ondragstart="return false" onselectstart="return false"

Friday, September 30, 2011

ကရင်ပြည်နယ်ဝန်ကြီး KNU နှင့်တွေ့

ဧရာဝတီ Friday, 30 September 2011

ကရင်ပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင် ဦးဆောင်သည်အဖွဲ့သည် ဗုဒ္ဓဟူးနေ့က ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ပြီး KNU ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် KNU က ပြည်နယ်အစိုးရအဆင့်နှင့် မဆွေးနွေးလိုဘဲ ဗဟိုအစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း အကြောင်းပြန်လိုက်သည်ဟု သိရသည်။

ယခုလဆန်းပိုင်းတွင် ပြည်နယ်အစိုးရက စေလွှတ်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကိုလည်း KNU ခေါင်းဆောင်များက လက်ခံတွေ့ဆုံခြင်း မပြုခဲ့ပေ။

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွင် စောဘိုးနီ၊ သိက္ခာတော်ရဆရာတော် စောရင်မြရွှေ၊ အရှင်ခေမာဝုဓ စသည့် ကရင်ပြည်နယ်ဒေသခံ နိုင်ငံရေး၊ ဘာသာရေးနယ်မှ ပုဂ္ဂိုလ်များ ပါဝင်ကြောင်း ဧရာဝတီက ရရှိသည့် ပြည်နယ်အစိုးရ၏စာတွင် ဖော်ပြထားသည်။

ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နှင့် ငြိမ်းချမ်းရေးယူနိုင်ရန် ပထမအဆင့် လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအတွက် ဖြစ်သည်ဟု ၀န်ကြီး ဗိုလ်မှူးကြီးအောင်လွင် လက်မှတ်ထိုး ပေးပို့သည့် စာတွင် ရေးထားသည်။

သို့သော်လည်း လက်နက်ကိုင်အဖွဲ့များကို သီးခြားစီ ဆွေးနွေးရန် ကြိုးပမ်းနေခြင်းမှာ ဖဲ့ထုတ် စည်းရုံးခြင်းဖြစ်သည်ဟု KNU က ယူဆသည်။

အစိုးရ၏ လက်ရှိ ငြိမ်းချမ်းရေး အစီအစဉ်ကို လက်ခံမည် မဟုတ်ကြောင်း၊ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားအဖွဲ့များက UNFC ခေါ် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ဧရာဝတီကို ပြီးခဲ့သည့်လကုန်ပိုင်းက ပြောသည်။

နှစ်ပေါင်း ၆ဝ ကျော် သက်တမ်းရှိသည့် လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သော KNU သည် ယခင်စစ်အစိုးရအာဏာပိုင်တို့နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိခဲ့ပေ။

ဤအတောအတွင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲငယ်များ အဆက်မပြတ် ဖြစ်ပွားနေသည်။
http://154.35.130.70/index.php/news/7455--knu-

No comments:

Post a Comment