ondragstart="return false" onselectstart="return false"

Thursday, May 2, 2013

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဘယ်သူနဲ့ တိုက်နေသလဲ

လူမိုက်ရှိမှ လူလိမ္မာ စားရတယ်သူငယ်ချင်း မင်းတို့ သဘောပဲ။ နောက်ဆုံးတော့ မင်းတို့ အားလုံး လတ(လင်းတ)စာပဲဖြစ်သွားကြမယ်။ အဲဒီ လတ က မင်းတို့ ဘထွေး ဗမာစစ်တပ်ပဲ။


ကရင်ပြည်နယ်နဲ့ သေနတ်သံနဲ့က ခွဲခြားလို့မရဘူးဆိုသလို ဖြစ်နေပါပြီ။

၁။ ကရင်လက်နက်ကိုင်အဖွဲ့ကြီး KNU နဲ့ အစိုးရတပ်တွေ တိုက်ကြတယ်။

၂။ KNU ကနေ အဖွဲ့ကြီး၊ အဖွဲ့ငယ်တချို့ ခွဲထွက်ပြီး အပြန်အလှန်
တိုက်ကြတယ်။

၃။ ကရင်နယ်ခြားစောင့်တပ်တွေ ပေါ်ပေါက်လာ၊ ပြီးတော့ အဲဒီတပ်တွေကနေ ခွဲထွက်ပြီး တိုက်ကြတယ်။

အခု ရက်ပိုင်းအတွင်း ပေါ်ပေါက်နေတဲ့ တိုက်ပွဲများကတော့ အထက် ဖော်ပြပါ အမှတ် ၃ နဲ့ ဆက်စပ်ပါတယ်။

(ကရင်ပြည်နယ်)နယ်ခြားစောင့်တပ် BGF နဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ လက်နက်ကိုင်တွေကြား ဖြစ်နေကြတာပါ။

ဗိုလ်ဘိ ဆိုတာကလည်း တပ်ရင်းမှူးကြီး တာဝန်နဲ့ နယ်ခြားစောင့်တပ်ရင်း ၃ ရင်းကို ဦးဆောင်ခဲ့သူပါ။
၂ဝ၁၁ နှစ်လယ်ပိုင်းက စပြီး DKBA အဖြစ် ပြန်ရပ်တည်ခဲ့ကြတာပါ။
သို့သော်လည်း ဗိုလ်နှုတ်ခမ်းမွှေးရဲ့ DKBA ဌာနချုပ်အောက်ကို ခိုလှုံထားတာတော့ မဟုတ်ပါဘူး။
KNU လက်အောက်ခံလည်း မဟုတ်ပြန်ပါဘူး။ အဲဒီအဖွဲ့များနဲ့ မဟာမိတ်သဘောဆန်ဆန် ရပ်တည်နေတာ ဖြစ်ပါတယ်။

လက်တလော တိုက်ပွဲများအကြောင်း ဧရာဝတီသတင်းထောက် ပြည်တော်မြင့်က အခုလို သတင်းပေးပို့ထားပါတယ် ....

လှိုင်းဘွဲမြို့နယ်မြိုင်ကြီးငူအထူးဒေသမှာ ကလို့ထူးဘော(DKBA)နဲ့ ဒေသအခြေစိုက် ကရင်နယ်ခြားစောင့်တပ်တွေ ပြီးခဲ့တဲ့ ရက်တွေအတွင်း အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။

နေရာ ၃ ခုထက်မနည်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ ဒေသခံရွာသားများ သံလွင်မြစ်အနောက်ဘက်ခြမ်းမှာ သွားရောက်ခိုလှုံနေကြရပါတယ်။

ဒီလ ၂၆ ရက်နေ့ကစပြီး ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ စီးလာတဲ့စစ်လှေကို DKBA အဖွဲ့က သေနတ် ပစ်ဖောက်ပြီး ရပ်တန့်ခိုင်းရာကနေ ဖြစ်ပွားခဲ့တဲ့ပြဿနာကြောင့် ဒေသအတွင်းမှာ ရက်ရှည်တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

(ကရင်ပြည်နယ်)နယ်ခြားစောင့်တပ် BGF က တပ်အင်အား အလုံးအရင်းနဲ့ ခြေမှုန်းဖို့ စစ်ဆင်နေပါတယ်။

နယ်ခြားစောင့်တပ်ဟာ မြန်မာ့တပ်မတော်ရဲ့ လက်အောက်ခံအဖွဲ့အစည်းပါ။

အကျအဆုံး မသိရသေး

တနင်္ဂနွေနေ့က ဖြစ်တဲ့ တိုက်ပွဲတွေဆိုရင် လက်နက်ကြီးသံတွေကို အရင်နေ့တွေကထက် ပိုပြီးကြားရတယ် လို့ မြိုင်ကြီးငူမှာနေတဲ့ ဒေါ်နောင့်ပစ်ကပြောပါတယ်။

