ondragstart="return false" onselectstart="return false"

Wednesday, July 1, 2009

ပူနွေးနေတဲ့ မျက်ရည်များ

ဆောင်းပါး
နှင်းပန်းအိမ်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 01 2009 17:09 - မြန်မာစံတော်ချိန်

VOA သတင်းဌာနရဲ့ အနုပညာမိုးကောင်းကင် အစီအစဉ်မှာ သီချင်းလေးတပုဒ် ကျမ နားထောင်လိုက်ရပါတယ်။ ကရင်ဘာသာနဲ့ သီဆိုထားတဲ့ ကရင့်အမျိုးသမီးလေးရဲ့ သီချင်းက မြန်မာပြည် ပြည်တွင်းစစ်နဲ့ ကရင်လူမျိုး စစ်ပြေးဒုက္ခသည်တွေရဲ့ ဘ၀ကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ သီချင်းနာမည်က “ကျမကို အိမ်ပြန်ပို့ပေးပါ” တဲ့။ သီချင်းရဲ့ အဓိပ္ပာယ်က ကရင်အမျိုးသမီးလေး နအဖ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ပြေးလွှားရှောင်ပုန်းရတဲ့ အကြောင်းမှာ၊ သူတို့ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး မိုင်းတွေ ထောင်ထားပါတယ်။ ဒါကြောင့် ရွာသူရွာသားတွေ မိမိနေရပ် အိုးအိမ်ယာမြေတွေကို စွန့်ခွာထွက်ပြေးခဲ့ရတယ်။ တောတောင်တွေကြားထဲမှာ ပုန်းအောင်းခိုဝင်နေရတယ်။ ဒီထဲကမှ သဘာဝတရားကို လူသားပီပီ ဒုက္ခကြားထဲက ခံစားမိသေးတယ်။ ညဘက် လသာရင် လမင်းကြီးကို ကြည့်ပြီး အိမ်ကို သတိရတယ်။ မနက်မိုးလင်းလို့ နေရောင်မြင်ရင်တော့ ဘယ်မှာ လုံခြုံအောင် ပုန်းရပါ့မလဲ။ ဘယ်သူကများ ကူညီမလဲ။ သူတို့ဘ၀မှာ တည်ငြိမ်မှုဆိုတာ မရှိဘူး။ သူ့ရပ်သူ့ရွာ၊ သူ့ရဲ့အိမ်ကို ပြန်ချင်တယ်၊ ဘယ်တော့များမှ ပြန်ရမလဲတဲ့။ ဒီသီချင်းလေးက နားထောင်ရသူ့ရဲ့ ရင်ထဲ ဆို့နင့်ကြေကွဲလို့ ကရင်လူမျိုး စစ်ပြေးဒုက္ခသည်တွေကို သီချင်းထဲကအတိုင်း အိမ်ပြန်ပို့ပေးချင်လိုက်တာ။ ဟုတ်တာပေါ့။ ကျွဲချိုမှုတ်သံ၊ ဖားစည်သံ၊ ဒုံးယိမ်းစည်းချက်သံတွေကို မြတ်နိုးတန်ဖိုးထားပြီး တောင်ပေါ်ယာခင်း၊ စမ်းရေချိုးဆိပ်၊ ကောက်ရိတ်ချိန်တေးနဲ့ လူ့ဘ၀ ပြည့်စုံပြီလို့ သူတို့ ယူဆထားကြတာ။ ဒီလောက် လောဘကင်းပြီး ရိုးသားကြတဲ့ ကရင်လူမျိုးတွေ။ ကိုယ့်ရွာကိုယ့်အိမ်မှာ မနေရဘဲ တောထဲတောင်ထဲ ပြေးလွှားပုန်းရှောင်နေရတယ်။ တောတွေတောင်တွေက တတ်နိုင်သမျှ ကာဝှက်ပေးထားပင်မယ့် သူ့တို့ရင်ထဲမှာလည်း မြေမြုပ်ဗုံးတွေနဲ့။ မိုင်းကွဲသံတွေကြားထဲက နအဖ ရဲ့ အသံတွေကို ကျမတို့ တွင်တွင်ကြားနေရပါတယ်။ ဘာတဲ့ အပစ်အခတ်ရပ်စဲရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသား သွေးစည်ညီညွှတ်ရေး ဆိုတာတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို အသံကောင်းဟစ်ပြနေပါတယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးဆိုပြီး