ondragstart="return false" onselectstart="return false"

Tuesday, July 17, 2012

လယ်မြေနှင့် သင်္ချိုင်းမြေ သိမ်းဆည်းခံရသဖြင့် ကရင်ဒေသခံများ အခက်အခဲတွေ့ကြုံ

ဇူလိုင်လ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ် ဘားအံမြို့မြောက်ဘက် စက်မှုဇုံနယ်မြေတ၀ိုက်ရှိ ထီးဖိုးခလုံးကျေးရွာတွင် လယ်ယာမြေများ သိမ်းဆည်းခံထားရသည့်အ ပြင် သင်္ချိုင်းမြေများပါမကျန် အစိုးရဘက်မှ သိမ်းဆည်းထားမှုကြောင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေကြရသည်ဟု ထိုဒေသမှလာ သည့် သတင်းများအရ သိရသည်။

“သူတို့လုပ်နိုင်တာလည်း မဟုတ်ဘူး။ ရွာသားတွေကိုလည်း မပေးလုပ်ဘူး” ဟု ထီးဖိုးခလုံးဒေသခံများက ပြောသည်။

အစိုးရဘက်မှ နယ်ခြားစောင့်တပ်ရင်း နယ်မြေနေအတွက်ဆိုကာ ထီးဖိုးခလုံးကျေးရွာရှိ လယ်ယာ၊မြေများနှင့် သင်္ချိုင်းမြေများကိုပါ သိမ်း ယူပြီး မြေထိုးစက်ကြီးများဖြင့် လာရောက်တူးဆွနေကြပြီ ဖြစ်ကြောင်းလည်း ဖလုံ-စဝေါ် ဒီမိုကရတ်တစ်ပါတီမှ အမျိုးသမီးရေးရာ တာဝန်ခံ နော်ယုဇန၀ါက ယခုလို ပြောသည်။

သူက “အစိုးရက BGF ကိုချပေးထားတဲ့မြေကွက်တွေက မလွတ်မကင်းမြေဖြစ်ပြီး မြေပိုင်ရှင်တွေ ရှိနေတယ်။ သင်္ချိုင်းမြေပါမကျန် အကုန် ယူလိုက်တော့ အခုသေတဲ့သူတွေကို ဘယ်မှာသွားမြှုပ်ရမလဲတောင် မသိတော့ဘူး ဖြစ်နေကြပြီ”ဟု ပြောသည်။

ထို့အပြင် စက်မှုဇုံ စတင်လုပ်ဆောင်ခဲ့သည့် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး ကော့ကရိတ်မြို့နယ် ကျုံဒိုးကျေးနယ် ကျွန်းကလေးကျေး ရွာတွင် ယခင်စစ်အစိုးရလက်ထပ်က တပ်မြေအဖြစ် သိမ်းဆည်းထားသော လယ်မြေဧကပေါင်း ၈၀၀နီးပါးနှင့် နဘူးရွာကျေးရွာတွင်လည်း အစိုးရ စစ်တပ်နှင့်နီးသည့် လယ်ယာမြေများ သိမ်းဆည်းခံထားရသည့်အပြင် ထိုလယ်မြေများအတွက် သွားရောက်လုပ်ကိုင်ပေးနေရ ကြောင်းလည်း နော်ယုဇန၀ါက ဆက်ပြောသည်။

နော်ယုဇန၀ါက “လယ်မြေတွေကို သိမ်းတာတင် မကသေးဘူး။ နှစ်တိုင်း သွားထွန်ပေးရတယ်။ သွားစိုက်ပေးရတယ်။ မသွားမနေရ သွား လုပ်ပေးရသေးတယ်”ဟု ပြောသည်။

ထိုလယ်ယာမြေအသိမ်းခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်ထံ ဖလုံ-စဝေါ်က တိုင်ကြားထားသကဲ့သို့ ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေအွာတို့အား တိုင်ကြားထားသော်လည်း ထူးခြားမှု တစုံတရာ မရှိသေးကြောင်း သိရသည်။

“အရင်တုန်းက ဒီလိုမျိုး သိမ်းခံရရင် တိုင်ကြားလို့ရတယ်ဆိုတာကို လယ်သမားတွေက မသိခဲ့ကြဘူးလေ။ အခုတော့ လွှတ်တော်ကိုယ်စား လှယ်တွေကလည်း ဒီလိုမျိုးဖြစ်ရင် တိုင်ကြားလို့ ရတယ်ဆိုတာမျိုးတွေ ပြောလာတော့ သူတို့သိမ်းခံထားရတာတွေကို ထုတ်ဖော်လာကြ တာပါ”ဟုလည်း ကရင်အမျိုးသားတစ်ဦးက ပြောသည်။