အင်အား ၁၀၀ အောက်ရှိတဲ့ မြိုင်ကြီးငူဒေသအခြေစိုက် ဗိုလ်ဘိဦးဆောင်တဲ့(DKBA)အဖွဲ့ဟာ အဲဒီ ဒေသအတွင်းမှာရှိတဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ပြီး BGF အဖွဲ့က သူတို့ကိုဘ၀င်မကျဖြစ်နေတာကတော့ အတော်လေးကြာနေပြီလို့ ကရင်နိုင်ငံရေးပါတီတခုရဲ့ခေါင်းဆောင်တဦးက ဆိုပါတယ်။

”ဒီနေရာကစစ်ရေးအရ၊ စီးပွားရေးအရ အချက်အခြာကျတယ်၊ ခုဆိုရင် ကရင်အဖွဲ့အစည်းတွေ အစိုးရနဲ့ အပစ်အခတ်ရပ်စဲလိုက်တဲ့နောက်ပိုင်းမှာ သယံဇာတတွေ ထွက်တဲ့ ဒီဒေသမှာ စီးပွားရေးလုပ်ကြဘို့ပဲ အာသီသရှိကြတော့တယ်။ BGF က ဒီဒေသမှာ(DKBA)ကို ဖယ်ထုတ်လိုက်ပြီး အစိုးရနဲ့ ပူပူနွေးနွေး အပစ်ခတ်ရပ်စဲ ထားတဲ့ KNU အဖွဲ့နဲ့ပဲ စီးပွားတွဲလုပ်ချင်လို့ဖြစ်တယ်။ ဒီအချိန်မှာ KNU ကပျိုဆိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတယ်လေ”
ဆိုပြီး သူ့ရဲ့ထင်မြင်ယူဆချက်ကိုပြောပါတယ်။

လောပူ၊ မဲဆိပ်၊ မီးဆိုင်း၊ ထီးကနဲ စတဲ့ မြိုင်ကြီးငူဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်တွေ အသေအပျောက်ရှိသလို ရွာသားအချို့လည်း ထိခိုက်မှု တွေရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ပြောပါတယ်၊
အခြေအနေတွေ ရှုတ်ထွေးနေဆဲဖြစ်တဲ့အတွက် ထိခိုက် ကျဆုံးမှုတွေကို စာရင်း အတိအကျမသိရသေးပါဘူး တဲ့။

ဝန်ကြီးဦးအောင်မင်း ဖြေရှင်းပေးခဲ့

ဒီဒေသမှာ မနှစ်ကလည်း BGF တပ်ဖွဲ့ဝင်တွေဆီကနေ လက်နက်အလက် ၄၀ လောက်ကို ဗိုလ်ဘိအဖွဲ့က သိမ်း ဆည်းခဲ့တဲ့အတွက် နှစ်ဘက်အကြား တင်းမာမှုတွေဖြစ်ခဲ့ပါသေးတယ်။

အဲဒီပြဿနာကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ၀င်ရောက်ညှိနှိုင်းဖြေရှင်းပေးခဲ့လို့ ပြေလည်မှုရရှိသွားကြပါတယ်။

အခုတခါတော့ ဦးအောင်မင်းတို့ နေပြည်တော်ဆီက ကြားဝင် ဖြေရှင်းတယ် ဆိုတဲ့ အနေအထားကို မတွေ့ရသေးပါ။

လတ်တလော တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသမှာဒေသခံတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရပြီး လုပ်ငန်းကိုင်ငန်းတွေကိုလည်း ရပ်နားထားရတယ်လို့ မြိုင်ကြီးငူမှာ ပရိဘောက လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဗိုလ်ဘိတို့ကို အပြုတ်တိုက်မလား

အခုဆိုရင် DKBA ကို တိုက်ဘို့အတွက် BGF စစ်ကူတွေ ထပ်ရောက်လာတာကိုကြည့်ခြင်းအားဖြင့် ဒီတကြိမ်မှာတော့ ဗိုလ်ဘိတို့အဖွဲ့ကို အပြုတ်တိုက်တော့မယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်၊
ဒေသခံတဦးပြောတာက ထွက်ပေါက်ပိတ်နေတဲ့ ဗိုလ်ဘိတို့အဖွဲ့ဆီကို DKBA ဌာနချုပ်က စစ်ကူတွေ မလာရင်တော့ အခက်အခဲတွေနဲ့ကြုံတွေ့ရတယ်နိုင်လို့ပြောပါတယ်။

BGF ဘက်က စစ်ဆင်ရေး ကွပ်ကဲသူများ
BGF ရဲ့ထိုးစစ်ကို မခံနိုင်ရင်တော့ ဗိုလ်ဘိတို့အဖွဲ့အနေနဲ့ ထွက်ပေါက်လမ်းကြောက KNU ရဲ့ တပ်မဟာ အမှတ် ၁ နဲ့ ၅ နယ်မြေတွေပဲ ရှိပါတယ်၊
အကယ်၍ အဲဒီတပ်မဟာတွေကသာ သူတို့ကို လက်မခံခဲ့ဘူး ဆိုရင် သူတို့အတွက် ပြဿနာရှိနိုင်တယ်လို့လည်း ကရင်အရေး ဆောင်ရွက်နေတဲ့ ခေါင်းဆောင်တဦးကပြောပါတယ်။