လူမျိုးရေး သုတ်သင်ရေးကို လုပ်နေတယ်၊ အဲဒီ့အတွက် သဘာဝကျစွာ ခုခံစစ်တော်လှန်စစ် ဖြစ်လာခဲ့ရတယ်ဆိုတာ ကျမ နားလည်ခံစားခဲ့ရပါတယ်။ မြန်မာပြည်နယ်စပ် ကရင်ပြည်နယ်ထဲက လှိုင်းဘွဲ့ကို နအဖ က ထိုးစစ်ဝင်တော့ အိုးအိမ်စွန့်ခွာ လာရသူတွေ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေထဲကို ရောက်လာခဲ့ပါတယ်။ စစ်ပြေးဒုက္ခသည်တွေ စခန်းထဲကို မရောက်ခင် နေ့ဘက်ဆို ပုန်းအောင်းနေရပြီး ညဘက်ကျမှ တောတောင်တွေကို ဖြတ်ခဲ့ရတယ်။ အခုလို မိုးဦးကျ တောင်ကျရေ တရဟောမှာ တောင်ကျချောင်းကို သက်စွန့်ဆံဖျား ဖြတ်ခဲ့ရတယ်။ မိုးခိုနေတဲ့ ခန္ဓာကိုယ်ကို အနွေးဓာတ်ရဖို့ သူတို့ မလုပ်နိုင်ခဲ့ဘူး။ သူတို့ အသက်အန္တရာယ် လုံခြုံဖို့ စိတ်ဇောတွေက သူတို့ခန္ဓာကိုယ်ကို လောင်မြိုက်ခဲ့ရပါတယ်။ စစ်ပြေးလာတဲ့ ကလေးလေးက သူ့မိခင်ကို ”အမိုး … ဒုက္ခသည်စခန်းထဲရောက်မှ စားစရာတွေ အများကြီး စားရမယ်ဆိုတာ တကယ်လား” တဲ့။ ဒီမေးခွန်းကို ကလေးမိခင် ကရင်အမျိုးသမီး ဘယ်လိုများ ဖြေခဲ့မလဲ။ သူ့အမိုးရဲ့ စကားကို ယုံကြည်ပြီး ကလေးက တောထဲမှာ မျှစ်ကို အစိမ်းစားရင်း ဆာလောင်မှုကို အစားထိုးခဲ့ရရှာတယ်။ ဒုက္ခသည်စခန်းထဲရောက်မှ အသက်၀၀ ရှူနိုင်တော့တဲ့ သူ့တို့အိမ်ကို လွမ်းကြပြန်ပါတယ်။ ဒါပင်မဲ့ သူတို့ဆန်စပါးတွေကို ဖျက်ဆီးထားလို့ စားစရာမရှိတော့ဘူး။ အိမ်ကို မီးရှို့ခံရတယ်။ မိုင်းတွေ ထောင်ထားတယ်။ ဒါကြောင့် ”ပြန်လို့မရဲတော့ဘူး” တဲ့။ ဒီအချိန်မှာ နအဖ ရဲ့ ငြိမ်းချမ်းရေးကတော့ မြေမြုပ်မိုင်း လူသားဒိုင်းသဖွယ် ဖြစ်နေပါတယ်။ စစ်ကြောင့်ဖြစ်ရတဲ့ ဒဏ်ရာတွေ မပျောက်သေးဘဲ ဘ၀ဒဏ်ရာတွေ အများကြီးနဲ့ ကျမ ဆုံတွေ့ခဲ့ရတဲ့ ကရင့်တော်လှန်းရေးသမားကြီး ဗိုလ်ချုပ်မန်းကျော်ဖေက အတုအယောင် ငြိမ်းချမ်းရေးကို အခုလို ရှင်းပြပါတယ်။ “အတုအယောင် ငြိမ်းချမ်းရေးကို နအဖ က လုပ်နေပါတယ်။ အဖွဲ့ ၁၇ ဖွဲ့ကို ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်တယ်လို့ ကြေညာတယ်။ သို့ပေမယ့် တည်ဆောက်မယ့် အဖွဲ့ ၁၇ ဖွဲ့ရဲ့ အကျိုးရလဒ်က အစစ်အမှန် တန်းတူရေးနဲ့ ကိုယ်ပိုင် အခွင့်အရေးမရှိဘဲ နယ်ခြားစောင့် အသွင်အဖြစ် ထားမယ်လို့ ကြားသိရတယ်။ လူမျိုးစု ငြိမ်းချမ်းရေး ၁၇ ဖွဲ့အတွက် အင်မတန်မှ ရင်လေးစရာ ကောင်းပါတယ်''။ ''ပြည်တွင်းစစ် နှစ် ၆၀ ရှိပါပြီ။ အဲဒီ ကာလတလျှောက် ခေါင်းဆောင်တွေ ပြည်တွင်းစစ်ရပ်စဲရေးကို ဘာကြောင့် မလုပ်နိုင်တာလဲ။ လူမျိုးစုမျိုးတုံးရေးပဲ အားထားလုပ်တယ်။ ဒါကြောင့် အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ဘူး''။ ''နအဖ စစ်အာဏာရှင်က လူမျိုးစုံ လက်နက်ကိုင်တွေကို တဖက်ကလည်း ခြိမ်းခြောက်တယ်၊ တဖက်ကလည်း ပျော့ပြောင်းစနစ်နှင့် သိမ်းသွင်းပြီး အမြစ်ပြတ်စနစ်နဲ့ သုတ်သင်တယ်။ ကရင်လူမျိုးတွေရဲ့ ဘ၀လုံခြုံမှုကို ခြိမ်းခြောက်တာပဲ''။ ''ကျနော်တို့ ပြည်သူလူထုအားလုံးက အဖိနှိပ်ခံပါ။ တိုင်းရင်းသားလူမျိုးတွေ တိုးတက်သင့်သလောက် မတိုးတက်ဘဲ ပညာရေး၊ စီးပွားရေး ချွတ်ခြုံကျခဲ့ရတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ပဲ ချခိုင်းတယ်။ တိုင်းရင်းသားတွေ သွေးစည်းညီညွှတ်တာကို နအဖ က မလိုလားဘူး။ သွေးခွဲအုပ်ချုပ်ရေးကိုပဲ လုပ်တယ်။ လူမြင်ကွင်းနေရာတွေမှာ ရေးထားတဲ့ ဆိုင်းဘုတ်ကြီးတွေမှာ ပြည်ထောင်စု မပြိုကွဲရေး .. ဒို့အရေးဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ ပြည်ထောင်စု ပြိုကွဲအောင် နအဖ လုပ်နေတာပါ''။ ''ရင်းနှီးတဲ့ တွေ့ဆုံမှု၊ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ မရှိလို့ကတော့ ပြည်တွင်းစစ် ရှိနေဦးမှာပဲ။ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်ဖို့ကတော့ ငြိမ်းချမ်းရေးရှိမှ ဖြစ်မယ်''။ ''နအဖ က လူထုကို ပစ်မှတ်ထားပြီး တိုက်တယ်။ ကမ္ဘာ့စစ်စည်းကမ်းကို မလိုက်နာဘူး။ အိမ်ကြက်ချင်း အိုးမဲသုတ်တယ်။ စစ်ရေးဆိုပေမယ့် ကျနော်တို့က စစ်စည်းကမ်းကို လိုက်နာတယ်။ သာသနာ့ အဆောက်အအုံ၊ ဆေးရုံ၊ ကျောင်း၊ လူထုကို မတိုက်ဘူး''။ ''ကရင်တွေကို စစ်သွေးကြွတယ်လို့ပြောရင် ကျနော်တို့ စိတ်ထိခိုက်တယ်။ ကရင့်တော်လှန်ရေးမှာ နိုင်ငံရေးလမ်းစဉ် ရှိပါတယ်။ သိမ်မွေ့တယ်၊ အရမ်းနူးညံ့တယ်''။ ''ရိုးသားစွာ ၀င်ခံရရင် ကျနော်တို့ဟာ စစ်သွေးကြွလို့ စစ်တိုက်ရခြင်း မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ၁၉၄၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ကရင်လူထု ဆန္ဒပြပွဲကြီးမှာ ကရင်ပြည် .. ချက်ချင်းပေး (လွတ်လပ်ရေး) ၊ ကရင် တကျပ် .. ဗမာ တကျပ် ချက်ချင်းပြ (တန်းတူရေးနှင့် ဒီမိုကရေစီရေး)၊ လူမျိုးရေး အဓိကရုဏ်း .. အလိုမရှိ (လူမျိုးစုံ ချစ်ကြည်ရေး)၊ ပြည်တွင်းစစ် .. အလိုမရှိ (ငြိမ်းချမ်းရေး) အစရှိတဲ့ တောင်းဆိုချက်တွေကို အတိအလင်း ဖော်ပြထားပြီး ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့၊ ဖဆပလ အစိုးရတပ်များ အင်းစိန်ရှိ ကေအင်ဒီအို ဌာနချုပ်ကို ၀ိုင်းဝန်းတိုက်ခိုက်တဲ့အတွက် တပြည်လုံးရှိ ကရင်အမျိုးသားများ ပြန်လည်ခုခံတိုက်ခိုက်ရာမှ ကရင့်တော်လှန်ရေး စတင်ဖြစ်ပေါ်လာရပါတယ်''။ ''ကရင်တမျိုးသားလုံး