မာ့က်စ်ဝါဒ ဘာကြောင့် ပြန်လည် စခန်းထလာသလဲ
Written by မောင်မောင်သန်း
အရင်းရှင်စနစ်သည် ကမ္ဘာတ၀ှမ်းမှာ ကပ်ဆိုက်နေချေသည်။ (ဘယ်သောင် ဘယ်ကမ်းသို့ တက်လှမ်းရမည်ပ။ ၁၉ ရာစုနှစ် ဂျာမန်အတွေးအခေါ်ရှင်ကြီး တစ်ဦး၏ တွေးခေါ်မှုများကကော။ မှန်ပါသည်။ ကားလ်မာ့က်စ်ကို အလေးထားကြတော့မည်။ လက်ရှိ စီးပွားပျက်ကပ်သည် ဘယ်သောင်ဘယ်ကမ်းမှာ ဆိုက်မည်ကို ဘုရားသခင်သာ သိတော်မူလိမ့်မည်တည်း။
လူတန်းစားပဋိပက္ခသည် တချိန်သော အခါက အလွန် သိသာမြင်သာခဲ့ပုံ ပေါ်ခဲ့သည်။ ခေတ်အဆက်ဆက် ဒုတိယ ရောင်းအကောင်းဆုံး စာအုပ်ဖြစ်နေသော ကွန်မြူနစ်ကြေငြာစာတမ်း၌ “ထို့ကြောင့်ပင် ဓနရှင် လူတန်းစားသည် အဓိကအားဖြင့် မိမိအတွက် သေတွင်း တူးပေးမည့် သူများကို မွေးထုတ်ပေးလိုက်သည်။ ၄င်း၏ ကျဆုံးမှုနှင့် ပစ္စည်းမဲ့ လူတန်းစား၏ အောင်ပွဲသည် မုချမသွေဖြစ်ချေသည်။” ဟု မာ့က်စ်နှင့် အိန်ဂယ် တို့က ရေးသားခဲ့သည်။ (ပထမ ရောင်းအကောင်းဆုံးစာအုပ်သည် သမ္မာ ကျမ်းစာအုပ်ဖြစ်သည်)
သေတွင်း တူးပေးမည့်သူများ အကြောင်းကို မာ့က်စ်နှင့် အိန်ဂျယ်တို့ ရေးသားခဲ့သည့် နောက်ပိုင်း နှစ်ပေါင်း (၁၆၄) နှစ် အကြာ ယနေ့ခေတ်တွင် တကယ့်ဖြစ်ရပ်မှန်က လုံးဝ ဆန့်ကျင်ဘက်နီးပါး ဖြစ်နေသည်။ ပစ္စည်းမဲ့ လူတန်းစားသည် အရင်းရှင် လူတန်းစားကို မြေမြှုပ်သဂြိုဟ် ပစ်ဖို့ နေနေသာသာ။ ဘ၀ရပ်တည်ရေးအတွက် အားထားနေရ လျက်ရှိသည်။ သမိုင်းမှာ အကြီးမားဆုံးသော တော်လှန်ရေးကြီး (တရုတ်တော်လှန်ရေး) ကြောင့် လွတ်မြောက်လာခဲ့ပြီး၊ မတန်တဆ လည်း အလုပ်လုပ်ရ၊ လုပ်ခလည်း တူတူတန်တန် မရသော အလုပ်သမားများသည် iPads နှင့်မွေ့နေသော အနောက် တိုင်းသားများကို သေလုမတတ် အားကျနေကြသည်။ တရုတ်ပြည်၏ အရင်းအနှီးသာ မရှိလျှင် အမေရိကသည် စီးပွားရေး ချွတ်ခြုံ ကျသွားလောက်သည်။
ဤအမြီးအမောက် မတည့်မှုသည် ရှေ့တန်းရောက် မာ့က်စ်ဝါဒီကြီးများအဖို့ မျက်နှာပျက်စရာကိစ္စ မဟုတ်ချေ။ “အရင်းရှင်စနစ်ရဲ့ ကမ္ဘာလုံးအနှံ့ လွှမ်းမိုးမှုဟာ နယ်မြေ မရွေးတဲ့ အရင်းရှင် စီးပွားရေးလုပ်ငန်းတွေ အတွက် လုပ်အား ကို ဈေးပေါပေါနဲ့ ပေးပြီး၊ အလုပ်သမားတွေရဲ့ လွတ်လပ်စွာ စည်းရုံး ဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားတဲ့ တရုတ်ပြည် ကွန်မြူနစ် ပါတီလို ပါတီမျိုး အပေါ်မှာ တည်နေပါတယ်။ ဒီနေ့လို မတော် မတရားတာတွေ မရှိတော့ဘဲ၊ တရားမျှတမှု ပိုရှိလာ မယ့် လောကတခုကို မျှော်လင့်လို့ ရနိုင်ပါတယ်။” ဟု ပြင်သစ် မာ့က်စ်ဝါဒီ တွေးခေါ်ရှင် တဦးလည်းဖြစ်၊ ပဲရစ်တက္ကသိုလ် (VIII) ၏ အဘိဓမ္မာ ဘာသာရပ် (Philosophy) ပါမောက္ခလည်းဖြစ်သူ ဇတ်ရန်းဆာရဲ (Jacques Rancière) က ဆိုပါသည်။
