ondragstart="return false" onselectstart="return false"

Wednesday, July 4, 2012

မြေခွေးတွင်းသို့ဝင်ခြင်း (Enter the Fox Den)

မိုးသီးဇွန်ဘလော့မှ

မေလ ၂ ရက်နေ့ ၂၀၁၂ ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာနဂိုတောင်း ဆိုနေတဲ့ “၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်” ဆိုတဲ့အစား၊”လေးစားလိုက်နာပါ့မယ်” လို့ ပြောင်းပေးဘို့ တောင်းဆိုတာကို ရုပ်သိမ်းပြီးမူလ၂၀၀၈ အခြေခံဥပဒေမှာရေးသားထားတဲ့ အတိုင်း ဂတိသစ္စာပြုပြီး လွှတ်တော်ကိုတက် ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီကို ပြည်သူတွေက ဝက်ဝက်ကွဲမဲပေးခဲ့ကြတာ အထူးပြောစရာလိုမယ် မထင်ပါဘူး။ မြန် မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကနေ အရပ်သားအစိုးရအဖြစ်ကို ပြောင်းလဲခဲ့တာ၂ ကြိမ် ရှိပါပြီ။ ပထမအကြိမ်ကတော့ တော်လှန်ရေးကောင်စီ ဦးစီးရေးဆွဲခဲ့တဲ့ ၁၉၇၄ အခြေခံဥပဒေ ကိုအသက်သွင်းပြီး မဆလပါတီတခု တည်းသာရှင်သန် ခွင့်ပေးတဲ့ အရပ်သားအစိုးရကိုဖွဲ့စည်းခဲ့ခြင်းဘဲ ဖြစ်ပါတယ်။ အဲဒီ မဆလပါတီဟာလဲ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ အား လုံးလိုလို အရပ်ဝတ်ပြောင်းပြီး အာဏာကို ဆက်လက်ရယူခဲ့ ကြတာမို့ကုလားကြီးနဲ့ အရာကြီးသဘောမျိုးသာဖြစ်လို့ ပြည်သူတွေသိသိကြီးနဲ့ သေနတ်မိုးထားလို့ခံခဲ့ကြရတာပါ။ ဗိုလ်ချုပ်နေဝင်းကနေ ဦးနေဝင်းဖြစ်တာကလွဲလို့ အုပ်ချုပ်မှု၊ ဖိနှိပ်မှုတွေ မပြောင်းလဲခဲ့ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်လာမှ ပါတီစုံသွားမလား? တပါတီစံနစ်ပဲသွားမလား ? ဆိုတာကို မမေးချင်မေးချင် ထုတ်ပြောလာရတာ အများအသိ။

ငြိမ်ပိ တဖြစ်လဲ နအဖလက်ထက်မှာလဲ ဦးနေဝင်းနည်းတူ ဗိုလ်ချုပ်သန်းရွှေ က သူ့စိတ်ကြိုက် ၂၀၀၈အခြေခံဥပဒေ ကို ရေးဆွဲပြီး အတည်ပြုခဲ့ပြန်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ၁၉၉၃ ခုနှစ် လောက်ကစပြီး အမည်ခံ အမျိုးသားညီလာခံ ကနေ စစ်တပ်ရွေးချယ်ထားတဲ့လူတွေနဲ့ စိတ်ကြိုက်ကိုယ်လိုသလိုရေးဆွဲ၊ စစ်တပ်ရဲ့သြဇာကိုနိုင်ငံရေးအပေါ် လွှမ်းမိုးပြီး အတင်းအကြပ် ပြည်သူတွေကို ချိမ်းခြောက်အတည်ပြုခဲ့တာပါ။ အခြေခံဥပဒေတခုရေးဆွဲရာမှာပြည်သူ့ အကျိုးအတွက် အချိန်ယူရေးဆွဲဒါမျိုးဟာသဘာဝကျလို့လက်ခံနိုင်ပေမဲ့ပြည်သူ့အပေါ်စစ်အာဏာစက်လွှမ်းမိုးနိုင်ဖို့အချိန်ယူပြီး ၁၅ နှစ် ကြာ ရေးဆွဲခဲ့တာဟာ သမိုင်းအမဲစက်တခု ဖြစ်ပါတယ်။

