ondragstart="return false" onselectstart="return false"

Saturday, May 18, 2013

ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန် (၂)

The Rise and Fall of the Communist Party of Burma
(Bertil Lintner ရေး၍ ကျော်ဝင်း ဘာသာပြန်သည်။)

တရုတ်ပြည် အနေနှင့် ၁၉၈၁ ခုနှစ်ကပင် CPB ခေါင်းဆောင်များနှင့် အဆင့်မြင့်ကေဒါများကို ၄င်းတို့နိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် ရယူကြရန် စတင်ကမ်းလှမ်း ခဲ့ပါသည်။ အဆိုပါကမ်းလှမ်းချက်တွင် သင့်တင့်လျောက်ပတ်သော အစိုးရပင်စင်ပါပေးဖို့ အကျုံးဝင်သည်။ (ပေါလစ်ဗျူရို တစ်ယောက်လျှင် တစ်လ ရမ်မင်ပိ ၂၅၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၆၊ ဗဟိုကော်မတီ တစ်ယောက်လျှင် ရမ်မင်ပိ ၂၀၀ သို့မဟုတ် အမေရိကန် ဒေါ်လာ ၂၉၊ အခြား ဦးဆောင်ကေဒါများ အတွက် တစ်ယောက်တစ်လ ရမ်မင်ပိ ၁၈၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၂၆၊ သာမန်ပါတီဝင်များအတွက် တစ်ယောက်တစ်လ ရမ်မင်ပိ ၁၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၅ ပင်စင်လစာ ပေးဖို့ဖြစ်သည်။) အဆိုပါ ပင်စင်လစာအပြင် အိမ်တစ်လုံးနှင့် မြေတစ်ကွက်ပါ ပေးဦးမည်ဖြစ်သည်။ သို့တစေ အငြိမ်းစား CPB ကေဒါများ အနေနှင့် တရုတ်ပြည်တွင်းတွင်မူ မည်သည့်နိုင်ငံရေး လှုပ်ရှားမှုမျှ လုပ်ခွင့်မရှိဟု သတ်မှတ်ထားသည်။

ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်း တရုတ်ပြည်တွင် နေထိုင်ခဲ့ကြ၍ မော်စီတုန်းနှင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ကြဖူးသော ကွန်မြူနစ် လက်ဟောင်းကြီးများ အနေနှင့် တရုတ်ပြည်ကို ဘယ်တုန်းကမှ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်မှုမျိုး မလုပ်ကြသည့်တိုင် ဆိုခဲ့ပါ ကမ်းလှမ်းချက်ကို သစ္စာဖောက်မှု အဖြစ်သာ ကြည့်မြင်ခဲ့ကြသည်။ တရုတ်ပြည်ဘက်ကမူ ၁၉၈၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် နောက်တစ်ကြိမ် ထပ်မံ ကမ်းလှမ်းမှုများ လုပ်ခဲ့ကြပါသည်။ လူငယ်ပိုင်း အဆင့်ငယ် CPB ကေဒါ အချို့ကသာ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြပြီး ထိပ်ပိုင်းခေါင်းဆောင်များ ထဲကမူ တစ်ယောက်မျှ လက်မခံခဲ့ကြပါချေ။

၁၉၈၉ နှစ်ဦးတွင် တရုတ်တို့ဘက်မှ CPB ကို နောက်တစ်ကြိမ် ချဉ်းကပ်လာ ကြပြန်ပါသည်။ မြန်မာနှင့် နှစ်နိုင်ငံကုန်သွယ်ရေး ဖွင့်လှစ်နိုင်ရန် အတွက် CPB ခေါင်းဆောင်များ၊ ၄င်းတို့၏ တော်လှန်ရေးကို စွန့်ကာ တရုတ်ပြည်တွင် အငြိမ်းစားယူကြဖို့ ကြိုးပမ်းဆွဲဆောင် ခဲ့ကြခြင်းဖြစ်သည်။ ဘာအဖြေမှ မရခဲ့သော အဆိုပါ လိပ်ခဲတည်းလည်း အစည်းအဝေးကို ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပန်ဆန်းတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးမှာပင် ထိုစဉ်ကတည်းက အသက် ၇၅ နှစ်ရှိပြီဖြစ်သော CPB ဥက္ကဋ္ဌ သခင်ဗသိန်းတင်က ပထမဆုံးအကြိမ် တရုတ်တို့ကို ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောဆိုခဲ့ပါသည်။

