ondragstart="return false" onselectstart="return false"

Saturday, May 11, 2013

SSA (S) စခန်း အစိုးရသိမ်းပိုက်

နိုင်ကွန်းအိန်
10.05.2013

စစ်ရေးအခြေအနေတင်းမာနေတဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် ခေါ် ရှမ်းပြည် ပြန်လည်တည်ထောင်ရေး ကောင်စီတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားတဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်ကနေ နမ့်ခမ်းမြို့နယ်ထဲက ရှမ်းပြည်တပ်မတော်စစ်စခန်းတခုကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ရှမ်းပြည်တပ်မတော်အရာရှိတွေက ပြောပါတယ်။ ဒီတိုက်ပွဲနဲ့တချိန်ထဲမှာပဲ တရုတ်နယ်စပ်အနီးက မန်ဟီးရိုးတိုက်ပွဲမှာ ဒေသခံရွာသားတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး နေရတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

အခုမြန်မာစစ်တပ်က သိမ်းပိုက်လိုက်တဲ့စခန်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက (၇၀၁) တပ်စခန်းပဲ ဖြစ်ပါတယ်။ သောကြာနေ့မနက် အစောပိုင်းလောက်က မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားရာကနေ အခြေချစခန်းကို လက်လွှတ်လိုက်ရတယ်လို့ တောင်ပိုင်းရှမ်းပြည် တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောပါတယ်။

“ညနေပိုင်း ၃ နာရီအချိန်ပိုင်းလောက်မှာ ကျနော်တို့ ဆုတ်ပေးလိုက်ပါပြီ။ အင်အားချင်း မမျှတော့ဘူး။ သူတို့ကတော့ အဲဒီ နောင်မ ကျေးရွာအုပ်စုထဲဝင်သွားပြီ။ တပ်စခန်းတွေ မရှိတော့ဘူးဆိုရင်လည်း ကျနော်တို့ ပျောက်ကျားပုံသဏ္ဍာန်နဲ့ ဆက်ပြီးတော့လှုပ်ရှားမယ်လို့၊ ကျနော်တို့တပ်သားတွေကတော့ အဲဒီလိုအစီရင်ခံထားပါတယ်။ အခြေအနေကတော့ တင်းမာပါတယ်။”
ဒီတိုက်ပွဲတွေကြောင့် နောင်မကျေးရွာအုပ်စုက ကျေးရွာ ၁၉ ရွာက ရွာသားတွေ စစ်ဘေးတိမ်းရှောင်နေ ရတယ်လို့လည်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောပါတယ်။
“နောင်မတာကျေးရွာအုပ်စုမှာဆိုရင် ၁၉ ရွာရှိပါတယ်။ ရွာတွေအားလုံးတော့ လူတွေမရှိသလောက် ဖြစ်ကုန်ပါပြီ။ နမ့်ခမ်းမြို့နယ်ထဲမှာ ၀င်ပြီးခိုလှုံနေကြပါတယ်။ တချို့က ဘုန်ကြီးကျောင်းမှာ။ တချို့ အမျိုးတော်တဲ့အိမ်မှာ မှီခိုနေကြပါတယ်။ တချို့ဆိုလည်း တရုတ်ပြည်ဘက်ကို တရားမ၀င်တဲ့ အပေါက်ကနေ သွားကြပါတယ်။ လူပေါင်း ထောင်ချီပြီးတော့ တိမ်းရှောင်နေကြပါတယ်။”

တချိန်ထဲမှာပဲ မူဆယ်မြို့နယ် မန်ဟီးရိုးဒေသမှာလည်း တောင်ပိုင်းရှမ်းပြည်တပ်မတော် တပ်ရင်း (၇၀၁) တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ဟာ မနေ့က ညလုံးပေါက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ တရုတ် နယ်စပ်နဲ့ကပ်လျှက် မန်ဟီးရိုးတိုက်ပွဲမှာတော့ ဒေသခံရွာသားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ နမ့်ခမ်း ဒေသခံတဦးက အခုလိုပြောပါတယ်။

