ondragstart="return false" onselectstart="return false"

Monday, May 13, 2013

ထိုင်း-မြန်မာ ထီးခီး နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ်လိုက်ပြီ


ဟင်္သာနီ (မွန်မြေ) |

စံခလပူရီ (မဇ္ဈိမ)။ ။ နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမိုမြင့်မားလာစေရန်နှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမား များ လွယ်ကူစွာ သွားလာနိုင်ကြရန် တနင်္သာရီတိုင်း မေတ္တာ မြို့နယ်ခွဲနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင် ဗာန်းဖူးနာမ်းရွန်းရွာ အနီးရှိ ထီးခီး နယ်စပ်ဂိတ်ကို မေလ ၁၁ ရက်နေ့ နံနက်က ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်၍ ဖွင့်လှစ်လိုက်သည်။

“ဒီလမ်းကြောင်းက တရားဝင် အခုမှ ကျနော်တို့ဘက်က စဖွင့်တာ။ ကျနော်တို့ မြန်မာ ဘက်ခြမ်းက ရုံးအဆောက်အဦတွေ အားလုံး ဆောက်လုပ်ထားပြီးပါပြီ” ဟု နိုင်ငံခြားသို့ မြန်မာ လုပ်သားများ တင်ပို့မှု လုပ်ဆောင်နေသည့် Today Top Star ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ခိုင် က မဇ္ဈိမကို ပြောသည်။

ယနေ့ ဖွင့်ပွဲ အခမ်းအနားသို့ ထိုင်းနိုင်ငံ ဘက်မှမူ ကန်ချနပူရီ ခရိုင်ဝန်နှင့် ခရိုင်ကုန်သည်ကြီးများ အသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသော်လည်း ထိုင်းနိုင်ငံ ဘက်ကမူ ယင်းဂိတ်အား ဇူလိုင်လ ၁ ရက်နေ့ မှသာ တရားဝင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ထိုဂိတ်သည် ဗန်ကောက်မှ ကီလိုမီတာ ၇၀ ကျော် ကွာဝေးကာ ထားဝယ်မြို့နှင့် ကီလို မီတာ ၁၆၀ ကျော် ကွာဝေးသည်။

ထိုလမ်းကြောင်း တရားဝင် ဖွင့်လှစ်လိုက်ခြင်းဖြင့် တနင်္သာရီတိုင်းထွက် ရေလုပ်ငန်း ပို့ကုန်များ ထိုင်းသို့ လွယ်ကူစွာ တင်ပို့နိုင်တော့မည် ဖြစ်သလို ထိုင်းနိုင်ငံ ဘက်မှလည်း ဆောက်လုပ်ရေး ပစ္စည်းများ တင်ပို့နိုင်ကြရန် ပြင်ဆက်လျက် ရှိကြောင်းလည်း ဦးအောင်ခိုင် က ပြောသည်။

ထီးခီး ဂိတ်သည် ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်နေသည့် ထားဝယ် ရေနက် ဆိပ်ကမ်းသို့ သွားရောက်နိုင် သည့် အလွယ်ကူဆုံး လမ်းကြောင်း တခုလည်း ဖြစ်သည့် အပြင် ဘန်ကောက် မဟာချိုင် ဒေသရှိ မြန်မာ့
ရွှေ့ပြောင်း အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် သွားလာရန် လွယ်ကူသော လမ်းကြောင်းတခု
ဖြစ်လာနိုင်ဖွယ်ရှိကြောင်း “ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့” ၏ အဖွဲ့ဝင် တဦးလည်း ဖြစ်သည့် ဦးအောင်ခိုင် က ပြောသည်။

ယာယီ နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်များလည်း ထုတ်ပေးမည်ဖြစ်ကာ ဒေသခံများလည်း အပြန်အလှန် ကူးလူး သွားလာနိုင်ကြတော့မည် ဖြစ်ပြီး ရက်ပေါင်း မည်မျှကြာ နေထိုင်ခွင့် ရမည်ကိုမူ ထပ်မံ၍ အသိပေးသွားမည်ဟု ဦးအောင်ခိုင် က ဆိုသည်။

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်ဂိတ် ၆ ခုရှိပြီး ၎င်းတို့မှာ တာချီလိတ်၊ မြဝတီ၊ ဘုရားသုံးဆူ၊ မောတောင်၊ ထီးခီး၊ ကော့သောင်း နယ်စပ် ဂိတ်တို့ ဖြစ်ကြသည်။

၂၀၁၁-၂၀၁၂ ခုနှစ်၌ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၃.၀၄၆ ဘီလီယံ ရှိကာ ၂၀၁၀-၂၀၁၁ ကမူ ၁.၉ ဘီလီယံ ရှိခဲ့၍ ၆၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရားဝင် စာရင်းဇယား ထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။

၂၀၁၁- ၁၂ ဘဏ္ဍာနှစ်အတွင်း မြန်မာ၊ ထိုင်း နယ်စပ် ကုန်သွယ်ရေး စခန်းများမှ နယ်စပ် ကုန်သွယ်မှုမှာ တာချီလိတ် စခန်းမှ အမေရိကန် ဒေါ်လာ ၄၅.၈၇၈ သန်း၊ မြဝတီစခန်းမှ အမေရိကန်ဒေါ်လာ၂၄.၅၂၅ သန်း၊ ကော့သောင်းစခန်းမှ အမေရိကန်ဒေါ်လာ ၁၂၁.၉၀၉ သန်း၊ မြိတ်စခန်းမှ အမေရိကန်ဒေါ်လာ ၁၃၄.၉၉၂ သန်း ကုန်သွယ်မှုရှိခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန၏ မှတ်တမ်းများအရ သိရသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/11598-2013-05-11-15-22-47.html

No comments:

Post a Comment