ဒီအခြေခံဥပဒေအရ ရွေးကောက်ပွဲပြုလုပ်တဲ့အခါမှာလဲ အတိုက်အခံပါတီတွေကို ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးလုပ်ပြီး နောက်ဆုံးမဲရှုံးတဲ့နေရာတွေမှာကြိုတင်မဲဆိုတာတွေနဲ့ညစ်ပတ်အနိုင်ယူခဲ့တာအများအသိပါ။ ဘာဘဲဖြစ်ဖြစ် မြန်မာလူမျိုးတွေဟာအကောင်းကိုမြင်တဲ့လူမျိုးတွေဖြစ်လို့၊ ဦးသိန်းစိန်သမတအဖြစ်ကျမ်းကြိမ်ပြီး တက်လာတဲ့အခါပြုပြင်ပြောင်းလဲမှုတွေကိုလုပ်လာတာကိုတွေ့ရတော့ဝမ်းသာအားရနဲ့အားပေးခဲ့ကြပါတယ်။
ဒီလိုအားပေးတဲ့သူတွေထဲမှာဒေါ်အောင်ဆန်းစုကြည်လဲပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကဦးသိန်းစိန်ကို သူမ အနေနဲ့ယုံကြည်ကြောင်းအတိအလင်းပြောကြားခဲ့ပါတယ်။ တဦးနဲ့တဦးတဖွဲ့နဲ့တဖွဲ့လက်တွဲပြီးလုပ်နိုင်ဘို့မှာ ပထမယုံကြည်မှုကိုတည်ဆောက်ယူရမှာဖြစ်ပါတယ်။ ယုံကြည်မှုမရှိဘဲဘယ်လိုမှတဦးနဲ့တဦးလက်တွဲလုပ်နိုင် မှာ မဟုတ်ပါဘူး။ ဒါကြောင့်ဒေါ်စုမြေခွေးတွင်း(လွှတ်တော်)ထဲကိုစွန့်ပြီးဝင်သွားတာဖြစ်ပါတယ်။ လွှတ်တော်ထဲမှာကြံဖွတ်အမတ်မြေခွေးအုပ်ကြီးနဲ့ မကြာခင်ကအခွင့်ထူးခံ၊ ရာထူးပိုကြီးတဲ့စစ်တပ်ကိုယ်စား လှယ်ဗိုလ်မှူးချုပ်တွေနဲ့အစားထိုးလိုက်တဲ့ ဝံပုလွေ ၂၅%အုပ်ကလဲရှိနေပါတယ်။

ဒီအုပ်ကြီးနှစ်အုပ်စုဟာပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်တွေက လွှတ်တော် တွင်းမှာဒီမိုကရေစီနည်းကျပြုပြင် ပြောင်းလဲမှုတွေကိုတင်လာခဲ့ရင်ရိုက်ချဘို့တာစူနေကြတာဖြစ်ချင်ဖြစ် မယ်။ သူတို့အကျိုးစီးပွါးကိုထိခိုက် မယ် လို့မြင်တဲ့ဘယ်ပြောင်းလဲမှုမျိုးကိုမဆိုတိုင်းပြည်ဘယ်လောက်ဘဲအကျိုးရှိရှိ အစည်းအဝေးကြမ်းခင်းပေါ်မ ရောက် ခင်ကတည်းကလွှတ်တော်ဥက္ကဌက နေ ပယ်ချကောင်းပယ်ချနိုင်ပါတယ်။

အခုဒေါ်အောင်ဆန်းစုကြည် တို့ လွှတ်တော်ထဲကိုရောက်လာပြီးမရှေ့မနှောင်း ဒုသမ္မတဦးတင်အောင်မြင်ဦး နှုတ် ထွက်လွှာတင်တဲ့သတင်းထွက်လို့လာပါတယ်။ ဒါဟာတိုက်ဆိုင်မှုလား? နအဖရဲ့ကြိုတင်ချထားတဲ့ကျားကွက် လား? အားလုံး စဉ်းစားဖို့လိုပါတယ်။

တင်အောင်မြင့်ဦးဟာတင်းမာသောအုပ်စုမှဖြစ်လို့ ဒီလိုတင်းမာရေးလမ်းစဉ်လိုက်နေသူနှုတ်ထွက်သွားခြင်းဟာ အလယ်အလတ်လမ်းစဉ်သမားဦးသိန်းစိန်တို့အုပ်စုအနိုင်ရအားကောင်းလာတာဖြစ်တယ်၊ မြန်မာပြည်တိုးတက် ရေးအတွက်ကောင်းတဲ့နမိတ်လက္ခဏာဘဲလို့ယူဆသူတွေ၊ အကောင်းမြင်ဝါဒသမားတွေကဆိုကြပါတယ်။ ဒေါ်စုကိုဒုသမ္မတနေရာပေးချင်ပေးမယ်လို့လဲယူဆသူတွေရှိပါတယ်၊ ဒါမှမဟုတ်လဲဝန်ကြီးနေရာတနေရာပေး ချင်ပေးမယ်လို့ထင်ကြေးပေးကြသူတွေပေးကြပါတယ်။ စစ်အာဏာမလျှော့ကျရေးအတွက်ကျားကွက်ရွေ့သလို အကွက်ချပြီးကစားနေတာလား? တိုင်းပြည်ကြီးကမ္ဘာ့အလယ်မှာဆင်းရဲမွဲတေနေတာကိုမကြည့်ရက်လို့ ကိုယ့် လူမျိုးတွေနိုင်ငံတကာမှာမျက်နှာငယ်ငယ်နဲ့အလုပ်သမားတွေအဖြစ်၊ အိမ်စေတွေအဖြစ်သွားလုပ်နေရ တာကို တွေ့မြင်ရတဲ့အခါယူကြုံးမရဖြစ်ပြီးငါ့တိုင်းပြည်နဲ့လူမျိုးတွေကိုငါတို့ကယ်တင်မှရမယ်ဆိုတဲ့စိတ်နဲ့တကယ်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တာလားမဝေးတော့တဲ့အနာဂါတ်မှာကျွန်တော်တို့တတွေအဖြေရှာနိုင်တော့မှာဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာအမှန်တကယ်စိတ်ရင်းမှန်သူဖြစ်ပြီးတိုင်းပြည်ကောင်းစားတာကိုမြင်ချင်တဲ့အတွက်ဒေါ်အောင် ဆန်းစုကြည်ကိုအစိုးရ နဲ့တွဲလုပ်ရန်ကမ်းလှမ်းခဲ့တယ်လုပ်ပိုင်ခွင့်ပေးခဲ့မယ်ဆိုရင်မျိုးချစ်စိတ်စေတနာအရင်းခံ ကြောင့် မြန်မာနိုင်ငံကြီးတွင်းရှိပြည်သူအားလုံးအတွက်ကျဆုံးခဲ့ရသောဂုဏ်သိက္ခာများကိုပြန်လည်ဆယ်ယူနိုင် မှာ ဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အားကိုယူပြီးပြည်တွင်းငြိမ်းချမ်းရေး၊ ကျန်းမာရေး နဲ့ပညာရေး တွေ မှာ ထိထိရောက်ရောက်ပြည်တွင်းပြည်ပအင်အားစုတွေရဲ့အကူအညီကိုရယူပြီးပူးပေါင်းလုပ်ကြမယ်ဆိုရင် အ တိုက် အခံ၊ စစ်အုပ်စု ဆိုတဲ့အမြင်တွေပျောက်ကွယ်ပြီးအမျိုးသားရင်ကြားစေ့ရေးကိုလက်တွေ့ကျ ကျလုပ်နိုင် မှာဖြစ် တယ်၊ လွတ်လပ်ရေးရစကနေ ၊ ပြည်တွင်းစစ်ကြောင့် နှစ် ၆၀ အတွင်း ယနေ့အထိပြည်သူသန်းနဲ့ချီပြီး သေဆုံး ခဲ့ရသလို၊ မြန်မာပြည်သူတွေကို ဆင်းရဲ တွင်း ပို့နေတဲ့ဒီပြည်တွင်း စစ်ကိုလဲအမြန်ဆုံးငြိမ်း သတ်နိုင် မှာဖြစ်တယ်။

