ondragstart="return false" onselectstart="return false"

Tuesday, May 14, 2013

ဦးခင်ညွန့် ပြောပါသည်

အီးမေးမှတဆင့်လက်ခံရရှိပါသည်။

ဦးခင်ညွန့်က ပြောပါသည်။

- အသက်ကြီးပါပြီ နိုင်ငံရေးမလုပ်တော့ပါဘူးတဲ့
- ဒုက္ခရောက်နေတဲ့ တပည့်သားချင်းတွေကို စောင့်ရှောက်မယ်တဲ့
- လူမူရေးနဲ့ ဘာသာရေးလုပ်ငန်းတွေပဲ ဆောင်ရွက်မယ်တဲ့
- တရားသဘောကို ကောင်းကောင်း သဘောပေါက်နေပြီတဲ့
- အိမ်ကသစ်ခွခြံက မီးဖိုချောင်စရိတ်တဲ့

အဲဒီတုန်းက ဂျာနယ်တွေ သွက်သွက်ခါအောင် အရောင်းသွက်၊ Facebook မှာလည်း ဖလမ်းဖလမ်းကို ထခဲ့တယ် ဆိုပါတော့။ ဒါပေမဲ့ အပေါင်းလက္ခဏာမပါတဲ့ လူထုရဲ့ တုန့်ြ့ပန်သံများကိုလည်း အားရပါးရ ကြားမိပါသည်။

ဦခင်ညွန့်က ထပ်ပြောပါသည်။

- အများဆန္ဒနဲ့အညီ မဲပေးခဲ့ပါသည်တဲ့

နေ့ချင်းညချင်း အပြောင်းအလဲ မြန်ဆန်လွန်းပါဘိ။ နှစ်ပေါင်းများစွာ သူ တွင်တွင်ပြောခဲ့တဲ့ ယုံကြည်ချက်တွေ ခံယူချက်တွေ နိုင်ငံရေးစကားလုံးတွေ ဘယ်နားသွားထားခဲ့လဲ မသိ။ တော်သေးတာပေါ့ ။ သူ့ခမျာ နိုင်ငံ၏အဆင့်မြင့်ဆုံး တတိယလူနေရာက ဗိုလ်ချုပ်ကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပေလို့ ။ သြော်မေ့နေလို့ မဆလ ၊ နဝတ ၊ နယက (၃) ခုလုံးမှာ အရေးပါ အရာရောက်ခဲ့ သူ ဆိုလို့ သူတစ်ယောက်ပဲရှိတာ၊ ဦသန်းရွှေတောင် အဲဒီအခွင့်အရေး မရှိခဲ့ဘူး။

ဦးခင်ညွန့်က ထပ်ပြောပါသည်။

- အမျိုးသားနိုင်ငံရေးပဲ လုပ်တော့မယ်တဲ့

“ဝုန်း” ဆိုပြီး မီဒီယာရေပြင်ကြီးပေါ် အနူမြူဗုံးတစ်လုံး ကျရောက်ပေါက်ကွဲပါသည်။ သူဖွင့်ဆိုခဲ့တဲ့ အမျိုးသားနိုင်ငံရေး၏ အဓိပ္ပါယ်ကို နှစ်ချီသင်ခန်းစာ ရဖူးသူများက ကောင်းကောင်း သဘောပေါက်ကြသည်။ ဒီမိုကရေစီခရီးကို အားကြိုးမာန်တက် ကျရာနေရာများမှ ပါဝင်နေသော နိုင်ငံရေးအင်အားစုများမှ အချို့ကပင် ပေါ်ပေါ်ထင်ထင် တားယူရသည့်အဖြစ်။ ထုံစံအတိုင်း လူထုရဲ့တုန့်ပြန်သံများ အားရပါးရ။ ဒီတစ်ခါလည်း ရာဇဝင်သမိုင်းထဲက “ဇ” ရှိခဲ့သော မီဒီယာလက်ကိုင်ဒုတ်များ၏ ထောက်လှမ်းရေးမှူးချုပ်ကြီး တစ်ဖြစ်လဲသူအတွက် Public Lobby အရေးကိစ္စ မအောင်မြင်ခဲ့ပါ။

အခု ဦးခင်ညွန့်က ထပ်ပြောပြန်ပါပြီ။

- အေးချမ်းသည့်ဘဝကို ထူထောင်လိုခြင်း၊ အနုပညာရှင်များ၏ ဘဝကို ထောက်ပံ့ပေးလိုခြင်း စသည့် ရည်ရွယ်ချက်နှစ်ချက်ဖြင့် သူ့၏နေအိမ်တွင် နဝဒေးအနုပညာပြခန်း၊ နဝဒေး ဆိုဗီနီယာကော်နာ၊ နဝဒေးကော်ဖီကော်နာ အမည်တွင်သောဆိုင် ဖွင့်ပြီတဲ့........

