ondragstart="return false" onselectstart="return false"

Thursday, January 6, 2011

ဒုတိယပင်လုံညီလာခံသည် သုံးပွင့်ဆိုင်ဆွေးနွေး ခြင်းသာဖြစ်ကြောင်း SNLD ပြောဆို

Thursday, 06 January 2011 19:04 မွေခေါဝ်

ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစုပင်လုံညီလာခံ ခေါ် ဒုတိယပင်လုံညီလာခံသည် နိုင်ငံရေးပြဿနာ ဖြေရှင်းရေးအတွက် သုံးပွင့်ဆိုင်ဆွေးနွေးရေးသာ ဖြစ်သင့်ကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"၂၁ ရာစုပင်လုံညီလာခံ ဒါမှမဟုတ် ဒုတိယပင်လုံညီလာခံဆိုတာ သုံးပွင့်ဆိုင်ဆွေးနွေးရေးအတွက်ပဲဖြစ်တယ်လို့ ကျနော်တို့ နားလည်တယ်။ သုံးပွင့်ဆိုင်ဆိုတာ နအဖစစ်အစိုးရရယ် ဒီမိုကရေစီအရေးလုပ်ရှားကြတဲ့အင်အားစုရယ် တိုင်းရင်းသားကိုယ်စားလှယ်တွေရယ်” ဟု SNLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါသည်။

နအဖစစ်အစိုးရ၊ ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားကိုယ်စားလှယ်များအကြား အမျိုးသားရင်ကြားစေ့ရေးအ တွက် တွေ့ဆုံဆွေးနွေးမှုမရှိလျှင် ပြည်တွင်းနိုင်ငံရေးသည်လည်း တိုးတက်မှုရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့်သုံးပွင့် ဆိုင်ဆွေးနွေးပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် အထူးကြိုးပမ်းသင့်ကြောင်း ၎င်းကဆက်လက်ပြောပါသည်။

“ဒုတိယပင်လုံညီလာခံဆိုတာ လွယ်လွယ်ကူကူနဲ့ချက်ချင်းကြီးတော့ မဖြစ်နိုင်ဘူး။ ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့သူ တွေ၊ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်အဖွဲ့တွေအားလုံး တစု တစည်းတည်း တညီတညွတ်တည်း ကြိုးစားတိုက်တွန်းမှ ဖြစ်နိုင်တယ်” ဟု ဦးစိုင်းလိတ်က ပြောပါသည်။

၂၁ ရာစုပင်လုံညီလာခံကို ဘယ်နေရာ၌ပြုလုပ်သည်ဖြစ်စေ မိမိတို့သျှမ်းအမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်နှင့် တိုင်းရင်းသားများတန်းတူညီတူအခွင့်အရေးရရှိရေးအတွက် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က လူထုပါဝင်လာစေရန် စည်းရုံးသွားမည်ဟုဆို၏။

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြုလုပ်မဲ့ ၂၁ ရာစု ဒုတိယပင်လုံညီလာခံကို ထောက်ခံတယ်။ ဘာကြောင့်လဲဆို တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားကို ပြည်တွင်း/ပြည်ပ တစ်ကမ္ဘာလုံး စိတ်ဝင်တစား အလေးထား နားထောင် ကြတယ်” - ဟု အပစ်ရပ်အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်ပြောသည့် ၂၁ ရာစုပင်လုံညီလာခံကိုပြုလုပ်လိုလျှင် ရွေးချယ်ရန်နှစ်လမ်းသာရှိ ကြောင်း၊ သူမကိုယ်တိုင် ပြည်ပထွက်ခွါ၍ ပြည်ပ၌သာပြုလုပ်ရန် သို့မဟုတ် သူမ၏ကိုယ်စား အခြားပုဂ္ဂိုလ်/အခြား အဖွဲ့အစည်းကို စေလွတ်ရန်သာရှိကြောင်း ၎င်း၏အမြင်ကိုပြောပြပါသည်။

“ပြည်တွင်းမှာလုပ်မယ်ဆိုရင် နအဖက ခွင့်ပြုမှာမဟုတ်ဘူး။ အနှောင့်အယှက်၊ အတားအဆီးတွေရှိမှာဘဲ။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းတဲ့အဆင့်ထိဖြစ်သွားနိုင်တယ်” - ဟု အဆိုပါအပစ်ရပ်အဖွဲ့ခေါင်းဆောင်က ပြောပါ သည်။

နအဖစစ်အစိုးရကမူ တိုင်းရင်းသားအရေးဆွေးနွေးလိုလျှင် လွှတ်တော်အတွင်း၌သာ ဆွေးနွေးရမည်ဟု နအဖ၏ သတင်းစာများကဆိုသည်။
http://www.mongloi.org/burmese/index.php?option=com_content&view=article&id=1441:-snld-&catid=85:2008-08-01-03-14-40&Itemid=265

No comments:

Post a Comment