ဤမျှော်လင့်ချက်ကြောင့်ပင် စီးပွားရေး ကပ်ဘေး သင့်နေသော ကျွန်ုပ်တို့ခေတ်၏ မှန်သလား၊ မှားသလား မသိနိုင်သော နောက်ထပ် အချက်တချက် (မာ့က်စ်နှင့် မာ့က်စ်ဝါဒ အတွေးအခေါ်ကို ပြန်လည် စိတ်ဝင်စား လာကြခြင်း) ဖြစ်ပွားနေသည်လား မဆိုနိုင်ပေ။ မာ့က်စ်၏ အကောင်းဆုံး နိုင်ငံရေး ဘောဂဗေဒကျမ်း ဖြစ် သော အရင်းကျမ်း(Das Kapital) နှင့် နိုင်ငံရေး ဘောဂဗေဒ ဝေဖန်ချက် (Outlines of the Critique of Political Economy) စာအုပ်များသည် ကွန်မြူနစ် ကြေငြာစာတမ်းကဲ့သို့ပင် (၂၀၀၈) ခုနှစ်က စ၍ ရောင်း ကောင်းလာ ခဲ့သည်။ ဗြိတိသျှအလုပ်သမားများက ယိုယွင်းနေသော ဘဏ်စနစ်ကို ဆက်လက် စခန်းသွား နိုင်အောင်နှင့် လူချမ်းသာ များ အသက်ရှူပေါက် ရအောင် ကယ်တင်ပေးပြီး၊ ကျန်သူ ကျွန်ုပ်တို့အဖို့ ကြွေး ပတ်လည် ၀ိုင်းခြင်း (သို့မဟုတ်) အလုပ် အကိုင် မသေချာ မရေရာခြင်း (သို့မဟုတ်) သည့်ထက်ပင် ဆိုးသော အခြေအနေများနှင့် ရင်ဆိုင်ရခြင်းတို့ကြောင့် အကျပ် တွေ့နေချိန်မှာ ဤ စာအုပ်များ ရောင်းကောင်းလာခဲ့ခြင်းဖြစ်သည်။ ဟီနီယန်းဆိုသူ တရုတ် ပြဇာတ် ဒါရိုက်တာ တယောက်က အရင်းကျမ်း တခေတ်ဆန်းလာခြင်းကို အကြောင်းပြု၍ “အားလုံး ဆိုကြ၊ အားလုံး ကကြခြင်း” ဟူသော ပြဇာတ် တပုဒ်ကို ရေးထုတ်ခဲ့သည်။
သားသားနားနား မုတ်ဆိတ်မွေးနှင့်ဖြစ်သူ တော်လှန်ရေး သဘောတရား ဆရာကြီး ကားလ်မာ့က်စ် ပြန်လည် စန်းထလာသည်လား မဆိုနိုင်။ အသစ်ထုတ်မည့် မာစတာကဒ် (MasterCard) ပေါ်မှာ ရုပ်ပုံ ဖေါ်ပြရန် ပဏမ ရွေးချယ် ခံထားရသူ (၁၀) ဦး အနက် သူ့ကို မကြာသေးမီကပင် ချင်းမစ်မြို့၊ စပါ့ကစီ (Sparkasse) ဂျာမန်ဘဏ် ၏ ဖေါက်သည်များက ရွေးချယ်ခဲ့သည်။ (၁၉၅၃) ခုနှစ်မှ (၁၉၉၀) ခုနှစ် အတွင်းကာလ၊ ကွန်မြူနစ် အရှေ့ဂျာမဏီတွင် ချင်းမစ်မြို့ကို ကားလ်မာ့က်စ်မြို့ဟု ခေါ်ခဲ့ကြသည်။ ဘာလင်တံတိုင်း ဖြိုချခံပြီး နောက်ပိုင်း ဆယ်စုနှစ် နှစ်စုကျော် ကာလမှာ ကား ယခင် အရှေ့ဂျာမဏီက ၄င်း၏ မာ့က်စ်နှင့် ပတ်သက်ခဲ့သော အတိတ်ကို အမွှန်းတင်ခဲ့ခြင်း မရှိခဲ့သည်မှာ ရှင်းနေပါ သည်။ (၂၀၀၈) ခုနှစ်က အရှေ့ဂျာမဏီတွင် ကောက်ယူခဲ့သော စစ်တမ်း လေ့လာချက်မှာ လူဦးရေ ၅၂% က လွတ်လပ် သော ဈေးကွက် စီးပွားရေးသည် “မသင့်တော်ကြောင်း” နှင့် ၄၃% က ဆိုရှယ်လစ်စနစ်ကို ပြန်လို ချင်ကြောင်း ဖေါ်ပြကြသည်ဟု ရိုက်တာ သတင်းဌာန၏ သတင်းများအရ သိရသည်။
ကားလ်မာ့က်စ်ကွယ်လွန်သွားပြီး၊ သူ့ကို ဟိုင်းဂိတ် သင်းချိုင်းမှာ မြှုပ်နှံ ထားခဲ့သည်ဟု ဆိုနိုင်မည်လား မသိသော် လည်း ချေးငွေ တောင့်တနေကြသော ဂျာမန်တို့ အကြားတွင် သူ အသက်ဆက်ရှင်၊ ကျန်းမာလျက် ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဂျာမန်များ အကြွေးထဲ နစ်သည်ထက် နစ်သွားအောင် အကြွေးကဒ်မှာ သူ့ရုပ်ပုံ ဖေါ်ပြခြင်း ခံရသည့် အမြီးအမောက် မတည့်မှုကို မာ့က်စ်တယောက် အလိုကျပါမည်လား။ သင်တို့သာ စဉ်းစားကြည့်ပေရော့။
ယခုသတင်းပတ် လန်ဒန်မှာ ဆိုရှယ်လစ် အလုပ်သမားပါတီက ကျင်းပမည့် (၅) ရက်တာ “မာ့က်စ်ဝါဒ ၂၀၁၂” ( Marxism 2012) ပွဲတော်သို့ လူ ထောင်ပေါင်းများစွာ တက်ရောက်ကြလိမ့်မည်။ ဤပွဲတော်သည် နှစ်စဉ် ကျင်းပမြဲ ပွဲတော်ဖြစ်ပါ၏။ သို့ရာတွင် ပွဲတော်ကို ဦးစီးကျင်းပသူ ဂျိုးဆက် ချွန်းနာရာ (Joseph Choonara) အဖို့ အံ့သြရသည်ကား ခုတလော နှစ်များအတွင်း ပွဲတော်လာ ပရိသတ်ထဲမှာ လူငယ်များ ပို၍ ပို၍ များလာခြင်းပင်ဖြစ်သည်။ “မာ့က်စ်ဝါဒကို (အထူးသဖြင့် လူငယ်တွေ) စိတ်ဝင်စားမှု ပြန်လည် ပေါ်လာနေတယ်။ ဒါ ဘာကြောင့်လည်းဆိုတော့ အရင်းရှင်စနစ်နဲ့၊ အထူးသဖြင့် ခု ကျနော်တို့ ကြုံတွေ့နေ ရတဲ့ အရင်းရှင်စနစ် ကပ်မျိုးတွေကို ပိုင်းခြား သုံးသပ်နိုင်ရေးအတွက် မာ့က်စ်ဝါဒက နည်းပေးလမ်းပြ ပြုထားလို့ပဲ ဖြစ်ပါတယ်။” ဟု သူက ဆိုပါသည်။
