ondragstart="return false" onselectstart="return false"

Sunday, October 16, 2011

KNU မှ ထွက်ပြေး၊ အစိုးရတပ်မှ ဖမ်းပြီးနောက်

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရန် ကရင်အမျိုးသားအစည်းအရုံး KNU မှ ထွက်ပြေးပြီး အစိုးရတပ်နှင့် သွားပေါင်းခဲ့ရာမှ ထောင် ရှစ် နှစ် ကျခဲ့ရသူ စောဘားဘယ်က သူကြုံတွေ့ခဲ့ရသည့် သပြေညွန့် ငြိမ်းချမ်းရေးစခန်းအကြောင်းနှင့် ထောင်တွင်းအတွေ့အကြုံတချို့ကို မဇ္ဈိမကို ပြောပြ ထားသည်။နာမည်ဘယ်သူလဲဗျ။ ကရင်အမျိုးသားအစည်းအရုံး KNU ဘယ်တပ်မဟာကလဲ။

“စောဘားဘယ်။ ကျနော်တို့ KNU နှစ်ယောက်ရှိတယ်။ နောက်တယောက်က ကိုမြင့်အောင်။ ကရင်နာမည်မရှိဘူး။ သူက တောင်ငူသား။ ကျနော်က KNU မှာနေတုန်းက တပ်မဟာ-၂၊ တပ်ရင်း-၆၊ တပ်ခွဲ-၂၊ တောင်ငူခရိုင်။ ဇာတိက ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ဘောဂလိကြီး ကျေးရွာအုပ်စု၊ ရေသိုးကလေး ရွာကပါ”


နှစ်ယောက်လုံးက အဖြစ်အပျက်က အတူတူလား။

“တကွဲစီပါခင်ဗျ။ ကျန်တဲ့လူတွေအတွက်တော့ ကျနော် သိပ်မပြောချင်ဘူး။ ကျနော့်ကိစ္စပဲ ပြောချင် တယ်ခင်ဗျ။”

စောဘားဘယ်က အသက် ဘယ်လောက်ရှိပြီလဲ ခင်ဗျ။

“ကျနော့်အသက် ခုဆိုရင် ၂၆ နှစ်။”

အခု လွတ်လာတာ ဘယ်ထောင်ကလဲ။

“အခုလွတ်လာတာ ကသာထောင်မှာ။ ပထမချတာတော့ တောင်ငူထောင်။ မန္တလေးထောင် ပြောင်းတယ်။ ကသာထောင်
ပြောင်းတယ်။ စုစုပေါင်း ခြောက်နှစ်နဲ့ နှစ်လလောက် နေလိုက်ရတယ်။ တောင်ငူထောင်ထဲမှတော့ သုံး-လေး-ငါး လလောက်ပဲကြာတယ်။ မန္တလေးမှာ ၁၁ ရက်။ ကျန်တဲ့ ကာလကတော့ ကသာထောင်မှာ လွတ်တဲ့အထိပါပဲ။”


ကသာထောင်ကနေ လွတ်လာပြီး မန္တလေးမြို့ကို ဘယ်လိုရောက်လာလဲ။

“မနေ့ည ၇ နာရီခွဲလောက် ရောက်တယ်။ ရထားနဲ့။ ကသာထောင်မှာ မိတ်ဟောင်း ဆွေဟောင်း ယုံကြည်ချက်ကြောင့်နဲ့ အတူတူနေခဲ့ဖူးတဲ့လူတွေ လာကြိုပါတယ်။ သူတို့က အရင်ဆုံးလွတ်သွား တာပါ။ သာမန်လွတ်ရက်နဲ့။ ကသာ အန်အယ်ဒီက ဥက္ကဋ္ဌ ဦးမြင့်ကြည်။ ကိုချမ်းအောင်၊ ကိုပေတိုးလည်း ပါတယ်။ မန္တလေးကို သူတို့ပဲ ရထားနဲ့ စီစဉ်ပေး လိုက်တာပါဗျ။ မန္တလေးရောက်တော့ (အန်အယ်ဒီ မန္တလေးတိုင်းစည်း) ကိုမျိုးနိုင် လာကြိုပေးပါတယ်ခင်ဗျ။”