သူ့အဆိုအရ မြိုင်ကြီးငူက ဗိုလ်ဘိတို့အဖွဲ့ကို ကိုင်တွယ်တဲ့ကိစ္စမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တပ်မမှူးဖြစ်တဲ့ ဗိုလ်ချုပ်တင်မောင်ဝင်း ကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲနေပါတယ်။

စစ်ဆင်ရေးကိုတော့ (ကရင်နယ်ခြားစောင့်တပ်) အမှတ် ၃ တပ်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူက ဦးဆောင်နေတယ်လို့လည်း ပြောပါတယ်။

တပ်မှူးများ ဖုန်းပိတ်ထား

ကလို့ထူးဘော(ဒီကေဘီအေ)ဌာနချုပ်ကို မြိုင်ကြီးငူမှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက မေးမြန်းခဲ့ပါတယ်၊

”ဒီကိစ္စနဲ့ပတ်သက်ပြီး ကြားသိရပါတယ်။ လတ်တလော ဘာမှမပြောနိုင်သေးဘူးလို့” လို့ ထိပ်တန်းတပ်မှူးတဦးက ဆိုပါတယ်။

BGF တပ်ရင်းမှူးတွေ၊ တပ်မှူးတွေက သူတို့ရဲ့ တယ်လီဖုံးတွေ ပိတ်ထားကြပါတယ်။

DKBA ဌာနချုပ်က တစုံတရာ မှတ်ချက်မပေးသေးပေမယ့် နယ်စပ်မြ၀တီမြို့မှာနေထိုင်ကြတဲ့ ဒေသခံ အများအပြား စိတ်မသက်မသာဖြစ်နေကြပါတယ်၊

”တကယ်လို့ ဗိုလ်ဘိတို့အဖွဲ့ကို အပြတ်ရှင်းလိုက်မယ်ဆိုရင် DKBA ဌာနချုပ်က ဘယ်လိုလုပ်လက်ခံမှာလဲ၊ အဲဒါကိုမကျေနပ်လို့ မြ၀တီမြို့ကို တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်ဆိုပြီး မြို့ခံတွေ စိုးရိမ်နေကြတယ်” လို့ အဲဒီ အစိုးရ၀န်ထမ်းတဦးက ပြောပါတယ်။

အလားတူ ကော့ကရိတ်မြို့ခံတွေကလည်း မြိုင်ကြီးငူပဋိပက္ခရဲ့ အကျိုးဆက်အနေနဲ့ သူတို့မြို့ကို DKBA က ဗိုလ်ကျော်သက်တို့ဗိုလ်ဆန်းအောင်တို့
ဝင်ရောက်တိုက်ခိုက်မှာကို ကြောက်လန့်နေကြတယ်လို့လည်း မြ၀ တီ-ကော့ကရိတ် ခရီးသည်တင်ကားမောင်းတဲ့မြို့ခံတဦးက ဆိုပါတယ်။

ကလို့ထူးဘော(DKBA)အဖွဲ့ဟာ ကရင်ပြည်နယ် ၄ မြို့နယ်ဖြစ်တဲ့ လှိုင်းဘွဲ၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီတို့မှာ အဓိက အခြေစိုက်လှုပ်ရှားနေတာပါ။
ဌာနချုပ်ကိုတော့ မြ၀တီမြို့တောင်ဘက်မှာရှိတဲ့ ဝေါ်လေဒေသ ဆုံဆည်းမြိုင်ရွာမှာ အခြေစိုက်ပါတယ်။

ဗိုလ်ဘိတို့အဖွဲ့ KNU နယ်မြေထဲဆုတ်ခွာလာရင် လက်ခံမှာလားဆိုတဲ့ မေးခွန်းကို KNU တပ်မှူးကြီးတဦးက ..
”ဒီပဋိပက္ခနဲ့ပတ်သက်ပြီး လတ်တလော ဘာသဘောထားမှမပေးလိုဘူး”ဆိုပြီးပြန်ဖြေပါတယ်။

ဒီပြဿနာကိုကရင်ပြည်နယ်အစိုးရက ဘယ်လိုကိုင်တွယ်မှာလဲ ဆိုတာကိုတော့ ကရင်နိုင်ငံရေးပါတီတွေ၊ ကရင်အရေးဆောင်ရွက်နေတဲ့
NGO တွေ၊ လှိုင်းဘွဲ၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး နဲ့မြ၀တီမြို့နယ်ကဒေသခံတွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)

1 comment:

Unknown said...

ချစ်ကြပါ။ မတိုက်ကြပါနဲ့

Post a Comment