မာ့က်စ်ဝါဒ၏ အရေးပါမှုနှင့် ပတ်သက်၍ ဟစ်ကြွေးထားသော စာအုပ်စာတမ်းများ အလျှံပယ် ရှိနေခဲ့သည်။ လွန်ခဲ့သောနှစ်မှာ အင်္ဂလိပ်စာပေ ပါမောက္ခ တဲရီ အီဂယ်တန်(Terry Eagleton)က “မာ့က်စ် ဘာကြောင့် မှန်ကန်သလဲ” (Why Marx Was Right) အမည်ရှိ စာအုပ်ကို ထုတ်ဝေခဲ့သည်။ ပြင်သစ် မော်ဝါဒီ အတွေး အခေါ်ရှင် အလိန်း ဘက်ဒယူးကလည်း အဖုံးမှာ ကြယ်နီတပွင့် (အလွန် “မော်” ဆန်လှပြီး၊ ယခုကာလနှင့် အလွန် ကိုက်ညီ လိုက်ဖက်သည်) ဟု ပါသော “ကွန်မြူနစ် အမြင်” ( The Communist Hypothesis) ဟူသော စာအုပ်ကို ထုတ်ဝေခဲ့သည်။ ဤစာအုပ်ထဲ၌ စာရေးသူက ကွန်မြူနစ် ၀ါဒီများအား ကွန်မြူနစ်ဝါဒ တတိယခေတ်ကို ရှေ့ဆောင်ရန် စည်းရုံး လှုံ့ဆော်ထား သည်။ (လွန်လေပြီးသော ခေတ် နှစ်ခေတ်ကား ၁၇၉၂ ခုနှစ် ပြင်သစ်သမ္မတနိုင်ငံ တည်ထောင်ခြင်းမှ ၁၈၇၁ ခုနှစ် ပဲရစ်ကွန်မြူးန်း အဖွဲ့ဝင်များ အစုလိုပ်အပြုံလိုက် အသတ်ခံရမှုအထိ တခေတ်နှင့် ၁၉၁၇ ခုနှစ်မှ မော်၏ ယဉ်ကျေးမှု တော်လှန်ရေး ပြိုကွဲခဲ့သော ၁၉၇၆ ခုနှစ် အထိ တခေတ် ဖြစ်သည်)။ ဤစာအုပ်များ အားလုံးသည် မှိုင်းတိုက်ခြင်းပေလား။
လက်ရက်ကန်းက အက်ပယ် (Apple) ကုမ္ပဏီ၏ မွမ်းမံ တီထွင်မှုကို အထောက်အကူ ပြုပေးသည့် နည်းတူ မာ့က်စ်၏ တန်ဖိုးထား လေးစားဖွယ် အယူအဆများကကော ကျွန်ုပ်တို့အဖို့ အသုံး မ၀င်ပေဘူးလား။ ဆို ရှယ်လစ် တော်လှန်ရေးနှင့် ကွန်မြူနစ် လူ့ဘောင်တို့ကကော (၂၀၁၂) ခုနှစ်မှာ အရေးပါ အရာမရောက် ပေဘူးလား။ ဓနရှင်လူတန်းစားသည် မိမိအတွက် သေတွင်း တူးပေးမည့်သူများကို မွေးထုတ်ပေးခဲ့သည် မဟုတ်ဟု ကျနော်က ရန်းဆာရဲ (Rancière) ကို ပြောစမ်း ကြည့်မိပါသည်။ ရန်းဆာရဲက ငြိမ်ခံ မနေချေ။ “ဓနရှင် လူတန်းစားဟာ သူ့ရဲ ကပ်ဘေးသင့်မှုအတွက် သွေးစုပ်ခံ လူတန်းစားတွေကို ဘယ်လို ပေးဆပ် စေရမလဲ၊ သူတို့ရဲ့ ရန်သူရှေ့မှာ ဘယ်လို ဒူးထောက်စေရမလဲ ဆိုတာနဲ့ ပတ်သက်လို့ ကျွမ်းနေပြီးပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့ သမိုင်း လိုအပ်ချက်ဆိုတဲ့ အယူအဆကို ပြောင်းပြန် လှန်ပစ်လို့ မဖြစ်ဘူး။ လက်ရှိ အခြေအနေဟာ အစဉ်ထာဝရ မပြောင်းလဲနိုင်တဲ့ အခြေအနေအဖြစ် ကောက်ချက်ချလို့ မဖြစ်ဘူးလေ။ အရှေ့ဖျား ဒေသက တရားလွန် တရားမဲ့ သွေးစုပ် ခံနေရတဲ့ စက်ရုံ အလုပ်သမားတွေလိုမျိုး ဘ၀ ရပ်တည်ရေး မရေမရာ ဖြစ်နေကြတဲ့ အလုပ်သမားတွေအဖြစ် သေတွင်းတူးသူဟာ ရှိမြဲ ရှိနေဆဲပဲ ဖြစ်တယ်။ ဒီကနေ့ လူထုလှုပ်ရှားမှုတွေ (ဂရိနိုင်ငံရဲ့ လှုပ်ရှားမှုတွေပဲဖြစ်၊ တခြား တိုင်းပြည်တွေက လှုပ်ရှားမှုတွေပဲဖြစ်ဖြစ်) ကလည်း ပြည်သူလူထုအပေါ် အစိုးရနဲ့ ဘဏ်သူဌေးကြီးတွေရဲ့ အကျပ်အတည်းတွေ ပုံချတာကို သည်းမခံတော့ကြောင်း ညွှန်ပြနေပါတယ်။”