“(၇၀၁) တပ်ရင်းပါ။ လက်ကျန်အဖွဲ့တွေပေါ့။ မန်ဟီးရိုးနားမှာတော့ တညလုံးတိုက်ပွဲဖြစ်နေတယ်။ မူဆယ်နားကလေ။ ဒီ မန်ဟီရိုးတိုက်ပွဲကျတော့ နောင်းမတာဘက် ငြိမ်သွားပြီးနောက်ပိုင်း မန်ဟီရိုးဘက်ပြန်စတယ်။ တိုက်ပွဲပြန် ပြင်းထန်တယ်။ တညလုံး ပစ်ကြတယ်။ အဲဒီမှာကျတော့ ရွာသား ၆ ယောက် ကျည်ထိပြီးတော့ သေဆုံးသွားတယ်လို့ ကြားရတယ်။ အဲဒီဘက်က ရွာသားတွေကတော့ တရုတ်ပြည်နဲ့ ခြံစည်းရိုးပဲ ခြားထားတယ်ဆိုတော့ တရုတ်ပြည်ထဲ ပြေးဝင်ကြတယ်။ တရုတ်ပြည်ဘက် လူနာတင်ကားတွေကလည်း မနေ့ညတုန်းက လူနာတွေကို လာသယ်ပေးကြတယ်။ လူနာတင်ကားတွေ ရှုပ်နေတာပဲ။”

မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေနဲ့ ပက်သက်လို့ မြန်မာအစိုးရရဲ့ ပြန်ကြားရေးဌာနကို ဆက်သွယ်ခဲ့ပေမဲ့လည်း အဆက်အသွယ်မရရှိခဲ့ပါဘူး။
ဒီလိုဖြစ်တဲ့တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကိုဖြတ်ကူးတဲ့ ကူးတို့ဆိပ်ပိတ်ထားသလို၊ နမ့်ခမ်းမြို့မှာလည်း စိုးရိမ်ပူပန်မှုရှိနေကြတယ်လို့ နမ့်ခမ်း ဒေသခံတဦးက ဆိုပါတယ်။
“ကူတို့ဆိပ်တွေ အကုန်လုံးပိတ်ထားတယ်။ နမ့်ခမ်းမြို့မှာတော့ ဟင်းသီးဟင်းရွက်လာရောင်းတဲ့ သူလည်း မရှိဘူး။ နမ့်ခမ်းမှာတော့ ခြောက်ကပ်သွားတယ်။ အိမ်တိုင်းလိုလို တံခါးပိတ်ထားတယ်။ လူသွားလူလာမရှိဘူး။ ကြောက်နေကြတယ် အားလုံးက။”

တိုက်ပွဲကြောင့် တရုတ်နိုင်ငံ နောင်တောင်းမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ အတွက် များသောအားဖြင့် ကူညီထောက်ပံ့မှု အားနည်းနေသေးသလို၊ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီမှာ ခိုလှုံနေကြရပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေမှာပဲ၊ ၀န်ကြီးဦးသိန်းဇော် ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီ အဖွဲ့တွေဟာ မနေ့က မိုင်းလားတပ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို ဆွေးနွေးနေသလို၊ ၀သွေးစည်းညီညွတ်ရေးတပ်ဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီနဲ့လည်း ဒီရက်ပိုင်းတွေမှာ ဆွေးနွေးသွားဖို့အစီအစဉ် ရှိနေပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့လည်း ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရနဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။

“အစိုးရက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့နည်းလမ်းဖွင့်ပေးတယ် ဆိုရင်တော့ ကျနော်တို့ကတော့ ဟထားတဲ့တံခါးကနေ ၀င်ကြည့်မှာပဲ။ ဆွေးနွေးနိုင်သလောက် ဆွေးနွေးသွားမယ်။ အစိုးရက ငြိမ်းချမ်းရေးပျက်ပြယ်သွားပြီလို့ မကြေညာသရွေ့တော့ ကျနော်တို့ ဆက်ဆွေးနွေးသွားမှာပါ။”

တောင်ပိုင်းရှမ်းပြည်တပ်မတော် ခေါ် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ အဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီတွေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပေမဲ့လည်း၊ ဒေသတွင်းမှာတော့ မြန်မာစစ်တပ်ကနေ နယ်မြေစိုးမိုးရေး ထိုးစစ်ဆင်မှုပြုလုပ်နေတဲ့အတွက် နှစ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုဟာ အကြိမ် ၈၀ လောက် ရှိနေတယ်လို့လည်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောပါတယ်။
http://burmese.voanews.com/content/shan-state-fighting-05-10-13/1658411.html

No comments:

Post a Comment