ဦးသိန်းစိန်အစိုးရအနေနဲ့ မကြောက်မရွံဘဲပြည်သူတွေရဲ့အခွင့်အရေးတွေကိုရဲရဲတင်းတင်းဖွင့်ပေးခြင်း၊ ပုဂ္ဂလိက ပိုင်သတင်းစာထုတ်ဝေ ခွင့်အပါအဝင်သတင်းလွတ်လပ်ခွင့်များကိုကမ္ဘာ စံချိန်မှီခွင့်ပြုခြင်း၊ လူ့လွတ်လပ်ခွင့်ချိုး ဖေါက်သူမှန်သမျှကိုကြောသား၊ ရင်သားမခွဲခြားဘဲထိထိရောက်ရောက်အရေးယူခြင်းဖြင့်တရားဥပဒေစိုးမိုးရေး ကိုတည်ဆောက်ခြင်းဖြင့်ပြည်သူများ၏ယုံကြည်ကိုးစားမှုကိုရယူမယူစောင့်ကြည့်ရပေမည်။

ထို့ပြင် ခရိုနီများလက်ဝါးကြီးအုပ်မတန်တဆဈေးတင်ထားသောတယ်လီဖုံးဈေးကွက်၊ ဟော်တယ်လုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ လယ်ယာမြေမတရားသိမ်းယူမှုများကိုတရားမျှတမှုရှိစေရန်လူတိုင်း တရားမျှတ စွာလွတ်လပ်စွာယှဉ်ပြိုင်နိုင်ခွင့်၊ ထုတ်လုပ်ခွင့်တို့ကိုဖန်တီးပေးရမည်။ ကြိုးနီစံနစ်မထားရှိဘဲ သမတမှတိုက်ရိုက် ခန့် ထားဖွဲ့စည်းပေးသော “အထူးစစ်ဆေးတိုက်ရိုက်ဆုံးဖြတ်ရေးဌာန” SIDDB(Special Investigation and Direct Decision Branch)ကိုဖန်တီး၍ထိုဌာနမှညွှန်ကြားရေးမှူးကအခင်းဖြစ် ရာသို့တိုက်ရိုက်သွား ရောက် ဖြေရှင်းစေခြင်းဖြင့် မသမာမှုများ၊ ကြားခံလာဒ်ပေးလာဒ်ယူမှုများ လက်တွေ့ကွင်းဆင်း ဖြေရှင်းဖြင့်အချိန် ကြာမှု၊ နှင့်ကြိုးနီစံနစ်တို့ကိုတားဆီး နိုင်ပေလိမ့်မည်။
ယနေ့လတ်တလောဖြစ်ပေါ်နေသောလျှပ်စစ်မီးလုံလောက်စွာရရှိရေးလှုပ်ရှားမှုသည်မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေရခြင်းအကြောင်းရင်းထဲမှတခုဖြစ်သည်။ ဆင်းရဲမွဲတေရခြင်းအကြောင်းရင်း ၃ချက်ရှိသည်။