ထိုအတွက်လည်း ထောက်လှမ်းရေးအဖွဲ့အစည်းနှင့် ရာဇဝင်သမိုင်းရှိခဲ့သော The Voice က ပေါ်ပေါ်ထင်ထင် ရှေ့ထွက်၍ ဦခင်ညွန့်အတွက် ခပ်ပါးပါး Lobby အား ဆိုင်သစ်ဖွင့်ပွဲနှင့်အတူ အရောက်ပို့လိုက်ပြန်ပါပြီ။ ဘာတဲ့....

- တစ်ချိန်က တံခါးအထပ်ထပ်ဖြတ် အစစ်ဆေးခံဝင်ရသော ထိပ်သီးဗိုလ်ချုပ်ကြီး၏ နေအိမ်မှာ ယခုအခါ လူအများဝင်ထွက်နိုင်သော နေရာအဖြစ် အသွင်ပြောင်းလိုက်ပြီ တဲ့။
- အစောင့်တစ်ဦးမျှ မရှိတော့သော ခြံတံခါးအလွန် သစ်ခွတောအတွင်း မေလ (၁၁) ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည့် အနုပညာပြခန်း၊ အမှတ်တရပစ္စည်း ကော်နာ၊ ကော်ဖီကော်နာ တို့သည် လူတိုင်းအတွက် ဖြစ်သွားပေပြီတဲ့။
- နေအိမ်အကျယ်ချုပ် ကျနေစဉ် ခုနစ်နှစ်အတွင်း မီးဖိုချောင်စရိတ် ရှာပေးခဲ့သည် ဆိုသော သစ်ခွခြံအတွင်း အဆောက်အအုံ လေးခုခန့် ငါးလအတွင်း အပြီး တည်ဆောက်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် စတင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်တဲ့။
- တစ်ချိန်က သူ၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ယခုသမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် ဇန်နဝါရီက ပေးသော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ဦးခင်ညွန့်သည် အာဏာကိစ္စများ၊ နိုင်ငံရေးကိစ္စများ ဝင်မပါတော့ဘဲ အေးချမ်းစွာ နေထိုင်တော့မည် ဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုထားပြီးဖြစ်သည်တဲ့။
- ကျီးကန်းအော်သံမှအပ တိတ်ဆိတ်နေလေ့ရှိသော ခြံဝင်းအတွင်းရှိ ပြခန်းတွင် ယနေ့ သူနှင့် ခေတ္တ တွေ့ဆုံစဉ်အတွင်း အများဆုံးပြောဆိုသည့် စကားမှာလည်း အေးချမ်းမှု၊ ကုသိုလ်တရား တဲ့။
- အာဏာနိုင်ငံရေး အခင်းအကျင်းသို့ ပြန်လာမည်လောဟု သို့လော သို့လော စောင့်ကြည့်မှုများအကြား ဦးခင်ညွန့်ကား နောက်ထပ် ခြေလှမ်းတိုးလိုက်ပြီတဲ့။
- တစ်ချိန်က မြန်မာနိုင်ငံ၏ ထိပ်သီး ဗိုလ်ချုပ်ကြီးမှာ ကော်ဖီကော်နာတွင် လူခြောက်ယောက်ထိုင် စားပွဲနေရာချထားရေး ကိုပင် ကိုယ်တိုင် စီမံနေသေးသည်။
ပြခန်းနှင့် ကော်နာနှစ်ခုကို စီမံခန့်ခွဲ ရခြင်းမှာ တစ်ချိန်က တိုင်းပြည်ကို စီမံခန့်ခွဲ ခဲ့ရသည်နှင့် နိုင်းယှဉ်လျှင် “အသေးအဖွဲ” ဟု သူကဆိုသည်။
"(တိုင်းပြည်) တာဝန်ကတော့ မရေရာဘူးလေ။ လိုတာဖြစ်ချင်မှ ဖြစ်မှာကိုး" ဟု သူကအတန်ငယ်ပြုံးရင်း ပြောဆိုလေသည်... တဲ့။
- အစောင့်အကြပ်ထူထဲ၊ ခိုင်ခံ့သော သံထရော်လီတံခါး အမြဲပိတ်ထားပြီး မည်သို့သောနေရာဟု သာမန်ပြည်သူတို့ မသိနိုင်ခဲ့သော နဝဒေးလမ်းထိပ်တွင် မေလ ၁၁ ရက်နေ့မှစ၍ သုံးဆင့်လမ်းညွှန် ဆိုင်းဘုတ်လေးကိုပင် မြင်နိုင်ပေပြီတဲ့။

