ondragstart="return false" onselectstart="return false"

Friday, January 7, 2011

ထိုင်းစက်မှုဝန်ကြီး မြန်မာပြည် သွားမည်

ကိုဝိုင်း | သောကြာနေ့၊ ဇန်နဝါရီလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၌ သံမဏိစက်ရုံ တည်ဆောက်ရေးအတွက် ထိုင်းစက်မှုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ယခုလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု ယနေ့ထုတ် ထိုင်းသတင်းစာများ အဆိုအရ သိရသည်။

စက်မှုဝန်ကြီး မစ္စတာ ချိုင်ဝုထိ ဘန်နဝတ် Chaiwuti Bannawat ဦးဆောင်ပြီး ထိုင်းလုပ်ငန်းရှင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဆွေးနွေးရန်ရှိပြီး တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနေရာသို့ သွားရောက်လေ့လာမည်ဟု ဘန်ကောက်ပို့စ်နှင့် နေးရှင်း သတင်းစာတို့က ရေးသားဖော်ပြခြင်း ဖြစ်သည်။

သံမဏိစက်ရုံအပြင် ရာဘာလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် အဝတ်အထည် ထုတ်လုပ်ရေး လုပ်ငန်းများအတွက်လည်း ဆွေးနွေးမည်ဟု မစ္စတာ ချိုင်ဝုထိ ပြောဆိုချက်ကို ကိုးကား၍ သတင်းစာများက ရေးသားကြသည်။

“အခုလိုသွားရင် ရေနက်ဆိပ်ကမ်းစီမံကိန်းနေရာမှာ လမ်းဆက်သွယ်ရေးလုပ်ငန်းတွေမှာ ဘယ်လိုရင်းနှီးမြှုပ်နှံလို့ ရမလဲဆိုတာ သိရမယ်။ ကျနော်တို့မြင်တာကတော့ အာဆီယံနိုင်ငံတွေ အားလုံး အာဆီယံစီးပွားရေး အစုအဖွဲ့အောက်မှာ တစုထဲရှိလာပြီး ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ ဗဟိုဖြစ်လာနိုင်တာပဲ” ဟု မစ္စတာ ချိုင်ဝုထိက နေးရှင်းသတင်းစာကို ပြောသည်။

ထိုင်းဝန်ကြီးချုပ်၏ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံရေး ဆွေးနွေးခဲ့ပြီးနောက် ယခုခရီးစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ရေနက်ဆိပ်ကမ်း၊ သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး၊ ရေနံချက်စက်ရုံ၊ ဓာတ်ငွေ့ သန့်စင်စက်ရုံ၊ သံမဏိစက်ရုံ၊ ရေနံဓာတုလုပ်ငန်းများ၊ မော်တော်ကားနှင့် အထည်ချုပ်စက်ရုံကဲ့သို့ အလတ်စားနှင့် အသေးစား စက်မှုလုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

စီမံကိန်းအတွက် အီတာလျံ-ထိုင်း ဖွံဖြိုးရေးကုမ္ပဏီ ဥက္ကဋ္ဌ Premchai Karnasuta နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဌေးတို့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလထဲတွင် နေပြည်တော်၌ လက်မှတ်ထိုးခဲ့ကြသည်။

အမေရိကန်ဒေါ်လာ ၈ ဘီလျံတန် စီမံကိန်းတည်ဆောက်မည့် နေရာသည် ထားဝယ်မြို့မှ မိုင် ၂ဝ ကျော်ဝေးပြီး ရေဖြူမြို့နယ်ရှိ နဘူးလဲ့ကျေးရွာ အုပ်စုအတွင်း တည်ရှိပြီး လမ်းကြမ်းဖောက်လုပ်နေကြောင်း စီမံကိန်းနယ်မြေအတွင်း သွားရောက်လေ့လာခဲ့သူ ထားဝယ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ထိုင်းဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်း ရှာဖွေနေသော်လည်း စီမံကိန်း နယ်မြေရှိရာ နဘူးလဲ့ ကျေးရွာအုပ်စုဝင် ကျေးရွာ ၄၇ ရွာခန့်အနက် ၁၉ ရွာ ပြောင်းရမည်ဟု ဒေသခံများအကြား သတင်းများ ဖြစ်ပေါ်နေသည်ဟု သူက ဆိုသည်။