ဆိုခဲ့ပါ လျှို့ဝှက်အစည်းအဝေးတွင် ပြောကြားခဲ့သော သူ၏မိန့်ခွန်းတွင် ယခုလို ရည်ညွှန်းပြောဆို သွားခဲ့သည်။ "ညီနောင်ပါတီနဲ့ ကျွန်တော်တို့ ဆက်ဆံရေးမှာ နားလည်မှုလွဲတာတွေ ရှိနေတယ်။ ကျွန်တော်တို့ကြားမှာ သဘောကွဲလွဲမှုတွေ ရှိရင်တောင်မှ ကျွန်တော်တို့ကတော့ တစ်ဦးရဲ့ကိစ္စ တစ်ဦး ဝင်မစွက်ဖက်ရေး ဆိုတဲ့မူကို လိုက်နာစောင့်ထိန်းပြီး အတူယှဉ်တွဲ နေကြမှာပါ။ ၁၉၈၁၊ ၁၉၈၅ နဲ့ ၁၉၈၈ တုန်းကလည်း ဒီအတိုင်းပဲ ကျွန်တော်တို့ ရပ်တည်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြန်လည် ပြင်ဆင်ရေးသမားတွေ မဖြစ်ချင်ဘူး ..." စသဖြင့် ...။ ပြောရလျှင် သူ့မိန့်ခွန်းမှာ တရုတ် ကွန်မြူနစ်များကို ပြန်လည်ပြင်ဆင်ရေး သမားများဟု စွပ်စွဲလိုက်သည့် သဘောပင်ဖြစ်သည်။ နယ်စပ်တစ်ဖက်မှ ကမ်းလှမ်းချက်ကို ဘယ်လိုမှ လက်မခံနိုင်ကြောင်း ငြင်းပယ်လိုက်သည့် သဘောလည်း ဖြစ်ပါသည်။

ဆိုခဲ့ပြီးသော လျှို့ဝှက်အစည်းအဝေး မှတ်တမ်းများကို ကျွန်တော့် အနေနှင့် တရုတ်ပြည်ရှိ တစ်ခါက CPB ထောက်ခံသူများထံမှ သိသလောက် သိခဲ့ပါသည်။ စိတ်ချဉ်ပေါက် နေကြသော CPB အောက်ခြေ တပ်သားထုအနေ နှင့် ခေါင်းဆောင်မှု အဟောင်းကို ပုန်ကန်ထကြွရန် ဘာကြောင့် ဘယ်လို အားတက်လာကြသည်ကို သူတို့က ရှင်းပြကြသည်။ အမှန်စင်စစ် တပ်တွင်း ပုန်ကန်မှုမှာ အစောပိုင်းကတည်းက ဖြစ်ဖို့ရှိသည်။ အောက်ခြေရဲဘော်များနှင့် ဒေသတပ်မှူးများ အနေနှင့် ဤသို့သော ပုန်ကန်ခြားနားမှုအပေါ် တရုတ်ပြည်မှ ဘယ်လိုတုံ့ပြန်လိမ့်မည် ဆိုသည်ကို မသေချာသော ကြောင့်သာ အချိန်ဆိုင်းနေကြခြင်း ဖြစ်သည်။ ထို့ထက် CPB ခေါင်းဆောင်ကြီး များမှာ တရုတ်ပြည်သို့ ဝင်လိုက်ထွက်လိုက် ရှိနေကြသလို တရုတ်အရာရှိကြီး များကလည်း နယ်စပ်သို့ မကြာခဏဆိုသလို ရောက်လာကြပြီး အဆိုပါခေါင်းဆောင်ကြီးများကို မှန်လုံ ဇိမ်ခံကားကြီးများဖြင့် ခေါ်သွားလေ့ ရှိကြသည်။ ဒါမျိုးတွေ အမြဲလို မြင်နေရတော့ တရုတ်တို့ သဘောထားကို အကဲဖမ်းဖို့ မလွယ်။ တစ်နည်း ဆိုရလျှင် ဒေသတွင်း နိုင်ငံရေး၏ အသိမ်အမွေ့နှင့် အရှုပ်အထွေးများကို CPB ကေဒါအများစုနှင့် တပ်မတော်သားများ၏ သဘောပေါက် နားလည်နိုင်စွမ်းဖြင့် လိုက်လို့မမီ ဖြစ်နေသောကြောင့်ဟု ဆိုရပါလိမ့်မည်။