အသက်အိုးအိမ်စည်းစိမ် ဘ၀လုံခြုံမှုအတွက်၊ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ပြန်လည်ခုခံတိုက်ခိုက်ရကြောင်း ထင်ရှားပါတယ်''။ ''အခုလို ဖြစ်ရတဲ့ စစ်ရေးဋိပက္ခဟာ နိုင်ငံရေးအဆက် ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းမှုကို အုပ်စိုးသူအစိုးရ အဆက်ဆက်က လျစ်လျှူရှုပြီး စစ်ရေးအရ ခြေမှုန်းတိုက်ခိုက်ခြင်းကို တွင်တွင်ကြီး လုပ်လာကြပါတယ်။ လူမျိုးပြုန်း သတ်ဖြတ်ခြင်းကိုလည်း ရက်ရက်စက်စက် လုပ်လာကြတယ်။ ဖဲ့ထုတ် သွေးခွဲစည်းရုံးခြင်းတွေကို ကောက်ကျစ်စဉ်းလဲစွာ လုပ်နေကြတယ်။ နိုင်ငံရေး၊ ဘာသာရေး၊ သာသနာရေး၊ လူမှုရေး ပြဿနာတွေကိုလည်း လူမဆန်စွာ ရက်ရက်စက်စက် ပြုမှုဆက်ဆံခဲ့တာတွေကြောင့် ပြည်တွင်း ငတ်မွတ်ခေါင်းပါးမှုတွေ၊ ပြည်တွင်း မတည်မငြိမ်ဖြစ်မှုတွေ ပြည်တွင်း အပါအ၀င် နယ်စပ်ဒေသတွေရဲ့ တိုင်းတပါး ပြောင်းရွှေ့ အခြေချနေထိုင်ကြရတဲ့ ဒုက္ခသည်တွေကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ရှိနေရပါတယ်''။ ''နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီး ကောက်ကျစ်စဉ်းလဲစွာနဲ့ လွတ်လပ်ရေး၊ တန်းတူရေးနဲ့ ဒီမိုကရေစီရေး၊ လူမျိုးစုံ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးတွေကို နအဖ က ဘယ်တော့မှ လက်ခံကျင့်သုံးမှာ မဟုတ်ဘူးဆိုတာ အားလုံး သိထားသင့်ပါတယ်''။ ''အခုဆို လူထုတွေ ပြေးလွှားပုန်းရှောင်ရင်း သံလွင်မြစ်ကမ်း နဖူးပေါ် ရောက်ကုန်ကြပြီး၊ တိုင်းရင်းသားတွေကို နအဖ က ဖဲ့ထုတ်စည်းရုံးပေမယ့် ၀၊ ကိုးကန့်တွေကလည်း ပြုသမျှ ငုံ့မခံဘူးဆိုတာ ကျနော်တို့ တွေ့ရပါတယ်။ ဖိနှိပ်မှုအား ကောင်းလေလေ၊ မျိုးဆက်သစ် လူငယ်တွေက ဆက်လက်တွန်းကန်သွားလေပဲဆိုတာ ကျနော် ယုံကြည်တယ်” တဲ့။ အသက် ၇၀ ကျော်ပေမယ့် ကရင့်တော်လှန်ရေးသမား ဗိုလ်ချုပ်မန်းကျော်ဖေကတော့ မျိုးဆက်သစ်တွေကို မျှော်လင့်ပြီး၊ မပြီးဆုံးသေးတဲ့ တော်လှန်ရေးအတွက် အတွေးအခေါ် လက်နက်တွေ တပ်ဆင်ပေးနေပါတယ်။ ကျဆုံးမှုတိုင်းကို ငြင်းဆန်ပြီး ရှုံးနိမ့်မှုတိုင်းကို တင်းခံနိုင်ခဲ့တဲ့ ကျမတို့ မြန်မာပြည် တိုင်းရင်းသား ပြည်သူလူထုရဲ့ ငိုသံတွေကို လမ်းခင်းပြီး နအဖ က စစ်အာဏာ တည်မြဲမယ့် လမ်းကို လျှောက်နေပါတယ်။ ဇာတိမြေ မီးဟုန်းဟုန်းတောက်လို့ ရေကြည်ရာမြက်နုရာ ရှာဖွေနေထိုင်ရပေမယ့် ကိုယ့်အိမ်ကို ပြန်ချင်နေကြပါပြီ။ သဘာဝကို ချစ်မြတ်နိုးတဲ့ ကရင်အမျိုးသားတွေက မြန်မာနိုင်ငံဟာ လှပမှုနဲ့ ကြေကွဲမှုတွေ ရောပြွန်းနေတဲ့ နေရာ .. တဲ့။

No comments:

Post a Comment