင်း အခြေခံ ရှိနေပြီးသားပါ။ နည်းနည်းပါးပါး ထပ်ပြီးတော့ စာဖတ်အား တိုးမြှင့် လိုက် ရင် “ကော ဆော် နော” ကို ဆက်တက်နိုင်ပြီး အဆင့်မြင့် ပညာရေးကို ထိုင်းဘာသာနဲ့ ဆက် လေ့လာ နိုင်မှာ ပေါ့။ အဲဒီလိုပဲ ကျောင်းတဝက်တပျက်နဲ့ အလုပ် လုပ်နေကြရတဲ့ မြန်မာကလေးတွေ ထောင်သောင်း များစွာဟာလည်း ဆက်တက်နိုင်တာပဲပေါ့။
(၁၁) မြန်မာပြည် ပညာရေးမှာ “ကော ဆော် နော” လိုမျိုး လိုအပ်ချက်ကို ဆွေးနွေးပေးပါဦး၊ ဘယ်လို တန်ဖိုးရှိမလဲဆရာ။
မြန်မာပြည် ပညာရေးမှာ “ကော ဆော် နော” လို ပညာရေးမျိုး၊ မရှိမဖြစ် လိုအပ်နေပါတယ်။ အဲဒါမှ တကယ့် အသိပညာရှင်၊ အတတ်ပညာရှင်၊ အရည်အချင်း ပြည့်ဝတဲ့ ကာယ၊ ဥာဏလုပ်သားတွေ မွေး ထုတ် နိုင်မှာလေ။ ဆရာလည်း သိတဲ့အတိုင်းပဲ။ အခုလက်ရှိ မြန်မာပြည်က ကလေးတွေ ကျောင်းထွက်နှုန်း အရမ်းမြင့် နေတယ်မဟုတ်လား။ ဆိုတော့ကာ “ကော ဆော် နော” က ကျောင်းပြင်ပရောက် ကလေးတွေ အတွက် ဆက်လက် ပညာ ဆည်းပူးနိုင်ခွင့် ရှိတဲ့နေရာ ဖြစ်လာရမှာ။ တကယ်လို့ ကလေးတယောက်က ၇ တန်းနဲ့ ကျောင်းထွက်ပြီး မိသားစု စား၊ ၀တ်၊ နေရေးအတွက် အလုပ်ထွက်လုပ်ရပြီ ဆိုကြပါစို့။ “ကော ဆော် နော” ကနေ ကျောင်းဆက်တက်ခွင့် ရှိနေမယ်။ (ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့တော့ အလုပ် မလုပ် စေချင် ပါဘူး။ ဒါပေမဲ့ မြန်မာပြည် လက်တွေ့ဘ၀မှာ အများကြီးပဲ ရှိနေတာ စိတ်မကောင်းစရာပါ။) တချို့ဆိုရင် ကျောင်း မထွက်ချင်ကြပါဘူး။ စာလည်း ဆက်သင်ချင်တယ်။ ဒါပေမဲ့ မိသားစု စားဝတ်နေရေးအတွက် အလုပ် ထွက် လုပ်ရတာ။ အဲဒီလို ကလေးတွေ အတွက် “ကော ဆော် နော” ဟာ သိပ်တန်ဖိုး ရှိပါတယ်။ ထိုင်းနိုင်ငံက “ကော ဆော် နော” မှာ အသက် ၂၀ ဝန်းကျင် စစ်သားတွေရော၊ စက်ရုံအလုပ်ရုံက စာရေးမ တွေရော၊ ပန်းရံ ဆိုက်၊ ကန်ထရိုက်တွေရော တက်ကြပါတယ်။ “ကော ဆော် နော” ကနေ တဆင့် သူတို့ရဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင် အရည်အသွေးတွေကို မြှင့်တင်နိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ “ကော ဆော် နော” ဟာ ပညာခေတ်ကို ပုံဖေါ်ပေးနေတာဖြစ်တယ်။
(၁၂) အခြား ဆရာထပ်ဖြည့် ပြောပြချင်တဲ့ အရာတွေ ပြောပြနိုင်ပါတယ်။
“ကော ဆော် နော” ဟာ ကျနော်တို့ မြန်မာ လူမှုအသိုင်းအဝိုင်းမှာ လူသိများတဲ့ မြန်မာစကားပုံ တစ်ခုနဲ့ ထပ်တူ သွားကျပါတယ်။ အဲဒါကတော့ “ပညာလို - အိုသည်မရှိ” ဆိုတဲ့ စကားပုံပါ။ အဲဒါ အပြင် နိုင်ငံတကာမှာ ဒါမှမဟုတ် လူတွေအတော် များများ ပြောနေတဲ့ အရည်အသွေး နိမ့်ကျ နေတဲ့ ကျနော်တို့ မြန်မာပြည် ပညာရေး စနစ်ကို ပြန်လည် ပြုပြင် မြှင့်တင်တဲ့အချိန်မှာ “ကော ဆော် နော” ဟာ တစ်ခန်း တစ်ကဏ္ဍ အနေနဲ့ အထောက် အကူ ပြုနိုင်မယ်လို့ ကျနော် ခံစားရတယ်။ နောက်ပြီး မြန်မာပြည်သား တယောက် အနေနဲ့ မြန်မာပြည်ရဲ့ ပြန်လည် ထူထောင်ရေးမှာ ပညာရေးဆိုင်ရာ မူဝါဒတွေကိုသာ ချမှတ် ပိုင်ခွင့်ရှိခဲ့ရင်၊ အကြောင်းအမျိုးမျိုး၊ အခက်အခဲ အမျိုးမျိုးကြောင့် ပညာ သင်ကြားခွင့် ဆုံးရှုံးခဲ့တဲ့ (ပညာ သင်ကြားခွင့် မရခဲ့တဲ့) အကိုအမ၊ ညီငယ် ညီမငယ်တွေအတွက် “ကော ဆော် နော” ကို ကျနော့် အနေနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်မှာ အမြန်ဆုံး အကောင်အထည် ဖေါ်သွားချင်ပါတယ်။
အခုလို ပြည့်ပြည့်စုံစုံနဲ့ ဆရာ့ရဲ့ ကိုယ်ပိုင်ဖြတ်သန်းမှု၊ ဆရာ့ရဲ့ အမြင်သဘောထား တွေကို တင်ပြ ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။
မောက္ခပညာရေး မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က တွေ့ဆုံမေးမြန်းသည်။
www.maukkha.org (၁၈ ဧပြီလ၊ ၂၀၁၁)
No comments:
Post a Comment