ondragstart="return false" onselectstart="return false"

Wednesday, May 9, 2012

လွယ်ဂျယ်လမ်း KIA ပဒေသာမိုင်း တိုက်ခိုက်မှုတွင် မြန်မာအစိုးရစစ်သား အကျဆုံးများ

09 May 2012
By KNG

ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းမပေါ် မြန်မာအစိုးရစစ်ကြောင်း ၂ ကြောင်းအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) မှ မေ ၇ ရက်၊ တနင်္လာနေ့က ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရစစ်သား ထိခိုက်ကျဆုံးမှု များကြောင်း KIA က ဆိုသည်။

ဗန်းမော် (မန်မော်)မှ လွယ်ဂျယ်သို့ တက်လာသည့် အစိုးရစစ်ကြောင်းကို လော့မွန် (Law Mun) နှင့် စိန်လုံ (Sinlum) ကြား ၂ နေရာတွင် ပဒေသာမိုင်းများဖြင့် KIA တပ်မဟာ ၃ စစ်သားများနှင့် KIA အရပ်သား တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု တပ်မဟာ ၃ အရာရှိများဆိုသည်။

လွယ်ဂျယ်-ဗန်းမော်လမ်း

ယင်း မိုင်း ပဒေသာ တိုက်ခိုက်မှုတွင် မြန်မာစစ်သား ၄၀ နီးပါး ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများနှင့် KIA တပ်မဟာ ၃ အရာရှိများက KNG ကချင်သတင်းဌာနသို့ ပြောသည်။

ရှေ့ရက် တနင်္ဂနွေနေ့ကလည်း ဗန်းမော်-ကိုင်ထိပ်-နမ့်ခမ်းလမ်းကြောင်းတွင် အင်အား ၁၀၀ နီးပါးရှိ မြန်မာစစ်တပ် တပ်မ ၉၉ စစ်ကြောင်းအား ၂ နေရာတွင် KIA တပ်ရင်း ၁ နှင့် ၂၇ တပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

တိုက်ခိုက်မှုတွင် စစ်ကြောင်းမှူးအပါဝင် မြန်မာစစ်သား ၃၀ ကျော် ကျဆုံးပြီး အချို့ဒဏ်ရာရရှိသည်ဟု KIA တပ်ရင်း ၁ နှင့် ၂ အရာရှိများဆိုသည်။

ယင်း စစ်ကြောင်းသည် ကိုင်ထိပ်စခန်းမှ နမ့်ခမ်းသို့ ထွက်သွားစဉ် အင်အား ၁၀၀ နီးပါးရှိသော်လည်း တိုက်ခိုက်ခံရပြီးနောက် မူလစခန်းသို့ ပြန်လာသော စစ်သား ၄၀ လောက်သာရှိသည်ဟု မျက်မြင်သက်သေများ က KNG ကချင်သတင်းဌာန သို့ ပြောသည်။

မတ်လ က သမ္မတဦးသိန်းစိန် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား နိုင်ငံရေးစကားပြောရန် တွေ့ဆုံခြင်း ကျဆုံးပြီးနောက် ဧပြီ ၁ ရက်နေ့မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ဖက်စစ်ပွဲအရှိန် တက်လာသည်။

No comments:

Post a Comment