အစိုးရက ဒေသခံများ၏ လယ်ယာမြေများကို သိမ်းဆည်းနေရုံမကပဲ စက်မှုဇုံနယ်မြေ၏ လမ်းဘေးအနီးတွင်ရှိသော အိမ်မြေများကိုပါ ပြောင်းရွှေ့ခိုင်းရန် ကြိုးပမ်းနေကြကြောင်းလည်း နော်ယုဇန၀ါက ပြောသည်။

လက်ရှိအချိန်တွင် ဘားအံစက်မှုဇုံနယ်မြေများ ဆောက်လုပ်ဆဲဖြစ်ပြီး လျှပ်စစ်မီးမရရှိသေးသဖြင့် စက်မှုလုပ်ငန်းများ စတင်လုပ်ကိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

1 comment:

hotladylay@gmail.com said...

ဒေသခံကရင်လူမျိုးများသိစေရန် .... ကရင်ပြည်နယ်မှာ ပယကဥက္ကဌ စောခင်စိုး လုပ်စားချမ်းသာသွားပြီး ဒုတိယ ဗိုလ်မှူးကြီးခင်ကြူး သူ့သမီးနဲ့သမက် စင်္ကာပူနိုင်ငံမှာအခြေချနေနိုင်တဲ့အထိ လုပ်စားသွားခဲ့ပြီးပြီ။ အခု ပယကဥက္ကဌတဖြစ်လဲ ပြည်နယ်ဝန်ကြီးချုပ် "ဇော်မင်း" ဆက်လက်အမွေခံယူနေပြီနော်၊ သူ့အိမ်မှာကားကောင်းဘယ်နှစ်စီးတောင်သုံးနေပြီလဲ သွားကြည့်ကြအုံး၊ဟိုတလောက သူ့သားကို ဇွဲကပင်ဟော်တယ်ခမ်းမမှာအကြီးအကြယ် မင်္ဂလာဆောင်ပေးပြီးပြီနော်၊ ကရင်ပြည်နယ်က အလားအလာ Project တွေ ခနောက်စိမ်းနဲ့ သစ်တွေ၊စက်မှုဇုံမှာချထားပေးတဲ့ လုပ်ငန်းရှင်ကြီးတွေ မြ၀တီက ကုန်သည်ကြီးများအသင်းဥက္ကဌ သင်းသင်းမြတ်ခေါ် တရုပ်မ (နယ်စပ်ခွပြီး အသာစီးကလုပ်စားချမ်းသာနေတဲ့ အမျိုးသားသစ္စာဖေါက်မ) နဲ့ ဘာစီးပွါးရေးတွေ လက်ဝါးရိုက်ထားလဲ သိရဲ့လား၊ ကရင်လူမျိုးတွေဟာကိုနဲ့မဆိုင်ယင်လှဲ့တောင်မကြည့်ဖူး လာပြောလဲနားရှုပ်တယ်ဆို အခု လယ်ယာမြေတွေသိမ်း အိမ်ပေါ်ကမောင်းချပြီး ထိုင်းဖက်ခြမ်းသွားကျွန်ခံကြရတော့မယ် အသက်ကြီးလို့ အလုပ်မလုပ်နိုင်သူတွေကျတော့ ဒုက္ခသယ်စခမ်းကိုထွက်ပြေးကြပေါ့၊ ဒိုအားကိုးတဲ့ DKBA/KNU တွေလဲ ဝေလေလေဖြစ်ကုန်ကြပြီ နောက်ဆုံးပြောလိုက်မယ် သူတို့ပါးစပ်ကထွက်တဲ့စကားနော် "ကရင်တွေကပညာမရှိတဲ့ငတုံးတွေတောင်မင်းတို့ရအောင်မကိုင်နိုင်ဘူးလား"ဒါ အစိုးရရုံးက အရာရှိတယောက်က သူ့အောက်ဝန်ထမ်းတွေကို ဆူတဲ့စကားပဲ ဒို့ဒေသခံကရင်လူမျိုးတွေကိုသူတို့ဒီလိုပဲ
ဲသဘောထားတယ်။ဘာပြောချင်ကြသေးလဲ၊ "တော်လှန်မလား ဆော်ခံမလား" "အညံ့ခံမလား ပြန်ယှဉ်မလား" ကြိုက်တဲ့လမ်းသာရွေးကြတော့

Post a Comment