၁။ စစ် အာဏာရှင်စံနစ်သက်ဇိုးရှည်ခဲ့ခြင်းကြောင့်လူ့အခွင့်အရေးဆုံးရှုံး ခဲ့ရသည်၊ လူ့အခွင့်အရေးဆုံးရှုံးခဲ့ခြင်းကြောင့်မတရားဥပဒေများကြီးစိုးလာခဲ့ရသည်။ ထို့ကြောင့်ခရိုနီစီးပွါးရေးထွန်းကား လာပြီးလက်တဆုပ်စာလူတစုနှင့်ဗိုလ်ချုပ်များသာချမ်းသာလာခဲ့ပြီးပြည်သူလူထုကြီးတရပ်လုံးကုန်းကောက်စရာမရှိဆင်းရဲမွဲတေသွားခဲ့ရသည်။ သဘာဝအရင်းအမြစ်များ၊လူသားအရင်းအမြစ်များအတိုင်း အဆမရှိဆုံးရှုံး ခဲ့ရ သည်။ ဆင်းရဲချမ်းသာကွာဟမှုမှာမယုံကြည်နိုင်စရာအထိမိုးနဲ့မြေပမာကွာခြားသွားခဲ့ရသည်။

၂။ ပြည်တွင်းစစ်အဆုံးမသတ်နိုင်ခြင်းသည် တချက်။
ပြည်တွင်းစစ်ကြောင့်တန်ဖိုးမဖြတ်နိုင်သောလူ့အသက်သိန်းသန်းချီပြီးဆုံးရှုံးခဲ့ရသည့်အတွက်လူသားရင်းမြစ်များယုတ်လျော့ရော့နည်းသွားခဲ့ရသည်။ လူ့အသက်သာမကအိုးအိမ်တိုက်တာအဆောက်အအုံများပါနှစ်ပေါင်း ၆၀ အတွင်းပျက်စီးခဲ့မှုများအားလုံးသည် ဘီလီယံနှင့်ချီ၍ရှိသည်။ ပြည်တွင်းစစ်ကြောင့်စီးပွါးရေးကောင်းကောင်းမ လုပ် နိုင်သဖြင့်တိုင်းပြည်မွဲတေလာခဲ့ရသည်။

၃။လျှပ်စစ်မီးလုံလောက်စွာမရသဖြင့်ပြည်တွင်းထုတ်ကုန်ထုတ်လုပ်သောစက်ရုံများမလည်ပတ်နိုင်ခြင်းသည်တချက်။
တိုင်းပြည်တိုးတက်ဖွံဖြိုးရန်မှာစက်မှုလက်မှုတိုးတက်ဖွံဖြိုးဖို့လိုအပ်သည်။ စက်မှုလက်မှုတိုးတက်ဖွံဖြိုး ရန်အတွက်လျှပ်စစ်ဓါတ်လုံလောက်စွာရဖို့လိုသည်။ လျှပ်စစ်မီးလုံလောက်အောင်မရရှိသောနိုင်ငံသည်ဘယ် တော့မှတိုးတက်ဖွံဖြိုးမှုရနိုင်မည်မဟုတ်ချေ။ စစ်အစိုးရ မှလျှပ်စစ်ထုတ်လုပ်မှုကိုပြည်တွင်းသုံးစွဲမှုထက်ပြည်ပ သို့ရောင်းချ၍မိမိအိတ်ထဲနိုင်ငံခြားငွေထည့်ရန်သာစိတ်ဝင်စားခဲ့ကြသည့်အတွက်ပြည်တွင်းစက်မှုလက်မှုလုပ် ငန်းများဖွံ့ဖြိုးမှုမရှိဘဲရရစားစား အသေးစားလုပ်ငန်းရှင်လေးများဘဝမှမတက်နိုင်ဘဲရှိသဖြင့်ပြည်တွင်းလိုအပ် ချက်ကိုပြည်ပမှသာအဓိကတင်သွင်းရသဖြင့်ပြည်တွင်းမှ ကုန်ကြမ်းများဈေးပေါ်ပေါ်ဖြင့်ထွက်သွားပြီးပြည်ပမှ ကုန်ချောများဈေးကြီးဖြင့်ဝင်ရောက်လာပြီးတိုင်းပြည်လိုငွေပြပြီးကြွေးလည်ပင်းခိုက်လာသည်မှာအဆန်းမဟုတ် ချေ။ ထို့ကြောင့်စီးပွါးရေးရင်းနှီးမြှုပ်နှံမှုများမှာ ဒေါ်စုပြောသကဲ့သို့ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိအောင်အလေး ထားသော၊ အလုပ်သမားများရပိုင်ခွင့်ခံစားပိုင်ခွင့်တို့ကိုလေးစားလိုက်နာသော၊ပြည်တွင်းကုန်ချောထုတ်လုပ် သော စက်ရုံအလုပ်ရုံများရင်းနှီးမြှုပ်နှံနိုင်လာလျှင်ပြည်သူတို့အလုပ်အကိုင်များရရှိလာပြီးစီးပွါးရေးချောင်လည် လာကြမည်ဖြစ်သည်။

