ondragstart="return false" onselectstart="return false"

Monday, July 6, 2009

ဂျိုင်းတံတား ပျက်စီးယိုယွင်းမှုကြောင့် ကုန်ဈေးနှုန်းများတက်

NEJ / ၆ ဇူလိုင် ၂၀၀၉

ကရင်ပြည်နယ် ကော့ကရိတ်မြို့အဝင် ဂျိုင်းတံတား (ကော့ကရိတ်) ယိုယွင်းလာသောကြောင့် တန် (၂ဝ) အောက် ကားများကိုသာ ဖြတ်သန်းခွင့်ပြုသည့်အတွက် ကုန်စည်စီးဆင်းမှုနှောင့်နှေးကာ ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဘားအံ-မြဝတီ ကုန်သည်များက ပြောသည်။

ဂျိုင်းတံတား (ကော့ကရိတ်) သည် ရန်ကုန်-ဘားအံ-မြဝတီ-မဲဆောက် ကားလမ်းပေါ်တွင် တည်ရှိပြီး ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့်လမ်းပေါ်ရှိ တံတားတခုဖြစ်သည်။

တံတားတာဝန်ကျဝန်ထမ်းတဦးက “ကြိုးတံတားကြီးဟာ စောင်းနေပြီ။ လေးပင်တဲ့ ကားကြီးတွေ ဖြတ်ရင် စောင်းပြီး လိမ်ပြီး ပြတ်ကျသွားမယ့်အန္တရာယ် ရှိနေတယ်။ ပြီးခဲ့တဲ့ (၂) ပတ် နေပြည်တော်က အင်ဂျင်နီယာအဖွဲ့ ဆင်းလာပြီး စစ်တယ်၊ တံတား အခြေအနေ မကောင်းဘူးဆိုပြီး တန် (၂ဝ) အောက်ကားတွေကိုပဲ ဖြတ်သန်းခွင့်ပြုဖို့ ညွှန်ကြားသွားတယ်” ဟု ပြောသည်။

မူလက တံတားကြီးပေါ်တွင် တန် (၆၀) အောက်ကားများ ဖြတ်သန်း၍ရသော်လည်း တံတားတည်ဆောက်ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ အားနည်းချက်များရှိပြီး တံတားတာဝန်ကျများက ညပိုင်းတွင် လာဘ်ငွေယူပြီး တန် (၆ဝ) အထက်ကားများကို ညအချိန်ဖြတ်သန်းခွင့်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ တံတားပျက်စီးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

(၁၂) ဘီးကားများနှင့် ထိုင်းနယ်စပ် မြဝတီမှ ရန်ကုန်သို့ ကုန်စည်များတင်သွင်းနေသည့် ကုန်သည်တဦးကလည်း ကော့ကရိတ်တံတားရောက်သည်နှင့် ကားပေါ်ပါလာသည့်ပစ္စည်းများကို ထော်လာဂျီနှင့် အခေါက်ခေါက်တင်ပြီး တံတားကို ဖြတ်ရကြောင်း ပြောသည်။

၎င်းက “ကားပေါ်မှာ ပစ္စည်းတွေ ကုန်သလောက်နီးပါးဖြစ်မှ တန် (၂ဝ) အောက်အဖြစ် ဖြတ်သန်းခွင့်ရတယ်။ နောက် တံတားတဖက်ကို ပြန်ရောက်မှ စုပုံထားတဲ့ ပစ္စည်းတွေကို ကားပေါ်ပြန်တင်ပြီး ခရီးဆက်ရတယ်။ ဒီလမ်းမှာ ကုန်ကားတွေ အများကြီးရှိလို့ ယာဉ်ကြောပိတ်ဆို့ပြီး ပစ္စည်းကဲ့ရတာ အချိန်အတော်ကြာတယ်။ ဒီအတွက် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခတွေ ကြီးမြင့်လာတာဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်-ဘားအံ-ကော့ကရိတ်-မြဝတီ ကားလမ်းပေါ်ရှိ ကော့ကရိတ်-မြဝတီ ကားလမ်းသည် ဒေါနတောင်တန်းပေါ်တွင် ဖြတ်သန်းဖောက်လုပ်ထားပြီး လမ်းကျဉ်းသည့်အတွက် ကားများသည် အတက်တနေ့ အဆင်းတနေ့ တလှည့်စီ မောင်းကြရသည်။

အဆိုပါလမ်းသည် စစ်ဆေးရေးဂိတ်များပြီး လာဘ်ငွေတောင်းအများဆုံး လမ်းဖြစ်သည်ဟုလည်း ကုန်သည်များက ပြောသည်။

ထိုင်းနိုင်ငံက ကော့ကရိတ်-မြ၀တီကားလမ်းကို နှစ်လမ်းသွားအဖြစ် ဖောက်လုပ်ပေးနေသော်လည်း ပြီးစီးခြင်း မရှိသေးပေ။ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးတွင် အရေးပါသည့် မန္တလေး-မူဆယ်လမ်းမှ တံတားများ၊ ရန်ကုန်-ဘားအံ-မြဝတီလမ်းမှ တံတားများသည်လည်း ပျက်စီးယိုယွင်းလျက်ရှိပြီး မကြာခဏ ပြင်ဆင်ရသောကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုများ ဖြစ်ပေါ်လေ့ရှိကြောင်းလည်း သိရသည်။

ယခု ဂျိုင်းတံတား (ကော့ကရိတ်) ကို နဝတ စစ်အစိုးရလက်ထက်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး (၁ဝ) နှစ်ဝန်းကျင်အတွင်း ပျက်စီးယိုယွင်းလာခြင်းဖြစ်သည်။

No comments:

Post a Comment