ဘာပဲပြောပြော ရည်ရွယ်ချက်နှစ်ချက်ကို Show ပြ၍ ရှေ့တိုးသူက တိုးလာပါပြီ။နောက်ကွယ်က အကြောင်းအရာများ ခဏထား။ ချက်ချင်းလက်ငင်း စဉ်းစားစရာများ ဒုနဲ့ဒေး။ အေးချမ်းသည့်ဘဝ နေထိုင်ခြင်းသည်လို့လည်း ပြောသေး၊ အိမ်ရဲ့သစ်ခွရုံနဲ့ ဥယျာဉ်နေရာအချို့ကို ဖယ်ပြီး တော်တော်ကောင်းတဲ့ အခိုင်အခန့်အဆောက်အဦများ ဆောက်လုပ်၍ (၃)မည်ရ ဆိုင်ဖွင့်သည်။ ကော်ဖီအပြင် ဘီယာနှစ်မျိုး (တိုက်ဂါး/မြန်မာ) ရသည်။လူမျိုးစုံ ဝင်ထွက်နိုင်သည်။သြော်... တော်တော်အေးချမ်းမယ် ထင်ပါသည်။

အနုပညာရှင်များ၏ ဘဝကို ထောက်ပံ့ပေးလိုခြင်းလို့လည်း ပြောသေး၊နံမည်ကြီး ပန်းချီဆရာများ၏ (၁၆)သိန်းကျော်မှ သိန်းရာကျော် တန်ဖိုးရှိသော ပန်းချီကား (၅၀)ကျော် တင်ထားပြီ တစ်ပါတ်သာအခမဲ့တင်ခွင့် ပေးထားသည်တဲ့။ တစ်ပါတ်ကျော်ရင် အခွန်အခယူမည်ပေါ့။ ဒါတောင်နောက်ထပ် ပန်းချီကား (၅၀)ကျော်က waiting list ဆိုပဲ။သိန်းဆယ်ဂဏန်း မှ ရာဂဏန်းတန် ပန်းချီကားရေးဆွဲနိုင်သူ အနုပညာရှင်များကို ထောက်ပံ့မည့် အစီအစဉ်လားမသိ။သေချာတာတော့ သူတို့ကြောင့် ကော်ဖီ၊ဘီယာ နှင့် ဆိုဗီနီယာ ပစ္စည်းများ ရောင်းရချည်သေးရဲ့။ နံမည်မရှိသော အနုပညာရှင်များအတွက်တော့ မေးခွန်းထုတ်စရာ။ ရရှိသော အခကြေးငွေများ ထောက်ပံ့မည်ဟုလည်း မဆိုထားပါ။အနည်းဆုံးပန်းချီကား ရောင်းလျင်ပင် တစ်သိန်းခြောက်သောင်းခန့် ရမည်ထင်။ ....
ဒီစာဖတ်ပြီးနောက်မှ အစီအစဉ်ရှိပါသည်ဟု ဆိုလည်း .....။

ဒါ့အပြင် “ ( အနုပညာပြခန်း၊ ကော်ဖီကော်နာ နှင့် အမှတ်တရပစ္စည်းတို့ကို စီးပွားရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း မဟုတ်ကြောင်း သူကဆိုသည်။ ကော်ဖီဆိုင်ဟုပင် သူက အမည်မတပ်။ ဆိုင်မဟုတ်ဘူး။ ကော်နာ ဟု သူက အလေးအနက် ရှင်းပြသည်။ ကော်ဖီကော်နာတွင် ကော်ဖီအမျိုးမျိုးအပြင် သစ်သီးဖျော်ရည်၊ချောကလက်၊ ကိုကာကိုလာ တို့ကဲ့သို့သော အချိုရည်တို့ကိုလည်း ဝယ်ယူနိုင်သည်။ ဘီယာနှစ်မျိုးလည်း ရသည်။ တိုက်ဂါးနှင့် မြန်မာ။ ဈေးကား များစွာမမြင့်။ ရန်ကုန် မြို့တော်ရှိ Aroma ကဲ့သို့သော ကော်ဖီဆိုင်ဈေးနှုန်းခန့်ပင် )” တဲ့။ ရှေ့သွားနောက်လိုက် ညီမျှသော စကားပါတည်း။ အသက်အရွယ်ကလည်း (၇၅/၈၀) ဆိုတော့ ငယ်သေးတဲ့အရွယ်၊ ကျောထောက်နောက်ခံများကလည်း မရှိရှာ၊ဘာသာတရားကိုပဲ စောက်ချလုပ်တော့မည် ၊ အေးချမ်းစွာ နေထိုင်လိုသည် .... လို့လည်းပြောသေး။ အင်း ဟုတ်မှာပါ၊ အမျိုးတွေအတွက် အမျိုးသားနိုင်ငံရေး လုပ်တာ ဖြစ်နိုင်ပါသည်။