ဤကား seventy something မာ့က်စ်ဝါဒီ ပါမောက္ခတဦး၏ အမြင်ဖြစ်သည်။ မာ့က်စ်ဝါဒီ စိတ်ဓါတ်ရှိသူ လူ ငယ် များကကော အဘယ်သို့ ရှိပါသနည်း။ လန်ဒန်၊ ဂိုးလ်စမစ် ကောလိပ်မှ အသက် (၂၂) နှစ် အရွယ်၊ အင်္ဂလိပ်ဘာသာနှင့် ပြဇာတ် ဘာသာရပ် ကျောင်းသူ ဂျတ်စ် ၀င်ဒါ ဘလက်ဝဲလ်-ပက်လ်ကို ကျနော် မေးကြည့်မိပါသည်။ သူမသည် အင်္ဂလိပ်ဘာသာနှင့် ပြဇာတ်ဘာသာရပ် ၀ိဇ္ဇာဘွဲ့ သင်တန်း ပြီးရုံ ရှိသေးသည်။ မာ့က်စ်ဝါဒ အတွေးအခေါ်သည် အရေးပါ အရာရောက်နေပါသေးသလားဟု ကျနော် မေးကြည့်ရာ သူမက ဤသို့ ဖြေပါသည်။ “အရေးကြီးတဲ့ အချက်ကတော့ လူငယ်တွေဟာ သက်ချာ အာဏာရှိတဲ့ ခေတ်၊ မာ့က်စ်ဝါဒက ဆိုဗီယက်ယူနီယံနဲ့ ပတ်သက်ခဲ့တဲ့ ခေတ်တွေကို မသိ၊ မမီခဲ့ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ မာ့က်စ်ဝါဒဟာ ကျမတို့ ခု ဖြတ်သန်း နေရတဲ့ ဘ၀ကို နားလည်စေတဲ့ နည်းလမ်း တရပ် ဖြစ်တယ်ဆိုတာကို ကျမတို့ လူငယ်တွေက ပို နားလည်တတ်ပါတယ်။ အီဂျစ်မှာ ဖြစ်ပွား နေတာတွေကို စဉ်းစားကြည့်ပါ။ အဲဒီ လှုပ်ရှားမှုက အရိုးစွဲ အမြင်တွေ အတော်များများ (မူဆလင် ကမ္ဘာမှာ ဒီမိုကရေစီ ဆိုတာဟာ ပြည်သူလူထု တိုက်ယူစရာကိစ္စ မဟုတ်ဘူးဆိုတဲ့ ယူဆချက်မျိုးပေါ့) ကို ကြေပြုန်း သွားစေခဲ့ပါတယ်။ ဒီလှုပ်ရှားမှုက တော်လှန်ရေးဆိုတာ ဖြစ်ရပ်တခုမဟုတ်ဘူး၊ ဖြစ်စဉ်တရပ် ဖြစ်တယ်ဆိုတဲ့ အမြင်ကို ပေးခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဆီကနေ ကျမတို့ ရလိုက်တဲ့ သင်ခန်းစာကတော့ စည်းရုံး ဖွဲ့စည်းမှုရဲ့ အရေးပါမှုပါပဲ။”
သူမ၏ ပြောပြချက်သည် အနောက်တိုင်းမှာ မာ့က်စ်ဝါဒ တခေတ် ဆန်းလာခြင်းကို နားလည်ရေးအတွက် သော့ချက် ဖြစ်နေသည်ကတော့ အမှန်ပင်။ လူငယ်များအဖို့ မာ့က်စ်ဝါဒကို နားလည်ရာ၌ စတာလင်ခေတ် အလုပ် အကျဉ်းစခန်းများနှင့် ပတ်သက်မှု ကင်းသည်။ ထို့ပြင် (၁၉၉၂) ခုနှစ်က ဖရန်စစ် ဖူကူယာမ၏ “သမိုင်း၏ နိဂုံး (The End of History)” စာအုပ်ထဲမှ ဖူကူယာမ၏ အောင်ပွဲခံ အူမြူးမှု (ထိုစာအုပ်ထဲ၌ အရှင်းရှင် စနစ်သည် အငြင်းပွားစရာ မရှိပုံ၊ အရင်းရှင်စနစ်ကို တွန်းလှန်ပစ်ရေးသည် စဉ်းစားကြည့်ရန်ပင် မဖြစ်နိုင်ပုံတို့ကို ရေးသားထားသည်) ကလည်း လူငယ်များ၏ စိတ်ကူး မျှော်မှန်းချက်များအပေါ် လူကြီးများ အပေါ်မှာလောက် မဖိစီးနိုင်ခဲ့ချေ။
မာ့က်စ်ဝါဒပွဲတော်၏ ကြာသပတေးနေ့မှာ ဘလက်ဝဲ ပက်လ်က ချီဂွေဗားရားနှင့် ကျူဘား တော်လှန်ရေးအ ကြောင်း ဟောပြောရမည်ဖြစ်သည်။ “ကျမအဖို့ မာ့က္စ၀ါဒအကြောင်း ပြောရမှာ ဒီအကြိမ်က ပထမဦးဆုံးအ ကြိမ်ပါဘဲ။”ဟု သူမက စိတ်လှုပ်ရှားစွာ ပြောပြပါသည်။ သည်နေ့၊ သည်ခေတ်တွင် ဂွေဗားရားနှင့် ကက်စထ ရိုတို့အကြောင်း စဉ်းစားမိခြင်းသည် ဘာကြောင့်ပါလဲ။ အကြမ်းဖက် ဆိုရှယ်လစ်တော်လှန်ရေးသည် ကနေ့ အလုပ်သမား တိုက်ပွဲနှင့် လားလားမျှ မဆိုင်သည် မဟုတ်ပါလားဟု ကျနော် မေးလိုက်ရာ သူမက “လုံးဝ မဆိုင်တာတော့ မဟုတ်ပါဘူး။ ဗြိတိန်မှာ ဖြစ်ပျက်နေတာတွေက တကယ် စိတ်ဝင်စားစရာ ကောင်း ပါတယ်။ ဒီက အစိုးရဟာ အတွင်းမှာ အချင်ချင်း တိုက်နေရလို့ တော်တော့်ကို အားပျော့ နေပါတယ်။ ကျမတို့ တတွေ တကယ်တမ်း စည်းလုံး ညီညွတ်ကြမယ်ဆိုရင် ဒီအစိုးရကို ဖြုတ်ချ ပစ်နိုင်ပါတယ်။” ဗြိတန်မှာ တာရီယာရင်ပြင်နှင့် ကက်စထရို၏ ဇူလိုင်(၂၆) ရက် လှုပ်ရှားမှုကဲ့သို့သော အလားတူအရာများ ရှိနိုင်ပါသလား။ သည်မိန်းကလေး သူ့ဟာသူ စိတ်ကူးယဉ် ကြည့်နေပါစေ။ လွန်ခဲ့သော နှစ်က အဓိကရိုဏ်းများ ဖြစ်ပွားခဲ့ပြီး၊ ဗြိတိန်ပြည်သူ အများစုက အစိုးရ၀န်ကြီး အဖွဲ့ထဲရှိ လူ ချမ်းသာများနှင့် အိုးစား ကွဲသွားပြီး နောက်ပိုင်းမှာ ကျနော် ပြောသောအချက်ကို ထည့်မတွက်သူ ဟူ၍ ရူးရူးနှမ်းနှမ်း လူ တယောက်တလေသာ ရှိချိမ့်မည်။