၁၉၈၉ မတ်လ ၁၂ ရက်နေ့တွင် ဖြစ်ပါသည်။ မြန်မာပြည်ဘက်ခြမ်းတွင် ရှိသည့်တိုင် တရုတ်လူမျိုးစုများ အများစုနေထိုင်ကြသည့် CPB အခြေခံ ဒေသတစ်ခု ဖြစ်သော ကိုးကန့်မှ တပ်ဖွဲ့များသည် ပထမခြေလှမ်း စတင်လိုက်ပြီး CPB ၏ ခေါင်းဆောင်မှုကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက် ပါတော့သည်။ ဘိန်းအရောင်းအဝယ် လုပ်ငန်းတွင် ထဲထဲဝင်ဝင် ပတ်သက် နေသော ဒေသဆိုင်ရာ CPB တပ်မှူး တစ်ဦးဖြစ်သူ ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့များက ပါတီနှင့် လမ်းခွဲလိုက်ပြီး မုန်းကို ကို သိမ်းပိုက်လိုက်ကြသည်။ မုန်းကိုမှာ သံလွင်အနောက်ခြမ်းရှိ နယ်စပ် မြို့ဖြစ်ပြီး CPB ၏ အရေးကြီးသော အခြေခံဒေသ တစ်ခုဖြစ်သည်။ ကိုးကန့်ဒေသမှ စလိုက်သော အဆိုပါ တပ်တွင်းပုန်ကန်မှုမှာ ဝဒေသအပါ အဝင် တရုတ်နယ်စပ် တစ်လျှောက်ရှိ CPB အခြေခံဒေသ အားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့ သွားပါလေတော့သည်။ သည်လိုနှင့် နောက်ဆုံး ပန်ဆန်းကျသွားသော အခါ ပုန်ကန်သူများက ယခင်ပါတီ အသံလွှင့်ရုံကို သိမ်းပိုက်လိုက်ကြသည်။ ဧပြီလ ၁၈ ရက် အရောက်တွင် “ဗမာပြည် ကွန်မြူနစ်ပါတီ၏ ကျဉ်းမြောင်းသော လူမျိုးရေးပေါ်လစီများ” ဆိုသည့် ပထမဆုံး ရှုတ်ချပြစ်တင်သည့် အသံလွှင့်ချက် ထွက်ပေါ် လာပါသည်။ ဧပြီလ ၂၈ ရက် နေ့တွင်ကား ပိုမိုပြင်းထန်သည့် နောက်ထပ် အသံလွှင့်ချက် ထွက်ပေါ်လာတော့သည်။