အမှန်အကန်ပုံစံမျိုး (နေရာ/ပုံစံ) မဟုတ်၍ ဗိုလ်ချုပ်လွန်းမောင်ကဲ့သို့ နိုင်းယှဉ်တင်စားလို့လည်း မဖြစ်ပြန်။မြို့မေတ္တာခံယူသလို ဂရုဏာသံများ ကြားရလိမ့်မည်မဟုတ်။ ၎င်းတို့နှစ်ဦး၏ စစ်ဗိုလ်ချုပ်များ ဖြစ်ကြပါသည်ဆိုသော အနေအထားမှလွဲ၍ ကျန်အခြေအနေများ လုံးဝရေးချမတူ။ ဗိုလ်ချုပ်လုပ်ဖူးသူတိုင်း ဆိုင်ဖွင့်ကြသည့် ဖက်ရှင်ဟုဆိုပါက ခေတ်စား/မစား စောင့်ကြည့်ရမည်။

ဆိုင်၏ အရင်းအနှီးကို မဖော်ပြသော်လည်း ထောင်ချီသော ကုန်ကျစရိတ်ကို မြင်နိုင်ပါသည်။အိမ်ရှေ့သစ်ခွခြံက ရသော အရင်းအနှီးများ ဖြစ်တန်ရာသည်။ မိတ်ဆွေများလည်း ကူညီသည်ဆိုပါက အမျိုးအမည်မသိသော ကျေးဇူးများ ဖြစ်ပါလိမ့်မည်။ လက်ညိုးထိုးမလွဲသော လုပ်ငန်းရှင်များသည် မိတ်ဆွေများ ဖြစ်ကြမည်။ အထူးသဖြင့် ဆောက်လုပ်ရေးဗန်းပြ မြေသိမ်းကြီးပွားသူများ ( ဥပမာ- တော်ဝင်ဦးကိုကိုထွေး ၊ ဦးခင်ရွှေ ) ရှေ့တန်းကျကျ ပါဝင်သည်။လက်ရှိစီးနေသော နောက်ဆုံးပေါ် တန်ဖိုးရှိစီးတော်ယာဉ်များက ဦးကိုကိုထွေး စပွန်ဆာ ဟုဆိုသည်။ တစ်ချိန်က share မမည်သော share များဟု ခေါင်းစဉ်မတပ်လိုတော့။

ထောက်လှမ်းရေးအင်ပါယာ ထူထောင်ခဲ့သူဆိုတော့ အကွက်အရွှေ့များလည်း ပိုင်နိုင်သည်။ cover story နှင့် make up ကျွမ်းကျင်သည်။ ထိုနေရာသည် ၎င်းတို့ လူအဟောင်းများနှင့် အဆက်အသွယ်ဟောင်းများ (ပြည်တွင်း/ပြည်ပ) အပါအဝင်၏ ဆုံမှတ် ဖြစ်လာနိုင်သည်။ နောက်မြီးလန့်သူများ ၊ black list ရှိသူများပီပီ တရားဝင်အကွယ်တစ်ခု လိုနေလား မပြောတတ်( ဝဠ်ဆိုတာ နောက်ဘဝ မကူးတတ်ပါဘူး ဆရာသမားတို့) ။ဘာအကြံအစည် ရှိနေလဲ ဆိုတာတော့ မသိနိုင်သေး။ မရှိသေးရင်တောင် လိုအပ်ရင်သုံးဖို့ network ကြိုတင်ချထားနိုင်သည်။