သို့ရာတွင် တချို့ကဦးသိန်းစိန်အစိုးရသည်အမှန်တကယ်ပြုပြင်ပြောင်းလဲရေးထက်၊ စစ်တပ် လက်ဝါးကြီး အုပ်ထားမှုကို အချိန်ဆွဲနိုင် သမျှဆွဲထားနိုင်ရေးကိုဦးတည်၍အပေါ်ယံပြောင်းလဲမှုတို့ကိုပြုလုပ်နေခြင်း (Superficial Change) ဟုဝေဖန် သုံးသပ်ကြသည်။ ထိုသူတို့ထံတွင်လည်းသံသယဖြစ်လောက်သည့် ထောက်ပြချက်များကရှိနေခဲ့သည်။

လွှတ်တော်အတွင်းကိုယ်စားလှယ်များမိမိတင်ပြဆွေးနွေးလိုသည်ကိုလွှတ်တော်ဥက္ကဌထံတင်ပြ၍ဥက္ကဌကခွင့်ပြုမှသာဆွေးနွေးခွင့်ရှိသည်မှာလွှတ်တော်တွင်းတွင်ပင်အများကသင့်တော်သည်ဆွေးနွေးသင့်သည်၊မဆွေးနွေး သင့်ဆိုသည့်ဆုံးဖြတ်ခွင့်ကိုပေးမထားဘဲလွှတ်တော်ဥက္ကဌတဦးတည်းကသာဦးစွာဆုံးဖြတ်ခွင့်ကိုယူထားသည်ဟု ထောက်ပြခြင်း။ ၈၈ မျိုးဆက်ခေါင်းဆောင်များ၏ ပြည်ပထွက်ခွင့်ပတ်စပို့ကိုထုတ်မပေးဘဲထားခြင်းနှင့်ပြည်ပ ရောက်စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများကိုသမတကပြန်လာကြပါဟုနှစ်ကြိမ်ထုတ်ဖေါ်ပြောကြားခဲ့ သော်လည်းတကယ်တန်းသွားရောက်လည်ပတ်ရန်လျှောက်ထားသူများကိုဗီဇာထုတ်မပေးခြင်းအပြင် သံအမတ်ကြီးထံသို့အစိုးရဆန့်ကျင်ရေးမလုပ်ခဲ့ဘူးကြောင်း၊ ပြည်တွင်းရောက်လျှင်နိုင်ငံရေးလုပ်နေသူ များကိုတွေ့ဆုံခြင်းအားပေးခြင်းမပြုလုပ်ပါဟုဝန်ခံလက်မှတ်ရေးထိုးရမည်ဆိုသည်မှာလက်တွေ့တွင်အပြောနှင့်အလုပ်မညီကြောင်းထောက်ပြကြသည်။

အဓိကထောက်ပြချက်မှာနိုင်ငံရေးအကျဉ်းသားများအားလုံးကိုလွှတ်မပေးဘဲ တချို့တဝက်ကိုသာလွှတ်ပေး ပြီး၄၀၀နီးပါးကိုဆက်လက်ဖမ်းဆီးထားခြင်းနှင့်မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားဟူ၍မရှိဟုအစိုးကိုယ်တိုင်ကစစ်အုပ်ချုပ်ရေးကာလအာဏာပိုင်များအသုံးအနှုန်းအတိုင်းပြောကြား၍ နိုင်ငံရေးအကျဉ်းသားများရှိခြင်း ကိုဗြောင်ငြင်းပယ်ခဲ့ခြင်းကြောင့်ဦးသိန်းစိန်အစိုးရကိုယုံကြည်ရန်ခက်စေခဲ့သည်။

ထို့ပြင်သတင်းလွတ်လပ်ခွင့်ကိုလျော့ပေးသည်ဆိုသော်လည်းဆင်ဆာရှိနေသေးသည့်အပြင်ပြည်သူသန်း၆၀အတွက်သတင်းစာ ၄စောင်သာရှိနေပြီးထိုဖြန့်ချီနေသောသတင်းစာများမှာလည်းအစိုးရပိုင်သတင်းစာများဖြစ်သည့် အပြင် ဝါဒဖြန့်သတင်းများ သာ ၁၉၆၃ ခုနှစ်မှစ၍ယနေ့အထိလွှမ်းမိုးနေခဲ့သည်။

ပြည်သူများကိုသတင်းမှန်ဖြန့်ချီသည့်ပုဂ္ဂလိကသတင်းစာများထုတ်ဝေနိုင်မှုကိုယနေ့အထိမပေးသေးဘဲထားခြင်းကြောင့်လက်ရှိအစိုးရကိုအမှန်တရားကိုဖုံးကွယ်လိုသောစိတ်ရှိနေသည်ဟုမြင်ကြသည်။