"၁၉၇၉ မတိုင်ခင်က အခြေအနေဟာ ကောင်းခဲ့ပါတယ်။ အခုကော ဘယ်အနေအထား ဆိုက်နေပြီလဲ ...။ ဘာတိုးတက်မှုမှ မဖန်တီးနိုင်ခဲ့ပါဘူး။ ဘာ့ကြောင့်လဲ ...။ ကျွန်တော်တို့အမြင်ကို ပြောရရင် ခေါင်းဆောင် တချို့ဟာ အာဏာကို အသေဖက်တွယ် ထားကြလို့ပဲ။ မှားယွင်းတဲ့လမ်းစဉ်ကို ခေါင်းမာမာ ဆက်ကိုင်ထားကြလို့ပဲ။ ဒီလူတွေဟာ တကယ့်အရှိတရားနဲ့ ကင်းကွာနေကြတယ်။ ငါတကောဝါဒနဲ့ ဂိုဏ်းဂဏဝါဒကို ကျင့်သုံးနေကြ တယ်။ ပြည်တွင်းပြည်ပ အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ သရုပ်ခွဲ စိစစ်ဖို့ ပျက်ကွက်ကြတယ်။ တကယ့်အစစ်အမှန် ရုပ်အခြေအနေကို ဥပေက္ခာ ပြုထားကြတယ် ...။ သူတို့ဟာ ဝဒေသက လူထုကို လိမ်ညာခဲ့ကြတယ်။ လိမ်လုံးညာလုံးတွေ ဝါဒဖြန့်ချိရေး တွေနဲ့ ကျွန်တော်တို့ကို သူတို့ရဲ့ အယောင် ဆောင်တော်လှန်ရေးထဲ ဆွဲခေါ်ခဲ့ကြတယ်။ ... ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ ရန်သူကို ဗလာချီ အိုင်ဒီအိုလိုဂျီဆိုတာနဲ့ ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။ သဘောတရားနဲ့ လက်တွေ့မပေါင်းစပ်နိုင်တဲ့ စစ်ရေးနည်းနာ တွေနဲ့ ဘယ်လိုလုပ် အနိုင်တိုက်နိုင်မှာလဲ ...။ ကျွန်တော်တို့ ဝဒေသလူထု ကြီးဟာ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ ဘယ်ကျူးကျော်ရေး တပ်ဖွဲ့ကိုမှ လက်ညှိုးထောင် ခေါင်းညိတ် မလုပ်ဘူး။ အလိုလိုက် အကြိုက်မဆောင်ဘူး။ ယဉ်ကျေးမှုအရာနဲ့ စာပေအရာမှာ ကျွန်တော်တို့ဟာ ဆင်းရဲပါတယ်။ ခေတ်နောက်ကျပါတယ်။ ဒါပေမဲ့ သန္နိဋ္ဌာန်တော့ သိပ်ခိုင်တယ်။ ... အတိတ်က ကာလတစ်ခုမှာ ဗကပထဲက စိတ်ယုတ်၊ စိတ်ပုတ်ရှိတဲ့ သူတစ်ဦးရဲ့ အာဏာလုပွဲနောက် လိုက်ခဲ့ရတဲ့ ကျွန်တော်တို့ ဝဒေသ ပြည်သူလူထုကြီးရဲ့ ဘဝတွေ ဘာတွေဖြစ်ခဲ့ရပါသလဲ ...။ သိပ်ကို ကြမ်းတမ်း ခက်ထန်ခဲ့ရတယ်။ အခွန်အကောက်တွေ တိုးကောက်ပြန်တော့ လူထုအတွက် ဝန်ထုပ်ဝန်ပိုးဟာ ပိုလေးလံ ကြီးမားခဲ့ရတယ်။ သိပ်ကိုအန္တရာယ်ကြီးတဲ့ အခက်အခဲတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ကြရတယ်။ ဒီလိုအနေအထားမျိုးမှာ လူထုအနေနဲ့ ပုန်ကန်ထကြွမှုအခြေအနေတစ်ခုကို ဘယ်မှာ ရှောင်လို့ရတော့မှာလဲ ...။