လက်ဝဲသစ် အင်အားစုထဲမှ ဖြစ်ပြီး၊ (၂၀၁၂) ခုနှစ်၏ ရောင်းအကောင်းဆုံး နိုင်ငံရေး စာအုပ်ဖြစ်သော “အလုပ်သမား လူတန်းစားကို နာမည်ဖျက်ခြင်း (Chavs: the Demonisation of the Working Class)” စာအုပ်ကို ရေးသားခဲ့သူ အိုဝင်ဂျုံး (အသက်၂၇နှစ်) ဆီမှ မတူခြားနားသော အမြင်တခုကို ကျနော် ကြားခဲ့ရသည်။ သူသည် ညီညွတ်ရေး ညီလာခံမှာ မိန့်ခွန်းပြောရန် ဘရိုက်တန်မြို့သို့ ရထားစီး၍ သွားနေခြင်း ဖြစ်သည်။ “ဗြိတိန်မှာ သွေးမြေကျ တော်လှန်ရေးတော့ ဖြစ်မှာ မဟုတ်ပါဘူး။ လုပ်သား ပြည်သူတွေက လုပ်သားပြည်သူတွေ အကျိုးအတွက် အုပ်စိုးတဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်လာဖို့တော့ မျှော်လင့်ချက် ရှိပါတယ်။”ဟု သူကဆိုပါသည်။
တကယ်တော့၊ (၁၈၆၀) ခု လွန်နှစ်များနှင့်၊ သည့်နောက်ပိုင်တွင် မာ့က်စ်က အရင်းရှင်ခေတ်လွန် လူ့အဖွဲ့အ စည်းသို့ အကြမ်းဖက် တော်လှန်ရေးနည်းဖြင့် မဟုတ်ဘဲ၊ အခြားနည်းဖြင့် အရောက်လှမ်း နိုင်လိမ့်မည်ဟု စဉ်းစားခဲ့ခြင်း ဖြစ်သည်။ “ဆိုရှယ်လစ် လူ့ဘောင် ပေါ်ထွန်းလာရေးအတွက် သူက မဲပေးခွင့် တိုးချဲ့ခြင်းနည်း လမ်းနဲ့ ငြိမ်းချမ်းတဲ့ တခြား နည်းလမ်းတွေကို သူရှာကြည့်ခဲ့တာတော့ အမှန်ဘဲ။ ဒီနေ့ခေတ်မှာ ဆိုရင် ထရော့ စကီဝါဒီ လက်ဝဲ အင်အားစုကတောင် လက်နက်ကိုင် တော်လှန်ရေးကို တောင်းဆိုတာ မဟုတ်ပါဘူး။ အရင်းရှင်စနစ် ဖျက်သိမ်းရေးကို ဒီမိုကရေစီနည်းနဲ့သာ လုပ်နိုင်မှာဖြစ်ပြီး၊ အလုပ်သမား လူတန်းစားရဲ့ အဖွဲ့အစည်းက တရားမျှတတဲ့ လူ့အဖွဲ့အစည်းကို တည်ထောင်ပြီးနောက်မှာ အဖျက်ရန်မှ ကာကွယ်ကြ လိမ့်မယ်လို့ ပြောကြမှာဘဲ။”
ဂျုံးက သူ့ဖခင်အကြောင်းကို ပြောပြသည်။ (၁၉၇၀) ခု လွန်နှစ်များတုန်းက တိုက်ခိုက်ရေး အင်အားစု၏ ဘက်တော်သား ဖြစ်ခဲ့သော သူ့ဖခင်သည် လေဘာပါတီ အစိုးရ တက်၊ လုပ်သားပြည်သူကို စည်းရုံး၊ လုပ်သား ပြည်သူများအတွက် ဆောင်ရွက် ပေးရေးတည်းဟူသော ပါတီတွင်းသို့ ၀င်ရောက် ပြုပြင် ပြောင်းလဲရေး အယူအဆ (entryist idea) ကို ကိုင်စွဲသူဖြစ်သည်။ “ဒီနည်းလမ်းဟာ အများ စံနမူနာထားတဲ့ နည်းလမ်းလို့ ကျနော် ထင်တယ်။ လေဘာပါတီက အရင်အတိုင်းပဲ ရှိနေသေးတယ်လေ။ ဘာမှ မပြောင်းလဲ သေးဘူး။” ဤသို့ ပြောပြီးနောက်ပိုင်းမှာ ဂျုံးက သူသည် တိုက်ခိုက်ရေး အင်အားစု၏ ဘက်တော်သား (၀ါ) ထရော်စကီ ၀ါဒီ မဟုတ်ရပါကြောင်း ကျနော့်ကို ပြောပြပါသည်။ “အာဏာနှင့် ဥစ္စာဓနတို့၏ ချိန်ခွင်လျှာကို လုပ်သား ပြည်သူတို့ဘက်သို့ အခြေခံ ကျကျနှင့် နောက်ပြန် မလှည်စတမ်း ပြောင်းပစ်ရန်” ရည်ရွယ်ကြောင်း ဖေါ်ပြထားသည့် လေဘာပါတီ၏ ‘၁၉၇၄ ခုနှစ် ရွေးကောက်ပွဲ ကြေငြာစာတမ်း’ ကို သူ့ခေါင်းထဲမှာ စွဲမှတ်ထားသည်။ သည်လူငယ် သူ့ဟာသူ စိတ်ကူးယဉ် ကြည့်နေပါစေ။
