ondragstart="return false" onselectstart="return false"

Thursday, May 9, 2013

RCSS/SSA နှင့် အစိုးရတပ်များ နေကုန် တိုက်ပွဲဖြစ်၊ ကျဆုံးမှုများ ရှိ


ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၃၃ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS/SSA တပ်များအကြား ယနေ့ နံနက် ၄ နာရီမှာ စတင် မွန်းလွဲပိုင်းထိ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု RCSS/SSA
နှင့် ဒေသခံများက ပြောသည်။

တရုတ်နယ်စပ် ရွှေလီမြစ် မြောက်ပိုင်း နမ်းခမ်းမြို့နယ်၊ နောင်မ ကျေးရွာအုပ်စုရှိ SSA ၏ ၇၀၁ စခန်းသို့ အစိုးရတပ်ရင်း ခလရ ၁၄၅ တပ်ဖွဲ့များမှ လက်နက်ကြီးဖြင့် ပစ်ခတ်လာ၍ တိုက်ပွဲများ အပြန်အလှန်ဖြစ်ပွားခဲ့ရကြောင်း SSA က ဆိုသည်။

“အစိုးရနဲ့ အပစ်အခတ် ရပ်စဲတဲ့အခြေအနေမှာ အစိုးရဘက်က ခလရ ၁၄၅ တပ်ဖွဲ့ အင်အား ၁၀၀ ကျော်နဲ့ ကျနော်တို့ တပ်စခန်းကို လက်နက်ကြီးနဲ့ ဝင်ပစ်ပြီးတော့ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ခုထိ သေနတ်သံ ကြားနေရတုန်းပဲလို့ ကျနော်တို့ကို ရှေ့တန်းစစ်မျက်နှာပြင်ကနေ သတင်းပို့ထားပါတယ်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

တိုက်ပွဲဖြစ်ရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ “ကျနော်တို့ အဲဒီဒေသတဝိုက်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး
လုပ်ငန်းတွေ ပြည်သူနဲ့အတူ လက်တွဲပြီးတော့ အကြီးအကျယ်လုပ်နေပါတယ်။ အဲဒီဒေသတဝိုက်မှာ မူးယစ်ဆေးဝါး ကုန်ကူးနေတဲ့အဖွဲ့တွေ အများကြီးရှိပါတယ်။ သူတို့က မလိုလားလို့ တိုင်တန်းထားသလား တခုခု လုပ်ထားသလား မသိပါဘူး။ ကျနော်တို့နဲ့ အစိုးရအကြားတော့ ဘာမှ ပြဿနာမှ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ထိုတိုက်ပွဲမှာ အစိုးရလက်အောက်ခံ ပန်းဆေး ဦးကျော်မြင့်၏ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ပတ်သက် ဆက်နွယ်နေသည်ဟု ၎င်းက ယူဆသည်။

မွန်းလွဲပိုင်း ၃ နာရီချိန်ထိ လက်နက်ကြီး သံကြားနေရပြီး နမ်းခမ်းမြို့ပေါ်သို့ စစ်ပြေးဒုက္ခသည်များ ရောက်ရှိလာနေသည်
ဟု နမ်းခမ်းမြို့ခံ တဦးက မဇ္စျိမကို ပြောသည်။ တချို့က တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသော်လည်း လူဦးရေကို မသိရသေးပေ။

“အခု အိမ်ကနေတော့ သေနတ်သံတွေ ကြားနေရတုန်းပဲ။ ဒီနမ်းခမ်းမှာတော့ ၇ ဦး ရောက်လာတယ်။ နမ်းခမ်းအနီးမှာပဲ ဆိုတော့ ဒီမြို့ပေါ်ကို ဆွေးမျိုးအိမ်တွေမှာ လာကြတယ်။ တရုတ်ဘက်လည်း ထွက်ပြေးတာတွေ ရှိတယ်” ဟု နမ်းခမ်းမြို့
မှ ဘာသာရေးဆရာတဦးက ပြောသည်။

ဒဏ်ရာရသူ အစိုးရတပ်မှ ၇ ဦး နမ့်ခမ်းဆေးရုံသို့ ရောက်ရှိလာပြီး ၃ ဦးကို မူဆယ်ဆေးရုံတွင် ခွဲစိပ်ကုသမှု ပြုလုပ်နေ
သည်ဟု မူဆယ်ဆေးရုံနှင့် နီးစပ်သူတဦးက ပြောသည်။

