ondragstart="return false" onselectstart="return false"

Sunday, May 5, 2013

ဘယ်သူ့ အတွက် စစ်တိုက်ကြမှာလဲ

ယနေ့ (မေလ ၅ ရက်) တွင် ထုတ်ဝေသည့် The Daily Eleven Newspaper ၏ အယ်ဒီတာ့ အာဘော် . . .

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အောက်ဘက် ၂၉ မိုင်အကွာတွင် တည်ဆောက်ရန်ရှိသော ဟက်ကြီးရေကာတာ ရေအားလျှပ်စစ်စီမံကိန်း အတွက် တိုးတက်သော ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA) တပ်စခန်းများကို ရွှေ့ပြောင်းရန် တပ်မတော်က အကြောင်းကြားခဲ့သည့်အတွက် တင်းမာမှုများဖြစ်ပေါ်နေသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

အဆိုပါ ဟက်ကြီးစီမံကိန်းကို မြန်မာဘက်မှ IGE၊ ရွှေတောင်၊ Goldwater Resources Ltd၊ ထိုင်း EGTA စသည်တို့နှင့်အတူ တရုတ်ကုမ္ပဏီငါးခုက ပူးပေါင်းလုပ်ဆောင်ကြမည်ဟု သိရှိရသည်။ IGE ကုမ္ပဏီသည် အာဏာရပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံအဖွဲ့ဝင် ဦးအောင်သောင်း၏သား ပိုင်ဆိုင်သောကုမ္ပဏီဖြစ်သည်။

ထို့အတူ ရွှေတောင်ကုမ္ပဏီသည်လည်း သမ္မတ၏ အရေးပါသောဝန်ကြီးတစ်ဦးဖြစ်သည့် သမ္မတရုံး ၀န်ကြီးဦးစိုးသိန်းနှင့် နီးစပ်မှုရှိသောကုမ္ပဏီဖြစ်သည်။
ကရင်ပြည်နယ်အတွင်းရှိ ယင်းစီမံကိန်းဧရိယာအတွက် DKBA နှင့် တပ်မတော်အကြား တင်းမာမှုများမှတစ်ဆင့် ထိပ်တိုက် တွေ့ဆုံတိုက်ပွဲဖြစ်ပွားမှုများကို မလိုလားပါ။

ဤအခြေအနေတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက ကချင်ပြည်နယ်တွင် တာပိန်ရေအားလျှပ်စစ်စီမံကိန်း လုံခြုံရေးနှင့် ပတ်သက်ပြီး အစပြုခဲ့ရာမှ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်က သတိပြုစရာဖြစ်နေသည်။

တာပိန်စီမံကိန်းသည် မြစ်ဆုံစီမံကိန်း၏ ရှေ့ပြေးဖြစ်ပါသည်။ ထိုကာလက ဧရာဝတီမြစ်ဆုံတွင် တရုတ် CPI ကုမ္ပဏီနှင့် အေးရှားဝေါကုမ္ပဏီတို့၏ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်နေချိန်ဖြစ်သည်။

အေးရှားဝေါသည် ယခင် ဒုတိယ သမ္မတ သီဟသူရတင်အောင်မြင့်ဦးနှင့် နီးစပ်ပတ်သက်သော ကုမ္ပဏီဖြစ်သည်။ နောက်ဆုံးတွင် စစ်ပွဲများကြောင့် ဒေသခံ တိုင်းရင်းသားများမှာ နေအိမ်များစွန့်ခွာ၍ ဒုက္ခသည်စခန်းများတွင် ယခုအထိ နေနေရဆဲဖြစ်သည်။ ဒေသခံများ၊ တပ်မတော်သားများ၊ KIA မှ တိုင်းရင်းသားတပ်ဖွဲ့ဝင်များ၏ အသက်ပေါင်းများစွာ စတေးခဲ့ရသည်။

ယခုလည်း ကရင်ပြည်နယ်အတွင်းရှိ ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းအတွက် တင်းမာမှုများရှိလာခဲ့ရာ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကဲ့သို့ တိုင်းရင်းသားများနှင့် တပ်မတော်အကြား ပဋိပက္ခများ မဖြစ်ရန်အတွက် နှစ်ဦးနှစ်ဖက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် လိုမည်ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများအတွက် တိုက်ပွဲများ ဖြစ်ပွားရမည်ဆိုပါက မည်သူ့အကျိုးစီးပွားအတွက် စစ်တိုက်ကြမည်နည်းဟု The Daily Eleven သတင်းစာမှ မေးခွန်းထုတ်လိုက်ပါသည်။

No comments:

Post a Comment