ဂျုံး၏ စာအုပ်ကို အောင်မြင်စေသော အကြောင်းအချက်ကား (အရင်းရှင် လူ့အဖွဲ့အစည်းကို မာ့က်စ်နှင့် အိန်ဂျဲယ် (Engels) တို့ ပိုင်းခြား သုံးသပ်ရာ၌ အခြေခံခဲ့သော) လူတန်းစား နိုင်ငံရေးမှာ လူအများ ပြန်လည် စိတ်ဝင်စားလာသော အခြေအနေ၊ အချိန်အခါထဲမှာ ရေးသား ထုတ်ဝေခဲ့ခြင်းကြောင့် ဖြစ်သည်။ “ဒီစာအုပ် ကို လွန်ခဲ့တဲ့ (၄) နှစ် လောက်ကသာ ရေးခဲ့မယ်ဆိုရင် ကျနော့်ကို (၁၉၆၀) ခုလွန် ကာလက လူတန်းစား အယူအဆ ရှိသူဆိုပြီး၊ ဘယ်သူမှ လက်ခံကြမှာ မဟုတ်ဘူး။ ခုတော့ လူတန်းစား အရေးက ရှောင်လွှဲလို့ မရတဲ့ အခြေအနေကို ပြန်ရောက် လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့၊ စီးပွားရေး ကပ်ရဲ့ လူတွေအပေါ် ထိခိုက်ပုံက အမျိုးမျိုး ဖြစ်နေပြီး၊ ညွန့်ပေါင်း အစိုးရရဲ့ ‘ကျနော်တို့ အားလုံး ဒီထဲမှာ အတူတူ ကျရောက် နေတာပဲ’ ဆိုတဲ့ ဂါထာမန္တရားဟာ စော်ကားရာ ကျတဲ့အပြင်၊ ရယ်စရာလည်း ကောင်းနေလို့ပဲ။
(၁၉၉၀) ခုလွန် နှစ်တွေတုန်းက ပြောခဲ့တဲ့ ကျနော်တို့ အားလုံးဟာ လူလတ်တန်းစားတွေပဲဆိုတဲ့ ပြောလုံးမျိုးကို ခုပြောလို့ မရတော့ဘူးလေ။ ဒီအစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေဟာ လူတန်းစား အခြေခံ ရှိတယ်။ VAT (တန်ဖိုးတိုး အခွန် - စားသုံးခွန် တမျိုးဖြစ်သည်- မြန်မာပြန်သူ) ရဲ့ လုပ်သားပြည်သူတွေ အပေါ် ထိခိုက်မှုတွေက တဘက်စောင်းနင်း ပိုကျလာနေတယ်။” ဟု သူက ဆိုပါသည်။
“ဒါဟာ အတိအလင်း ဖြစ်ပွားတဲ့ လူတန်းစား စစ်ပွဲပဲ။ အလုပ်သမား လူတန်းစား ပြည်သူတွေအဖို့ (၂၀၁၆) ခုနှစ် ကျရင် ဒီရာစု နှစ်ဆန်းမှာထက် အခြေအနေ ပိုဆိုးရွား သွားတော့မယ်။ ဒီဒုက္ခတွေ ခံစားရတဲ့ လူဦးရေ ၃၀% အတွက် ရပ်တည်တယ် ဆိုရင်ပဲ လူတန်းစားတိုက်ပွဲ စစ်သည်လို့ စွပ်စွဲ ခံရတော့တာပဲ။”
သူ့လေသံက ကျနော့်ကို ရန်းဆာရဲ ပြောပြခဲ့သော လေသံနှင့် ဆင်ဆင် တူနေသည်။ ပါမောက္ခ ရန်းဆာရဲက ဤသို့ ပြောပြခဲ့သည်။ “ဒီနေ့အထိ ခိုင်မာနေသေးတဲ့ မာ့က်စ်ရဲ့ အတွေးအခေါ် တခုကတော့ လူတန်းစား တိုက်ပွဲပဲ ဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်က စက်ရုံအလုပ်ရုံတွေ ပျောက်ကွယ်သွားတာ (ဆိုလိုတာက ကျနော်တို့ တိုင်းပြည်ထဲက စက်ရုံ အလုပ်ရုံတွေကို ပိတ်ပစ်ပြီး၊ လုပ်ခလည်း ပိုသက်သာ၊ အလုပ်သမားတွေ ကလည်း ပိုပြီး ကျိုးနွံတဲ့ တိုင်းပြည်တွေဆီ ရွှေ့ပြောင်း လုပ်တာတွေ) ဟာ လူတန်းစားတိုက်ပွဲမှာ အုပ်စိုးသူ ဓနရှင် လူတန်းစားရဲ့ လုပ်ရပ်က လွဲလို့ တခြား ဘာလုပ်ရပ်များ ဖြစ်ဦးမှာလဲ။”
ကျနော်တို့တတွေ စီးပွားရေး ဒုက္ခထဲ အလူးအလဲ ဖြစ်နေချိန်မှာ လူတန်းစား တိုက်ပွဲ ပိုင်းခြား သုံးသပ်ချက် အပြင် မာ့က်စ်ဝါဒဆီက ကျနော်တို့ ပညာ ရရခြင်း၏ နောက်အကြောင်းရင်း တစ်ခု ရှိသေးသည်။ ဤသည်ကား စီးပွားရေးကပ်ကို ပိုင်းခြား သုံးသပ်ချက်ပင်ဖြစ်သည်။ သူ၏ ခြောက်ခြားစရာ စာအုပ်ဖြစ်သော Less Than Nothing: Hegel and the Shadow of Dialectical Materialism) ထဲ၌ ဆလိုဗော့ ဇစ်ဇက် (Slavoj Žižek) က ကျနော်တို့ ယခု လက်ငင်း ခံစားနေရသော စီးပွားရေးကပ်ကို မာ့က်စ်ဝါဒအမြင်ဖြင့် ပိုင်းခြား သုံးသပ် ပြထားသည်။ အခြေအမြစ် ကျသော လူတန်းစားရန်ဖက် ပဋိပက္ခသည် “အသုံးဝင်မှု တန်ဖိုး” နှင့် “ဖလှယ်မှု တန်ဖိုး” တို့၏ ပဋိပက္ခ ဖြစ်သည်ဟု ဇစ်ဇက်က ရှုမြင်သည်။