တိုက်ပွဲကြောင့် နောင်မ ကျေးရွာအုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စသည့် ရွာများမှ ဒေသခံများ တရုတ်နိုင်ငံ
နောင်တောင်းဘက် ထွက်ပြေးတိမ်းရှောင်နေကြောင်း ရွာအုပ်ချုပ်ရေးမှူး အိုက်ယီ့လုံ က ရှမ်းသံတော်ဆင့်သတင်းဌာန
ကို ပြောဆိုထားသည်။

“အဲဒီနေရာက စီးပွားရေးသမားတွေ ဝင်ဝင်ထွက်ထွက် လုပ်တဲ့လူတွေအတွက် ဝင်ငွေကောက်လို့ ရတဲ့နေရာဖြစ်လို့ အစိုးရက အဲဒီနေရာကို ပြန်လိုချင်လို့ လာတိုက်ခိုက်တဲ့သဘော ဖြစ်နေတယ်” ဟု လေ့လာသူတဦးက သုံးသပ်သည်။

RCSS/SSA ကမူ ယခုကဲ့သို့ အစိုးရဘက်မှ တိုက်ခိုက်လာနေခြင်းကို ၎င်းတို့ဘက်မှ နားမလည်နိုင်ကြောင်း စိုင်းလောဝ်ဆိုင်း က ဆက်ပြောသည်။

“အစိုးရနဲ့ တပ်မတော်က တဖွဲ့ထဲ မဟုတ်ဘူးလား တဖွဲ့ထဲ ဖြစ်တယ်ဆိုရင်တော့ ဘာဖြစ်လို့ အစိုးရက တမျိုး၊ တပ်မတော်က တမျိုးဖြစ်နေလဲ ဆိုတာ ကျနော်တို့ နားမလည်ဘူး။ ဒါဟာ တမင်သက်သက် အကွက်ထွင်ပြီးတော့ တိုင်းရင်းသားတွေကို စစ်ရေးအရ ဖိအားပေးနေတာလား။ နိုင်ငံရေးဆွေးနွေးပွဲမှာ စကားမပြောနိုင်အောင် သူတို့လိုချင် ပုံစံကို သွတ်သွင်းနေတာလား” ဟု စိုင်းလောဝ်ဆိုင်း က ပြောသည်။

အစိုးရ ဘက်မှ ၁၀ ဦးထက်မနည်း ကျဆုံးမှု ရှိနေပြီး RCSS ဘက်မှ ရဲဘော် တဦး ကျဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။ သို့သော် မဇ္ဈိမမှ သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အထင်ကရ ပုဂ္ဂိုလ်များ၏ ဓါတ်ပုံများ လိုက်လံ ရောင်းချ
နေသော အစိုးရ၏ ထောက်လှမ်းရေးဟု ယူဆရသည့် လူ ၄ ဦး ဧပြီလက ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍ RCSS က ဖမ်းဆီးထားသည်ဟု စွပ်စွဲကာ ၎င်းတို့၏ ၇၀၁ လက်အောက် တင်းခါး စခန်းအား အစိုးရဘက်မှ မီးရှုံ့ဖျက်ဆီးခဲ့သည်ဟု ဗိုလ်မှူး စိုင်းလောဝ်စိုင်း က ပြောသည်။

မေလ ၆ ရက်နေ့က ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းထံ စာပေးပို့ခဲ့ရာ ယနေ့ထိ မည်သို့အကြောင်းပြန်လာခြင်း မရှိခဲ့ကြောင်း စိုင်းလောဝ်ဆိုင်း က ပြောသည်။

၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့က အစိုးရနှင့် RCSS/SSA တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရခဲ့ပြီးနောက် RCSS က ပြည်သူလူထုနှင့် ပူးပေါင်းကာ ရှမ်းပြည်နယ်တောင်ပိုင်း နမ်းခမ်း၊ ကျောက်မဲ၊ လင်းခေး၊ မိုင်းပန်၊ မိုးနဲ၊ ကွန်ဟိန်း၊ လဲချား၊ ပင်လုံ၊ မိုင်းကိုင်၊ နမ့်ဆန်၊ ကျဲသီး စသည့် မြို့နယ် အများအပြားတွင် မူးယစ်ဆေးဝါး တိုက်ခိုက်
နှိမ်နင်းမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
http://www.mizzimaburmese.com/news/inside-burma/11553-rcssssa------.html

No comments:

Post a Comment