သို့ရာတွင်မကြာသေးမှီကပြည်သူပိုင်သတင်းစာများအရည်အသွေးမြှင့်တင်ရန်ဆွေးနွေးပွဲလုပ်သည့်အကြောင်းကိုဖတ်လိုက်ရသည်။ ပါဝင်ဆွေးနွေးကြသူများကနိုင်ငံပိုင်သတင်းစာများ၏အရည်အသွေးသည်ကျဆင်းလျက် ရှိပြီးအစိုးရသတင်းစာများတွင်ပြည်သူစိတ်မဝင်စားသည့်နိုင်ငံအကြီးအကဲများဖဲကြိုးဖြတ်နေပုံ၊ ခရီးလှည့်လည် နေပုံများ ကိုနေ့တဓူဝဖေါ်ပြနေခြင်းကို ဖြုတ်သင့်ကြောင်း၊ ပြည်သူလူထုစိတ်ဝင်စားမည့်သတင်းများကိုပို၍ထည့် ခြင်းဖြင့်အရည်အသွေးကိုမြှင့်တင်သင့်ကြောင်း။ ထို့ပြင်တချိန်ချိန်တွင်ပေါ်လာမည့်ပုဂ္ဂလိကသတင်းစာများကို ယှဉ်နိုင်ရန်ယခုကထည်းကစဉ်းစားပြုပြင်ရမည့်အကြောင်းဆွေးနွေးချက်သည်၊ မကြာခင်ကာလတွင်သတင်းစာ လွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်ရတော့မည်လောဆိုသည့်အတွေးကိုဝင်ရောက်လာစေသည်။ တဖက်တွင်လည်းပြန်ကြားရေးဝန်ကြီးက စာနယ်ဇင်းတင်းကြပ်မှုကိုလျော့ပေးမည်ဟုပြောကြားသော်လည်းသ တင်းစာထုတ်ဝေခွင့်ကိုနှာစေးနေခဲ့သည်။

မည်သို့ဆိုစေလက်ရှိအစိုးရမှပုဂ္ဂလိကသတင်းစာထုတ်ဝေမှုကိုချက်ချင်းခွင့်ပြုလုပ် လိမ့်ဦးမည်မဟုတ်ချေ၊ ယနေ့အခြေအနေအတိုင်းပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ကိုပေးလိုက်ပါကအစိုးရပိုင် သတင်းစာ များဖတ်သူမရှိသည့်ကိန်းမုချဆိုက်ပြီးနှစ်မကူးခင်ပြုတ်နိုင်သဖြင့်အစိုးရသတင်းစာများ၏ဝါဒဖြန့်သတင်းစာ ဘဝမှ ခေတ်နှင့်လျှော်ညီသောပုံစံပြောင်းပြီးပုဂ္ဂလိကသတင်းစာများကိုယှဉ်ပြိုင်နိုင်ရန်ကြိုတင်ပြင် ဆင်နေ ကြောင်းထင်ရှားသည်။

လက်ရှိအုပ်ချုပ်သူများထဲမှတချို့သည် တလမ်းသွားအတွေးအခေါ်ဖြင့်ရှင်သန်ကြီးထွားလာသူများဖြစ်ကြသည်၊ အရာရာကိုအာဏာသုံး၍ဆုံးဖြတ်တတ်သောညဉ်ဆိုးသည်အရိုးစွဲနေခဲ့သည်။

ပြည်သူကိုဂရုစိုက်စရာမလိုငါသိတယ်ငါတတ်တယ်၊ ဘယ်သူ့မှတိုင်ပင်စရာမလိုဆိုသည့်အစွဲရှိသည်။ ဥပမာလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးဇော်မင်း၏မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သောပြောကြားမှုသည် ထိုစရိုက်ရှိ သူများ၏အကျင့်စရိုက်ကိုလှစ်ဟပြလိုက်ခြင်းပင်ဖြစ်သည်။ ဘယ်လိုအမျှော်အမြင်နဲ့ဘယ်လိုအတွေး အခေါ်နဲ့ များဝန်ကြီးဖြစ်လာသူလဲဆိုသည်ကတွေးစရာဖြစ်သလိုတိုင်းပြည်အတွက်အထူးရင်လေးစရာဖြစ်သည်။နိုင်ငံပိုင်သတင်းစာကိုအစိုးရပိုင်သတင်းစာအဖြစ်သတ်မှတ်အသုံးပြုနေမှုသည်တလမ်းသွားအတွေးအခေါ်အကျင့်အကြံပင် ဖြစ်သည်။တသက်လုံးဒီသတင်းစာတွေကိုငါတို့ပါတီအကျိုးအတွက်၊ ငါတို့အာဏာရရေးအတွက်၊ ငါတို့ဝါဒ ဖြန့်ချီရေးအတွက်အသုံးပြုမယ်ဆိုသည့်အတွေးအခေါ်သည်အာဏာရှင်ခေတ်ကအတွေးအခေါ်ဖြစ်သည်၊ ယနေ့အထိအာဏာရှင်ခေတ်ကအမူအကျင့်ကိုမဖြောက်နိုင်ကြ အတိုက်အခံသည်အစိုးရဖြစ် လာနိုင် သည် ဆိုသည့်အတွေးအခေါ်မရှိသည်လား?