ဤနှစ်ခု၏ မတူ ခြားနားချက်ကား အဘယ်နည်း။ ရောင်းကုန် ပစ္စည်းတိုင်းမှာ ၄င်း၏ အသုံးဝင်မှု တန်ဖိုးရှိ သည်ဖြစ်ပြီး၊ လိုအပ်ချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်သော အသုံးဝင်မှုဖြင့် ဤတန်ဖိုးကို တိုင်း တာသည်ဟု သူက ရှင်းပြသည်။ ဖလှယ်မှု တန်ဖိုးကိုကား ရောင်းကုန်ပစ္စည်း ထုတ်လုပ်ရာ၌ သုံးစွဲရသော အလုပ်ပမာဏဖြင့် တိုင်းတာလေ့ ရှိသည်။ လက်ရှိ အရင်းစနစ်တွင် ဖလှယ်မှု တန်ဖိုးသည် ကိုယ်ပိုင်လွတ် လပ်ခွင့် ရှိလာသည်ဟု ဇစ်ဇက်က ဆိုပါသည်။ “သက်ရှိ လူတွေရဲ့ ထုတ်လုပ်ရေး စွမ်းအင်တွေနဲ့ လိုအပ်ချက်တွေကို ယာယီသုံး အနေနဲ့သာ အသုံးပြုတဲ့ အရင်းရဲ့ တစ္ဆေကြီး တကောင်အဖြစ် ပြောင်းလဲ လာခဲ့တယ်။ မာ့က်စ်ဟာ စီးပွားရေးကပ်နဲ့ ပတ်သက်တဲ့ အမြင်ကို ဒီ ကွာဟချက်ကနေ ရရှိခဲ့တာဖြစ်တယ်။ ”
ဤကဲ့သို့သော ဘေးကျပ် နံကျပ်ခေတ်မှာ လူ့သမိုင်း၏ အကြီးမားဆုံးသော တော်လှန်ရေး သဘောတရား ဆရာကြီး ကားလ်မာ့က်စ်ထက် ပိုနားလည်သူ ဟူ၍ ဘယ်သူရှိပါသနည်း။ သို့ဖြစ်သည့်တိုင် မာ့ကစ်ဝါဒ စိတ်ဝင်စားမှု ပြန် လည် ပေါ်ပေါက်လာခြင်းကို စတာလင်ဝါဒီ တပါတီ အာဏာရှင်စနစ်အတွက် လျှောက်လဲချက် တရပ်အဖြစ် သတ်မှတ်သူလည်း ရှိသည်။ ကမ္ဘာ့ရေးရာအမည်ရှိ ဂျာနယ် (the journal World Affairs) ၏ “ကွန်မြူနစ် ၀ါဒသစ်” နှင့် ပတ်သက်သော ထင်မြင်ချက်အခန်း (blog) တွင် လန်ကက်ရှိုင်းယားပြည်နယ်၊ အက်ဟီးလ်တက္ကသိုလ် (Edge Hill University) မှ ဒီမိုကရေစီ သဘောတရားနှင့် လက်တွေ့ ဘာသာရပ် ပါမောက္ခ အလန်ဂျွန်ဆင်က ဤသို့ ရေးသားထားသည်။ “များမကြာခင်ကပင် အတိဒုက္ခများ အကြီးအကျယ် ဖြစ်စေခဲ့သည့်အပြင်၊ ဖက်ဆစ်ဝါဒနှင့် နာဇီဝါဒတို့ထက်ပင် လူ အသေအပျောက် များစေသော ကမ္ဘာ့ အမြင်တရပ်သည် တကျော့ ပြန်လာနေလျက် ရှိသည်။ လက်ဝဲ တပါတီ အာဏာရှင်ဝါဒ ပုံစံတမျိုးဖြစ်သော ၄င်းအမြင်သည် ဥာဏ်ပညာအဖြစ် ကျော်ကြားနေသည်။ သို့ရာတွင် နိုင်ငံရေး အာဏာအတွက် ပြင်းပြသော ဆန္ဒရှိသည်။” ဟူ၍။
“ကွန်မြူနစ်ဝါဒသစ် အရေးပါလာခြင်းသည် ၄င်း၏ ဥာဏ်ပညာ အရည်အသွေးကြောင့်မဟုတ်ချေ။ ဆိုရှယ်ဒီ မိုကရေစီ အားအင် ကုန်ခမ်းနေခြင်း၊ ခြိုးခြံ ချွေတာရခြင်း ပညာတတ်လောကမှာ မိမိကိုယ်မိမိ အလိုမကျသော ယဉ်ကျေးမှု ဖြစ်ပွားနေခြင်းတည်းဟူသော အခြေအနေမှာ ဥရောပလူငယ် အသိုင်းအ၀ိုင်းအပေါ် ၄င်း၏ သြဇာ လွှမ်းမိုး နေနိုင်သေးသောကြောင့် ဖြစ်သည်။ ၄င်းသည် ဆွဲဆောင်မှု ရှိနေသဖြင့် ကျွန်ုပ်တို့အဖို့ ခေါင်းခါရုံ ခါပြီး၊ လှည့်ထွက် သွားနိုင်စွမ်း မရှိချေ။” ဟု ဂျွန်ဆင်က ရေးသား ထားသည်။
