အစိုးရတပ်ရိက္ခာယာဉ်တန်း သံဃာတော်များပါ လိုက်ပါပို့ဆောင်ရ
ဘုန်းကြီးတွေကိုပါ အကာအကွယ် လုပ်ကုန်ပြီ၊ နောက်ကြရင် တိုင်းရင်းသားတွေ ဘုန်းကြီးပါတဲ့ ကားကို ပစ်ပါတယ်ဆိုပြီး မြန်မာ့အလင်းတို့ ကြေးမုံ တို့ကနေ အော်တော့မယ်။
တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ထဲမှာ အစိုးရစစ်တပ်ဟာ စစ်ယာဉ်တန်းတွေပေါ်မှာ ကိုရင်တွေနဲ့ အရပ်သားတွေကို တင်ဆောင်ပြီး အကာအကွယ်ယူ လှုပ်ရှားနေတယ်လို့ ခရီးစဉ်မှာခေါ်ဆောင်ခံရတဲ့ ဒေသခံရွာသားတွေက ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၁၀ နာရီလောက်က ရှမ်းပြည်နယ် မိုင်းနောင်မြို့နယ်ကနေ ကျေးသီးမြို့နယ်ဘက်ကို အစိုးရတပ် ခလရ ၁၃၁ တပ်က စစ်တပ် ရိက္ခာတွေ ပို့ဆောင်ရာ လွိုင်စောင်ဒေသမှာ ချူံခိုတိုက်ခံရပြီးနောက် ဝမ်းဖိုင်းရွာ ရွာဦးကျောင်းက ကိုရင်တွေနဲ့ ရွာသားတွေကို ယာဉ်တန်းနဲ့ လိုက်ပါဖို့ အတင်းအကျပ်ခေါ်ဆောင်သွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
ရှမ်းစစ်သားတွေ ချူံခိုတိုက်မှာကို စိုးရိမ်ပြီး ရွာသားတွေကို ခေါ်သွားတာဖြစ်ကြောင်း တပ်ရင်းမှူးကပြောပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကျေးသီး ဒေသခံတယောက်က ပြောပါတယ်။
“အမျိုးသမီး အမျိုးသား စုစုပေါင်း ရွာသား ၃၅ ယောက်နဲ့ ဝမ်ဖိုင်းကျောင်းတိုက်က ကိုရင်လေးတွေပါ သွားပါတယ်။ သံဃာအပါး ၄၀ နီးပါး သီတင်းသုံးတဲ့ ကျောင်းတိုက်မှာ ကျောင်းထိုင်ဆရာတော်၊ ကပ္ပိယ၊ ဦးဇင်း ၇ ပါးပဲ ကျန်ခဲ့ပြီး ဝမ်ဖိုင်းကျောင်းတိုက်က ဟိုင်းလပ်ကားကိုလည်း ချောဆွဲသွားပါတယ်။ ကားမောင်းသူမရှိလို့ ဦးဇင်းတပါးက မောင်းပို့ပေးခဲ့ရပြီး ကျေးသီးကနေ ၁၄ မိုင်ဝေးတဲ့ ဝမ်ဖိုင်းကို လမ်းလျှောက်တာ ၅ နာရီ ၆ နာရီခန့် ကြာတယ်။”
အစိုးရတပ်က အရပ်သားနဲ့ သံဃာတွေအပေါ် ပြုမူခဲ့မှုနဲ့ ပတ်သက်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက ခုလို ဝေဖန်ပါတယ်။
“ကျနော်တို့ အက်စ်အက်စ်အေ (ရှမ်းပြည်တပ်မတော်) ကတော့ ရွာသားတွေကို ဓားစာခံခေါ်တာ၊ သံဃာတော်တွေကို အသုံးချတာကိုတော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်လို့ပဲ မြင်တယ်။ စစ်သားဆိုရင် စစ်သားပီသရမယ်။ ရွာသားတွေ မဆိုင်တဲ့သူတွေကို အကာအကွယ် လုပ်တာကတော့ သဘာဝမကျ၊ လုပ်လည်း မလုပ်သင့်ဘူး၊ ရွာသားတွေ မပါရင် သေသေကျေကျေ တိုက်မှာပဲ။”
ဒီကနေ့ မနက် ရှစ်နာရီခန့်ကလည်း ကျေးသီးကနေ ခုနှစ်မိုင်ခန့်အကွာမှာရှိတဲ့ မိုင်းကောဝ်ရွာက ရွာသား ၂၀ လောက်ကိုလည်း အစိုးရစစ်ကြောင်းတခုက စစ်ယာဉ်တန်းမှာ တင်ဆောင်သွားတယ်လို့ သိရပါတယ်။
1 comment:
အဲဒါခွေးဇာတ်ခင်းတယ်လို့ပြောတာ ဟေ......
Post a Comment