အတိုက်အခံကိုရှိယုံသာထားပေးပြီးငါတို့ဘဲလက်ပြောင်းလက်လဲနဲ့အာဏာဆက်ယူသွားမည်လားဆိုသည်ကို စောင့်ကြည့်ရပေမည်။

မှန်မှန်ကန်ကန်သုံးသပ်ရလျှင်အစိုးရပိုင်သတင်းစာဆိုသည်မှာဒီမိုကရေစီနိုင်ငံတခုတွင်မရှိသင့်သောအရာတခု ဖြစ်သည်၊ ပုဂ္ဂလိကပိုင်နှင့် နိုင်ငံရေးပါတီပိုင်သတင်းစာများရှိခြင်းသည်အဓိပ္ပါယ်ရှိသည်။

နိုင်ငံရေးပါတီများကမိမိတို့ပါတီမူဝါဒသဘောထားများကိုပြည်သူသို့ချပြဆွေးနွေးခြင်း၊ ပြည်သူလူထု၏ထောက် ခံမှုကိုရယူခြင်းတို့သည်နိုင်ငံရေးပါတီများလုပ်ရမည့်အလုပ်ဖြစ်သည် အစိုးရအလုပ်မဟုတ်။ အစိုးရအလုပ်သည်မိမိမူဝါဒများကိုသတင်းစာဆရာများသို့တင်ပြ၍ထိုသတင်းစာဆရာများကနေပြည်သူသို့တ ဆင့်တင်ပြပေးခြင်းသာဖြစ်သည်၊ ကိုယ်ပိုင်သတင်းစာမလို အဘယ့်ကြောင့်ဆိုသော်အစိုးရဟူသည်ရွေးကောက် ပွဲတွင်အနိုင်ရသည့်ပါတီကဖွဲ့စည်းရခြင်းဖြစ်သဖြင့်ပါတီတခုသည်ရာသက်ပန်အာဏာစွဲကိုင်ထား၍မရနိုင်ချေ၊ရသည်ဆိုလျှင်ထိုနိုင်ငံသည်ဒီမိုကရေစီနိုင်ငံမဟုတ်ချေအာဏာရှင်နိုင်ငံသာဖြစ်ပေမည်။

မြန်မာနိုင်ငံတွင်အစိုးရပိုင်သတင်းစာသည်အနိုင်ရပါတီ၏သတင်းစာဖြစ်နေသည်၊ နိုင်ငံပိုင်သတင်းစာမှ ဘက် လိုက်၍အတိုက်အခံပါတီနှင့်ထိုပါတီခေါင်းဆောင်များကိုဝေဖန်ခြင်းတိုက်ခိုက်ခြင်းတို့ကိုဗြောင်လုပ်လျက်ရှိသည်။ အတိုက်အခံပါတီကအနိုင်ရပါကထိုသတင်းစာသည်အတိုက်အခံပါတီကသုံးစွဲရမည့်သဘောရှိသည်။ သတင်းစာဟူသည်အာဏာရလာသောနိုင်ငံရေးပါတီများကတယောက်တလှည့်မောင်ပိုင်စီးပြီးမိမိတို့အကျိုးအတွက်မူဝါဒဖြန့်ချီရေးလုပ်ခွင့်ပေးသောစံနစ်သည်ဒီမိုကရေစီကျင့်စဉ်နှင့်လုံးဝဖီလာဖြစ်နေပေသည်။

မူလသတင်းစာချုပ်ကိုင်ထားသူများအားလုံးဖယ်ရှားပစ်ရမည့်သဘောရှိသည်။ ထို့ကြောင့်ယနေ့မြန်မာနိုင်ငံရှိ နိုင်ငံပိုင်သတင်းစာ၎စောင်လုံးကိုပုဂ္ဂလိကပိုင်ပြောင်းလဲရေးနှင့် ပုဂ္ဂလိကပိုင်သတင်းစာထုတ်ဝေမှုကိုခွင့်ပြုမည် ဆိုလျှင်၂၀၁၅ ရွေးကောက်ပွဲသည်တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန်အတော်အတန်ကြိမ်းသေပြီဟုပြော လို့ရနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက ၂၀၁၀ ကဲ့သို့မဲလိမ်မဲခိုးမှုများနှင့်သာပြည့်နှက်နေပေလိမ့်မည်။ အမှန်တရားကိုထုတ်ပြောနိုင်သော၊ဖွင့်ချနိုင်သောလွတ်လပ်သောသတင်းစာများမထွက်ပေါ်သေးသမျှအမှန်တ ရားများကိုမသမာမှုဖြင့်ပိတ်ပင်တားစီးမှုများကရှိနေမည်သာဖြစ်သည်။တရားဥပဒေစိုးမိုးမှုဆိုသည်ကလည်းစာအုပ်ထည်းတွင်းသာဖတ်ကောင်းသည့်အဆင့်ရှိနေပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်ကပါရီမြို့အမေးအဖြေတွင်ဖြေကြားသွားခဲ့ရာတွင် “အတိုက်အခံဆိုတာတချိန်မှာအစိုးရဖြစ်နိုင်တယ်ဆိုတာသတိပြုမိဖို့လိုတယ်၊ တသက်လုံးအတိုက်အခံဖြစ်မနေဘူး” ဆိုသည့်စကားသည်အားလုံးသတိချပ်သင့်သည့်စကားဖြစ်သည်၊ အထူး သဖြင့်တိုင်းပြည်အာဏာကိုရယူထား သောစစ်တပ် ၊ ကြံဖွံ့ပါတီနှင့်စစ်ဗိုလ်ချုပ်များအထူးစဉ်းစား ရမည့်အချက် ဖြစ်သည်။ထို့ကြောင့်ကိုယ်ကမဲရှုးံ၍အတိုက်အခံဘဝ ရောက်လျှင်လက်ဝါးကြီးအုပ်ရယူ ထားသောအခွင့်အရေး များကိုမဲအနိုင်ရသောပါတီကယူသွားပေမည်။ ထိုအခါကျမှမတရားပါဘူးဟုပြောလို့ မရ ယ္ခုကထည်းကမျှတ အောင်အမြှော်အမြင်ရှိရှိပြုပြင်ပြောင်းလဲနိုင်ဖို့လိုပေသည်။ ထိုသို့မဟုတ်ဘဲငါတို့ဘဲအမြဲအစိုးရဖြစ်ရမယ်၊ အတိုက်အခံဟာအမြဲအတိုက်အခံနေရာကနေမတက်စေရဘူးဆိုသည့်ညဉ်ဆိုးကိုဆက်လက်ထားရှိနေမည်ဆိုလျှင်မြန်မာပြည်သားတို့စစ်ကျွန်၊အိမ်နီးချင်းနိုင်ငံများ၏စီးပွားရေးကျွန်သဘောက်ဘဝမှတက်နိုင်လိမ့်မည်မဟုတ်ချေ။ ပြည်တွင်းစစ်မီးသည်လည်းဆက်လက်တောက်လောင်နေမည်သာဖြစ်သည်။