“ရေနက်ဆိပ်ကမ်းနေရာမှာ လမ်းကြမ်းတွေပေါ့။ လမ်းဧရိယာ သတ်မှတ်တာတို့၊ အလံတိုင်စိုက်တာတို့၊ တချို့နေရာမှာ မြေနီလမ်းတွေ ဟိုရွာနဲ့ ဒီရွာနဲ့ဆက်ပေါ့ အဲဒါတော့ လုပ်နေတယ်ခင်ဗျ။ ထိုင်း ကန်ချနဘူရီနဲ့ ဆက်မယ့်လမ်းက အူကြောင်းရှာပြီးပြီလို့ သိရတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သည့်လထဲတွင် ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်သည့် ထိုင်းနိုင်ငံသားများကို ၃-၄ ဦးတစု ထားဝယ်မြို့ပေါ်၌ အုပ်စုလိုက်သွားလာနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

စီမံကိန်းတည်ဆောက်မည့် နဘူးလဲ့ကျေးရွာအုပ်စု ဒေသခံအများစုသည် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြပြီး၊ ဥယျာဉ်ခြံ၊ ရာဘာလုပ်ငန်းလည်း လုပ်ကိုင်ကာ ရေနက်ဆိပ်ကမ်း တည်ဆောက်ပါက ဥယျာဉ်ခြံမြေများ ထိခိုက်နိုင်သည်ဟု ထားဝယ်မြို့ခံကပင် ပြောသည်။

“အဆောက်အဦးတွေ ဆောက်မယ်ဆိုတော့ ရွာတွေ တော်တော်များများ ကုန်သွားမယ်ခင်ဗျ။ သိမ်းနိုင်တယ်။ လျော်ကြေးပေးမလား၊ မပေးလားဆိုတာ ကျနော်တို့ မသိရဘူးခင်ဗျ” ဟု သူက ပြောသည်။

ယခုနှစ်အတွင်း စတင်မည့် စီမံကိန်းကို အဆင့် ၃ ဆင့်ခွဲထားပြီး ၁ဝ နှစ်ခန့်ကြာမည် ခန့်မှန်းထားသည်။ မြန်မာပြည်၏ ပထမဆုံးသော အထူးစီးပွားရေးဇုန် SEZ ကို ထားဝယ်မြို့အနီး ဧက တသိန်း (ဟက်တာ ၄ သောင်း) ကျယ်ဝန်းသော မြေကွက်ပေါ်တွင် တည်ဆောက်မည်ဟု ပြီးခဲ့သည့်နှစ် နိုဝင်ဘာထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။

စီမံကိန်းအရ ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံတောင်ပိုင်း ကန်ချနဘူရီခရိုင်သို့ မော်တော်ကားလမ်းနှင့် ရထားလမ်းများ ဆက်သွယ်တည်ဆောက်သွားမည်ဖြစ်သည်။

ရေနက်ဆိပ်ကမ်း တည်ဆောက်ရာတွင် တောင်ပိုင်းနှင့် မြောက်ပိုင်းဆိပ်ကမ်း နှစ်ခုရှိပြီး ဆိပ်ခံတံတား ၂၂ ခုထားရှိကာ တန်ချိန် ၂ဝဝဝဝ မှ ၅ဝဝဝဝ ရှိ သင်္ဘောစင်းရေ ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်မည်ဟု စစ်အစိုးရထုတ် သတင်းစာများက ဖော်ပြခဲ့ကြသည်။
http://www.mizzimaburmese.com/news/regional/6685-2011-01-07-10-49-19.html

No comments:

Post a Comment