ondragstart="return false" onselectstart="return false"

Tuesday, January 25, 2011

မျက်ရည်စီးသော အမုန်းချောင်းတို့၏ မြစ်ဖျားခံရာ

လူမှန်လျှင် “ငါ” ဆိုသော အတ္တက တွဲကပ်ပါရှိပြီးဖြစ်သည်။
ထိုမှတစ်ဆင့် ထပ်ဆင့်ကျယ်ပြန့်လာသော “ငါတို့” ဟူသည့် အမျိုးသားရေးစိတ်ဓါတ်တို့ ဖြစ်
တည်လာသည်။ ထိုစိတ်ဓါတ်တို့ လွန်ကျွံလေသောအခါ “ဒါ တို့ပြေ၊ ဒါ တို့မြေ” ဟူ၍ ဖြစ်လာသည်။
“တို့မြေကို တစ်လက္မမှ အထိမခံဖူး” ဟုကြွေးကြော်ကာ ကိုယ်တိုင် ခြေတစ်ခါမျှချဖူးဖို့ရာ မဆိုထား
နှင့် လှမ်း၍ပင်မမြင်ဖူးသော နယ်မြေများကို ခိုင်မာသောကျိုးကြောင်းကျသည့် သက်ဆိုင်မှုများ
မတည်ဆောက်နိုင်ပါပဲ ကိုယ်ပိုင်သည်ဟု ယုံကြည်လာကြသည်။

ဤတွင် ပဋိပက္ခအသွင်ဆောင်လာသည်မှာ မိမိတို့ပိုင်ဆိုင်သည်ဟု ယုံကြည်ရာ ထိုထိုသော
နယ်မြေများတွင် ရှေးဦးမဆွကတည်းက ဓားမဦးချ နေလာကြသူများက ရှိနေနှင့်သည်။ သယံဇာ
တနှင့် အခြား အသုံးဝင်သော အရင်းအမြစ်များလည်း ရှိနေလေသည်။ နယ်မြေဒေသခံများကို လျစ်
လျူရှုကာ ကိုယ်ပိုင်နယ်မြေများဟု မှတ်ယူလေသော် သဘာဝနှင့် လူ့ကျင့်ဝတ်ကိုဆန့်ကျင်သည့်
လုပ်ဆောင်မှု မဖြစ်လေသလော။

ထိုနယ်မြေများတွင် နေထိုင်နေကြသူတို့သည်လည်း လူသားများပင်။ သူတို့အထဲမှ မိမိနှင့်ဆိုင်
သည်များအား ရယူကာကွယ်ရကောင်းမှန်း မသိသူများမှလွဲလျှင် ပြင်ပမှလူများ၏ စီမံသမျှကို ခေါင်း
ငုံ့ခံနေကြသည်မှာ အားမတန်၍ မာန်လျော့ခြင်းမျှသာ ဖြစ်ကြပေမည်။ အတွေးခေါ်ပညာရှင်တစ်ဦး
ဖြစ်သူ Weber ၏အဆိုအရ အစိုးရဟူလျှင် “သတ်မှတ်ထားသည့် နယ်မြေတစ်ဝန်းအတွင်း လက်ရုံး
အင်အားအသုံးပြုခြင်းကို တရားဝင်ဖြစ်အောင် အောင်မြင်စွာလက်ဝါးကြီးအုပ် အဆိုပြုရယူထားနိုင်
သော အဖွဲ့အစည်းတစ်ခု” ဟု အဓိပ္ပါယ်ဖွင့်ခဲ့လေသည်။ သို့သော် လူသားများတွင်ရှိသင့်သောကျင့်
ဝတ်များဖြင့် နှိုင်းယှဉ်၍ချိန်ထိုးလျင်မူ အပုံအပင်သော ဆင်ခြင်စရာများ ရှိသည်မှာတော့ အမှန်ပင်။

ကမ္ဘာအနှံ့ရှိ မျိုးချစ်ပုဂ္ဂိုလ်ဆိုသူများမှ အထက်ပါကဲ့သို့သော ပြင်ပမှလူများ၏ ဝင်ရောက်အုပ်
ချုပ်စီမံမှုအခြေအနေမျိုးကို “ကျူးကျော်နယ်ချဲ့ခြင်း” ဟု တညီတညွတ်တည်း သမုတ်ကြလေသည်။
သို့ရာတွင် ထိုမျိုးချစ်တို့၏အလှည့်သို့ ရောက်သောအခါတွင်မူကား အထက်မှဝေါဟာရကို ဥာဏ်သ
တိနည်းစွာ မေ့လျော့ကြလေသည်မှာ သူတို့ဒဏ်ကို ခံစားကြရလေသော သူများအတွက် စိတ်နှလုံး
ညှိုးခြုံးစရာပေ။