လက်ရှိအနေအထားအရ ရည်ရွယ်ချက်ရှိရှိ ရှေ့တိုးချင်၍ ဘယ်လိုပဲ ဘက်ပြောင်းပြပြ အခြားခေါင်းစဉ်များ ဘယ်လိုပြပြ လူထုရဲ့မေတ္တာစူးရှမှုကို အလူးအလဲ ခံနေရတုန်း။ ယင်းအတွက် public lobby ကိုလည်း ရှေ့တန်းတင် စဉ်းစားအကွက်ချနေပုံရသည်။ အဆက်အစပ်ရှိသည့် မီဒီယာ၊ လူပုဂ္ဂိုလ်များ နှင့် နည်းလမ်းအများအပြား သုံးသော်လည်း အချည်နှီးပင်။ ထပ်မံလည်း လုပ်ဦးမည်ဟု ထင်သည်။

အကောင်းဆုံးသည် ဘာသာတရားလုပ်၍ အေးချမ်းစွာ low profile ဖြင့် နေထိုင်နိုင်ရန် ကြိုးစားသင့်သည်။ ကျေးဇူးပြု၍ အမျိုးမျိုးသော မီဒီယာများတွင် မတွေ့ရပါစေနဲ့။ ဒီအတွက် ဒီလောက်ပါပဲ။ မြို့မေတ္တာခံယူလိုက်ပါဦးစို့။

တန်ပြန်စစ်သည်ဟောင်းတစ်ဦး

1 comment:

Unknown said...

ဟဲ ဟဲ ဦး ဦးခင်ညွန့် ရေ .ခင်ဗျားလည်တာလောက်တော့ အတွေ့းအခေါ်ရှိတဲ့ တိုင်းသူပြည်သားတွေကပြင်းသေးတာပေါ့ ဗျာ..ခင်ဗျား နှင့် ခင်ဗျား
ဖခင်ကြီးတွေနောက်ကနေ ကြိုးကိုင်ပြီး သေသေခြာခြာ အကွက်ချထားတဲ့ လည့်ကွက်ကြီးကိုကျုပ်တို့ နောက်ကမြင်နေရပါတယ် ဗျ..ဘာတဲ့ လဲ ကနေတဲ့ဒေါင်းကြီးဆိုတာလေ..ရှေ့ ကကြည့်ရင်ကနေတဲ့ဒေါင်းကြီး လှပနေလိုက်တာပေါ့ နောက်က ကြည့် ရင်တော့ဒေါင်းကြီးက ဖင်ကြီးပြောင်နေလို့ ....ဘယ်လို ဘဲဖြစ်ဖြစ်ပေါ့ ဗျာခင်ဗျားတို ကတဲ့ဇာတ်ခင်ဗျားတို့ နိုင်ပါစေလို့ ဘဲကျုပ်စိတ်မပါဘဲနှင့်ဆုတောင်းပေးလိုက်ပါတယ်..ခင်ဗျားတို့ ဇာတ်ခင်ဗျားတို့ 
မနိုင်ဘဲ မြန်မာနိုင်ငံကြီးသာ တစ်ကယ် ဒီမိုကရေစီရသွားရင် ခင်ဗျားဘယ်လိုဘဲ သူတော်ကောင်းယောင်ဆောင် ယောင်ဆောင်ခင်ဗျား အရင်ကတံခါးပိတ်ညှိ ပြီး တိုင်ပင်ခဲ့တဲ့အန်တီစု လည်း ခင်ဗျားကိုမကယ်နိုင်ဘူးနော်..ခင်ဗျားလုပ်ခဲ့တဲ့စစ်ရာဇ၀တ်မှုတွေအတွက်ခင်ဗျားကို ကျူပ်တို့ ပြည်သူတွေက ရုံးတင်ပြီးအပြစ်ပေးဘို့ ကြိတ်ပြီး ကြံနေတာ..ဟဲ ဟဲ...အဲဒီကြရင်တော့ တောတော် အရာသာရှိမှာဘဲနော်...ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတာခင်ဗျားကြားဘူးမှာပါ..ဥပမာ ခမာနီ လူပေါင်းများစွာကိုအစုလိုက်အပုံလိုက်သတ်ဖြတ်ခဲ့တဲ့ ခမာနီခေါင်းဆောင်ဟောင်း ပိုလ်ပေါ့ ...နှင့်ဂျူးလူမျိုးပေါင်းများစွာကို ညင်းဆဲသတ်ဖြတ်တဲ့ နာဇီ ခေါင်းဆောင်ဟောင်း အဒေါ့ အိုက်ခ်မန်းတို့ ရဲ့ ဇါတ်သိမ်းပိုင်းလိုပေါ့..ဟဲ ဟဲ..အဲဒီမတိုင်ခင် ..ဦးလေး အိပ်မက်ဆိုးတွေ နှင့်ကင်းဝေးပါစေဗျာ....

Post a Comment