ဤသည်ကား ဇစ်ဇက်၊ ဘက်ဒယူး (Badiou)၊ ရန်းဆာရဲနှင့် အီဂယ်လ်တန်ကဲ့သို့သော လက်ဝဲ လူ့အန္တကြီး များသည် အပြစ် ကင်းစင်သော လူငယ်တို့၏ စိတ်ဓါတ်ကို ဖျက်ဆီးပစ်လိမ့်မည် ဟူသော ကြောက်စိတ်ဖြစ် သည်။ ကွန်မြူနစ် ကြေငြာစာတမ်းကြောင့် အလုပ် အကျဉ်းစခန်း ဖြစ်လာမည် မဟုတ်ကြောင်းနှင့် လက်ဝဲလူငယ်များက ဘက်ဒယူး၏ ကြက်သီးမွေးညင်း ထစရာ အကောင်းဆုံးသော အတွေးအခေါ်များကို ဝေခွဲ စဉ်းစားမှု မဲ့စွာ လက်ခံစရာ အကြောင်းမရှိသည်ကတော့ သေချာပါသည်။ “ပြောင်ကျတဲ့ ကိုယ်ကျိုး စီးပွားနဲ့ သွေးအေးစွာ´ လက်ငင်းငွေ ချေမှု´ တို့က လွဲလို့ တခြားဘယ် လူလူချင်း ဆက်ဆံရေး အပေါ်မှာမှ အခြေမခံဘဲ၊ အမြတ်ထုတ် သွေးစုတ်မှုနဲ့ ´ အဆုံးမရှိ အရင်းစုဆောင်းမှု´တို့အပေါ် အခြေခံထားတဲ့ ဈေးကွက်စနစ် တရပ်ရဲ့ ပဋိပက္ခတွေဟာ ကျော်လွှားလို့ ရတာ မဟုတ်ဘူး၊ ဒီ တကယ့်ကို မတည်ငြိမ်တဲ့ စနစ်ရဲ့ ဖြစ်ပေါ် တိုးပွားမှုကို ပြုပြင် ပြောင်းလဲခြင်းနဲ့ ပြန်လည် တည်ဆောက်ခြင်း စခန်းဆင့် တဆင့်ဆင့်ကို ရောက်တဲ့ အခါမှာ ဒီစနစ်ဟာ အရင်းစနစ်ရယ်လို့ ပြောလို့ မရလောက်တဲ့ အခြေအနေ တရပ်ဆီ ကို ရောက်သွားလိမ့်မယ်” ဟု မာ့က်စ် ပြောခဲ့သည်မှာ မှန်ကန်ကြောင်း ကွန်မြူနစ် ကြေငြာစာတမ်း အသစ် ထုတ်ဝေခြင်း အတွက် သူ ရေးသားခဲ့သော နိဒါန်းတွင် ပါမောက္ခ အားရစ် ဟော့စဘွန်း(Eric Hobsbawm) က ဆိုပါသည်။
ဤသည်ကား မာ့က်စ်ဝါဒီတို့ အိပ်မက်မက်သော အရင်းရှင်ခေတ်လွန် လူ့ အဖွဲ့အစည်းဖြစ်သည်။ သို့ရာတွင် မည်သို့သော အရင်းရှင်ခေတ်လွန် လူ့အဖွဲ့အစည်းမျိုး ဖြစ်ပါသနည်း။ ဤကဲ့သို့သော ´အရင်းရှင်ခေတ်လွန် လူ့အဖွဲ့အစည်း´ တရပ်သည် အစဉ်အလာ ဆိုရှယ်လစ်စနစ် ပုံစံမျိုး နောက်သို့ လိုက်မည့် အလားအလာ လုံးဝ မရှိချေ။ ´တကယ် တည်ရှိခဲ့ သော´ဆိုဗီယက်ခေတ် ဆိုရှယ်လစ်စနစ်မျိုး နောက်သို့ လိုက်မည့်အလား အလာကား ပို၍ပင် မရှိလိုက် ချေသေးသည်။” ဟု ဟော့စဘွန်းက ဆိုပြီးနောက်၊ သို့ရာတွင် ဤစနစ်တွင် ပုဂ္ဂလိက အပိုင်စီးထားမှုမှ နေ၍ လူ့အဖွဲ့အစည်း၏ စီမံအုပ်ချုပ်မှုသို့ ပြောင်းလဲမှုသည် တကမ္ဘာလုံးအတိုင်း အတာအရ မုချ ရှိလိမ့်မည်ဟုလည်း ဆိုလိုက်သေးသည်။ “ဤစနစ်က မည်သို့သော ပုံစံမျိုးဆောင်မည်၊ မာ့က်စ်နှင့် အိန်းဂျဲယ်တို့ မျှော်မှန်းသည့် ကွန်မြူနစ်စနစ်၏ လူသားဆန်သော တန်ဖိုး ထားမှုများ မည်မျှပါရှိ မည် ဆိုသည်တို့သည် ပြောင်းလဲမှုကို ဖေါ်ဆောင်မည့် နိုင်ငံရေး လုပ်ဆောင်ချက်အပေါ် တည်ပေလိမ့် မည်။”
ကျနော်တို့၏ အနာဂတ်များသည် ကျနော်တို့နှင့် ကျနော်တို့၏ တိုက်ပွဲဝင်ရန် အသင့် ဖြစ်နေမှုအပေါ်မှာ တည်နေကြောင်း မာ့က်စ်ဝါဒက ၄င်း အရှင်သန်ဆုံး အချိန်မှာ ညွန်ပြခဲ့သည်ကား သေချာပါသည်။ တနည်း ဆိုရသော် ကွန်မြူနစ် ကြေငြာစာတမ်း၏ အဆုံးမှာ မာ့က်စ်နှင့် အိန်းဂျဲယ်တို့ ရေးသားခဲ့သည့် အတိုင်းပင် “ကွန်မြူနစ် တော်လှန်ရေးကို အုပ်စိုးသူ လူတန်းစားများက ထိတ်လန့်ပြီး၊ ကြောက်ဒူး တုန်နေကြပါစေ။ ပစ္စည်းမဲ့များ အတွက်ကား သူတို့ကို တုပ်နှောင်ထားသော နှောင်ကြိုးများမှ အပ ဆုံးရှုံးစရာ ဟူ၍ မရှိ။ သူတို့ စိုးပိုင်ရမည်ကား တကမ္ဘာလုံးပင်တည်း။”
မောင်မောင်သန်း မြန်မာပြန်သည်။
Why Marxism is on the rise again (Stuart Jeffries) guardian.co.uk
http://www.maukkha.org/index.php/book-store/reading-room-maukkha/2212-marxism-rise-again
No comments:
Post a Comment