အဆိုပါ အသံလွှင့်ချက်တွင် ပါသော “စိတ်ယုတ် စိတ်ပုတ်ရှိတဲ့လူ တစ်ဦး” ဆိုသည်မှာ ဘယ်သူ့ကို ဆိုလိုမှန်း မသေချာပါ။ သေချာသည့် အချက်ကို ဆိုရလျှင် ကိုးကန့်ပုန်ကန်မှု စတင်ပြီး တစ်လအတွင်း မှာပင် ဗမာ ပြည်ကွန်မြူနစ်ပါတီမှာ အလားအလာရှိသော အတိုက်အခံအင်အားစု တစ်ခု အဖြစ်မှ ရပ်စဲသွားခဲ့ပြီ ဖြစ်ပါသည်။ ရန်ကုန်မြို့တော်ခန်းမနှင့် မနီးမဝေး ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံလမ်း) ပေါ်ရှိ တိုက်ခန်းငယ်လေး တစ်ခု တွင် မြန်မာပညာတတ် လူငယ်တစ်စု စတင်ဖွဲ့စည်းပြီး နှစ်ပေါင်း ၅၀ နီးပါးမျှ အကြာ ...၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး တစ်နှစ်အတွင်း မှာပင် ထိုစဉ်က (ဖဆပလ) အစိုးရကို လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ် အပြီး ၄၁ နှစ်အကြာ ...၊ ဤကာလမှာပင် CPB မှာ သမိုင်းထဲသို့ စတင် တိုးဝင်သွားခဲ့ပြီ ဖြစ်ပါသည်။

များသောအားဖြင့် အသက်အရွယ် ကြီးရင့်လှပြီဖြစ်သော မြန်မာ ကွန်မြူနစ်များနှင့် သူတို့၏ မိသားစုများမှာ (အားလုံးပေါင်း ၃၀၀ ခန့်ရှိသည်) တရုတ်ပြည်မှာပင် အဝေးရောက်များ အဖြစ် ဘဝနေညိုချိန်ကို ဖြတ်သန်းရ ပေတော့မည်။ ခေါင်းဆောင်အများစုမှာ ကူမင်းမှာပင် အငြိမ်းစား ဘဝဖြင့် နေထိုင်ခဲ့ကြပြီး သူတို့ထဲမှ တော်တော်များများမှာ ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းနှင့် ၂၀၀၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းတွင် ကွယ်လွန်ခဲ့ကြပြီ ဖြစ်ပါသည်။ ပါတီ၏ ဝါအရင့်ဆုံး ခေါင်းဆောင်နှစ်ဦးဖြစ်သော ဥက္ကဋ္ဌ သခင်ဗသိန်းတင်နှင့် ၁၉၄၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းက ပျဉ်းမနားလယ်သမား သူပုန်ကို ဦးဆောင်ခဲ့သော ရဲဘော်ရဲထွန်းတို့မှာ ဟူနန်ပြည်နယ်တွင် သီးခြား နေခဲ့ရသည်။ သခင်ဗသိန်းတင်မှာ ဟူနန်မှာပင် ၁၉၉၈ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီး ရဲဘော်ရဲထွန်းမှာ ၁၉၉၉ ခုနှစ်က ကွယ်လွန်သွားခဲ့ပါသည်။ (ရဲဘော် ရဲထွန်း က သခင်ဗသိန်းတင်ထက် ၂ နှစ် ပိုကြီးပါသေးသည်။) အချို့သော လူငယ်ကေဒါ များမှာမူ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ထိန်ချုန်း၊ ရွှေလီ စသောမြို့များတွင် ကုန်သည်လေးများအဖြစ် ရပ်တည်နေကြရ ပါသည်။ အချို့ကမူ မြန်မာပြည်မရှိ မွေးရပ်ဇာတိသို့ ပြန်သွားခဲ့ကြပြီ ဖြစ်သည်။

https://www.facebook.com/photo.php?fbid=575115712508692&set=a.164790403541227.32157.158797964140471&type=1&relevant_count=1

ဆက်လက်ဖေါ်ပြပါမည်။

No comments:

Post a Comment