တိုင်းရင်းသားများအရေးနှင့်ပတ်သက်၍ပြောရမည်ဆိုလျှင်သမ္မတကြီးမှကချင်ပြည်နယ်တွင်တိုက်နေမှုကိုရပ် ဆိုင်းရန်အမိန့်ပေးသော်လည်းပထမတွင်ရှေ့တန်းသို့သတင်းမရောက်သေးလို့ပါဟုဆင်ခြေပေးခဲ့ပြီးသမ္မတအမိန့်ကိုဖီဆန်ပြီးဆက်လက်တိုက်နေသည်မှာတနှစ်ကျော်လာသည့်ယနေ့အထိပင်ဖြစ်သည်၊ ထို့ကြောင့်အမှန်တ ကယ်အာဏာသည်အခြေခံဥပဒေအရသမ္မတတွင်တကယ်ရှိမှရှိရဲ့လားရုပ်သေးသမ္မတ သို့မဟုတ်စစ်တပ်ကို မလွန်ဆန်နိုင်သောအကန့်အသတ်သာလုပ်ပိုင်ခွင့်ရှိသောသမ္မတလားဟုထင်စရာဖြစ်လာခဲ့ပေသည်။

နောက်တချက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကိုဦးအောင်မင်းနှင့်အပြီုင်လုပ်နေသောဦးအောင်သောင်းသည်တင်းမာသူတဦးဖြစ်သူဟု ကြော်ကြားပါသည်။ သို့ရာတွင်ဦးအောင်သောင်းဆွေးနွေးပွဲတွင်ပါဝင်မလာတော့ဘဲဦးအောင်မင်းတဦးတည်း လုပ်ပိုင်ခွင့်ရလာခဲ့ပါသည်။တခုသတိပြုမိသည်မှာငြိမ်းချမ်းရေးရလာသည့် SSA, နှင့်KNPP တို့နှင့်ယခုရက် အတွင်းတိုက်ပွဲများပြန်လည်ဖြစ်လာသည်မှာဦးအောင်မင်းကြိုးစားမှုကိုစစ်တပ်မှလက်မခံကြောင်းအချက်ပြခြင်းလားဟုထင်စရာရှိသည်။ ထိုအချက်များကြောင့်စစ်တပ်သည်သမ္မတမိန့်ကိုမနာခံဘဲဗိုလ်ချုပ်မင်းအောင်လှိုင်က သူသဘောသူဆောင်နေသည်ဟုမှတ်ချက်ပေးရမလိုအခြေအနေကဖြစ်နေသည်။

နိဂုံးအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည်မြေခွေးတွင်းထဲသို့ဝင်ရောက်သွားပြီဖြစ်သည်၊ ဒေါ်စုနှင့်ဒီမိုကရေ စီအင်အားစုများကစစ်မှန်သောဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ပေါက်လာစေရန်ရည်သန်၍အ များအကျိုးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်ညီသောဥပဒေသများကိုလွှတ်တော်သို့တင်သွင်းသည့်အခါမြေခွေး နှင့်ဝံပုလွေများက ဝိုင်းကိုက်ကြမည်လား၊ လက်ခံမည်လားစောင်ကြည့်ရပေမည်၊

သားစားကြူးသောသားရဲတွင်းသို့ဒေါ်စုရဲရင့်စွာဝင်ရောက်သွားပြီ၊စောင့်ကြည့်အားပေးရမည်ကကျွနုပ်တို့တတွေ။ အမိမြန်မာနိုင်ငံတော်ကြီးစစ်ကျွန်ဘဝဆိုးမှအမြန်ဆုံးလွတ်မြောက်၍မြန်မာလူမျိုးများကမ္ဘာတွင်မော်ကြွားနိုင် သောလူမျိုးများဘဝသို့ရောက်ရှိရေးကိုရည်မှန်းလျက်

ထွန်းအောင်ကျော်
(ခေတ္တ အီသီကာမြို့၊ အမေရိကန်နိုင်ငံ)
ဂျူလိုင် ၂ ရက်၊ ၂၀၁၂၊ ညနေ၇နာရီ ၃၈ မိနစ်
http://komoethee.blogspot.com.au/

No comments:

Post a Comment