ခေတ်အဆက်ဆက်တွင် လူသားနှင့် သယံဇာတအရင်းအမြစ်များသည် အင်အားကြီး၍ အသုံး
လည်းပြုခဲ့ကြသူများထံ ရောက်ရှိဆက်သ ခံနေခဲ့ကြရပေသည်။ စီးပွားရေးပညာဟူသည်ကို
အဓိပ္ပါယ်ဖွင့်ဆိုထားချက်တစ်ခုတွင် ကြည့်ပြန်လျှင် “လူ့အဖွဲ့အစည်း၏ အဆုံးမရှိသော ဆန္ဒများကို
ကြေနပ်အောင် ဖြည့်ဆည်းဖို့ရန်အတွက် အကန့်အသတ်ဖြင့် ပြန့်ကျဲတည်ရှိနေသည့် သယံဇာတ
များကို သုံးစွဲပုံနည်းလမ်းများအား လေ့လာသင်ယူခြင်း” ဟု ဆိုထားပေသည်။ ဤသည်ကိုကြည့်
လျှင် လူသားတို့၏ ကုန်ခန်းတတ်သော သယံဇာတများကို အပြိုင်အဆိုင် ရယူသုံးစွဲကြရသည့် ဖြစ်
စဉ်ကို နားလည်ပေး၍ ရနိုင်သော်လည်း လူ့ကျင့်ဝတ်သိက္ခာပိုင်းအရမူ အကြိမ်ကြိမ် ပြန်လည်ဆန်း
စစ်ကြည့်သင့်သော ဖြစ်ရိုးလုပ်စဉ်တစ်ရပ်ပင်မဟုတ်လောဟု တွေးစရာပေါ်လာပေသည်။

မျက်မှောက်ကာလတွင်လည်း လူသားအရင်းအမြစ်များ၏ အခြားနယ်များဆီသို့ စီးဆင်းသွား
နေမှုနှင့် စီးပွားလုပ်ငန်းများ လက်ဝါးကြီးအုပ်ခံနေရခြင်းများကို “နယ်ချဲ့လက်သစ်ဝါဒ” ဟူ၍ အနှီ
မျိုးချစ်ပုဂ္ဂိုလ်ဆိုသူများမှ အမည်သညာ တပ်ကြလေသည်။ ဆင်ခြင်စရာမှာ မိမိတို့ကိုယ်တိုင်ပင်
ထိုသို့သောသူများ ဖြစ်နေကြပြီလော။ လူမျိုးကြီးအဖြစ် သွေးနားထင်ရောက်၍ ကိုယ်ထင်လျှင်ကု
တင်ရွှေနန်း ဟူလိုဖြစ်ကာ ကိုယ့်ထက်အင်အားနည်းသည့် နယ်ပယ်များမှ လူနည်းစုများအပေါ် ထင်
ရာစိုင်းနေမိကြသလော ဆိုသည်မှာ သတိရှိလျှင် တွေးမြင်နိုင်စရာပင်။ ထို့တွင်သာမက ယနေ့အ
ချိန်တွင် ကမ္ဘာ့လူမျိုးများအားလုံးလိုလိုပင် သွေးနှောနေကြသည်သာဟု သိပ္ပံပညာရှင်များက အတိ
အလင်းဆိုနေကြချိန်တွင် မိမိတို့၏ သမိုင်းအမှန်ကိုမျှ စုံစုံလင်လင် ခိုင်ခိုင်မာမာမသိရပဲ သူတစ်ပါး
ကို ကဲ့ရဲ့ပြစ်တင် ခွဲခြားချင်သူများကလည်း မီးလောင်ရာလေအသင့် ပင့်ပေးကြသလို ပြဿနာများ
ကို မီးဇာသဖွယ် အသုံးတော်ခံကြလေသည်။

မဝေးလှသော ကာလအပိုင်းအခြားဝယ် အနယ်နယ်အရပ်ရပ်မှ လူအများစုတို့ ဥာဏ်အလင်း
များ ပိုမိုရရှိ ပွင့်လင်းလာကြမည်မှာတော့ အသေအချာပင်။ ပစ္စုပ္ပန်ကာလတွင်မူကား ရည်ရွယ်၍
သော်လည်းကောင်း၊ မသိကျိုးကျွံပြု၍သော်လည်းကောင်း ရေတိုအကျိုးစီးပွားအတွက် အသိမျှော်
မြင်နည်းပါးမှန်း မိမိဘာသာမသိနိုင်ကြလေသူများ၊ သိလိုသောဆန္ဒများကိုလည်း လျစ်လျူရှုချိုးနှိမ်
ထားသူများ၏ ကုတ်သွေးစုပ် အမြတ်ထုတ်မှုများသည်ကား တားမနိုင်ဆီးမရ ဆက်ဖြစ်နေကြမည်
ပင်။ မျက်ရည်များ တသွင်သွင်စီး၍ တစ်သက်တာမဆုံးသောအမုန်းများ တောက်လောင်နေကြဖို့ရာ
သေချာနေစေသည်ကတော့ ငါနှင့် ငါတို့ဟူသည့် အတ္တစိတ်တွေဟုဆိုလျှင် မမှားတန်ရာ။ ဤလော
ကကြီးဝယ် မိမိတို့သာလျှင် အယဉ်ကျေးဆုံးသောသူများနှင့် စောင့်ထိန်းအပ်သည့်အမျိုး၊ ဘာသာ၊
သာသနာများစောင့်ရှောက်နေသော မျိုးချစ်ပုဂ္ဂိုလ်များဟု တဖက်သတ် ထင်ယောင်မိမှားနေကြသူ
များမှ ဤသည်ကို နားလည်သဘောပေါက်လာနိုင်ကြဖို့ရာကား သံသယကြီးစွာ ရှိမိပေသည်။

မန်းကိုကို
http://mahnkoko.blogspot.com/
၁၂၊ ၀၁၊ ၂၀၁၀
အီးမေးဖြင့်ပေးပို့ လာသော မန်းကိုကိုအား အထူးကျေးဇူးတင်ပါသည်။

No comments:

Post a Comment