KNU မှာတုန်းက ဘာတာဝန်လဲ။

“ဆေးမှူး၊ ကျနော်တို့က တပ်ရင်းအနေနဲ့တော့ မထိုင်ဘူး။ ရင်းအောက်ခံ တပ်ခွဲ-၂။ ကျနော်နေတဲ့ ကာလမှာတော့ ထီးသခီး စခန်းမှာ ထိုင်ခဲ့တာ။”


အဲဒီတုန်းက တပ်မဟာ-၂ တပ်မဟာမှူးက ဘယ်သူလဲ။

“ဗိုလ်ချုပ်အားဆီ။ ဗိုလ်မှူးဘောနီကို ကျနော် မမီလိုက်ဘူးဗျ။”


ဖမ်းမိတာလား။ ဘယ်လိုဖြစ်တာလဲ ခင်ဗျ။

“ဖမ်းမိတာ မဟုတ်ဘူး။ လာပြီးတော့ အဖမ်းခံနေသလိုဖြစ်နေတာ။ ကျနော် KNU မှာ တာဝန်ထမ်းဆောင်တာ ၂ဝဝဝ ခုနှစ်က။ ၂ဝဝ၁ ခုနှစ်က ကျနော် ဆေး သင်တန်းတက်ပြီးမှ ဆေးမှူးတာဝန် ထမ်းဆောင်တယ်။ ဆေးသင်တန်းကတော့ တပ်မဟာ-၂ စစ်ဌာန တနေရာပေါ့။”

“ရှေ့တန်းမှာ ကိုယ့်လူတွေရော ဒုက္ခရောက်တဲ့ ပြည်သူလူထုရော၊ ဆေးနဲ့ပတ်သက်တာကတော့ ကူညီခဲ့ပါတယ်။KNU ကနေ ကျနော်တို့ကို ဘာဖိအားမှ မပေးဘဲနဲ့၊ ဘယ်ခေါင်းဆောင်မှ မဆူမဆဲဘဲနဲ့ ဒီခေတ်စကားလုံးအနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ပေါ့နော်။ အဲဒါကလည်းတကြောင်း၊ နောက် ကိုယ်က အတွေးနည်းနည်း တိမ်တာတကြောင်းနဲ့ ကျနော်က KNU ကနေ ခွဲထွက်တာ”

“ကျနော် KNU ကနေ ခွဲထွက်ပြီးမှ အစိုးရဘက်က သူတို့သုံးတဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးပေါ့။ ဒါပေမယ့် အဲဒါတွေက အတုအယောင်တွေပါ”


ရှေ့တန်းမှာ ကူညီတယ်ဆိုတာက ဘယ်နေရာတွေမှာလဲ။

“တပ်မဟာ (၂) ထဲက အမဲရောင်လို့ သတ်မှတ်ခံရတဲ့ နယ်မြေတွေပေါ့။ ရေသိုးကြီးရွာ ဂွင်ထဲမှာပေါ့။ ဘောဂလိဘက်
မှာ။”


KNU ကနေ ခွဲထွက်တယ်ဆိုတာ ဘယ်တုန်းကလဲဗျ။

“၂ဝဝ၅ ခုနှစ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က။”


ဘယ်သူတွေနဲ့ အတူထွက်သွားတာလဲ။

“ကျနော်ရယ်၊ ဆေးမှူး စောဟာဘီးယား ပါတယ်။ နှစ်ယောက်တည်း။ လက်နက်ရော ပါတယ်။ အမ်-၁၆ တလက်၊
(၄၇) တလက်၊ ကျနော့်ရဲ့ သူငယ်ချင်းအိတ်ထဲမှာလည်း ငွေ ဆယ်သိန်း ပါလာတယ်။ ကျနော်တို့ ထီးသခီးစခန်း
ကနေ စထွက်လာပြီးမှ အရင်တွေ့တာက ခလရ-၇၃ ဗိုလ်ကြီးလွင်ဦး။ သူတို့ရဲ့ တပ်ရင်းအထိုင်ဌာနက ဇရပ်ကြီး
ဘက်မှာ၊ ကျနော်တို့နဲ့ ဆုံတာက ရေသိုးကြီးစခန်း ရှေ့တန်းစခန်းပေါ့ဗျာ။ နောက် ဘောဂလိဗျူဟာကို ပို့တယ်။ ပလက်ဝတံတားစခန်းကိုပို့တယ်။ အင်္ဂလိပ်လက်ထက်က ဖောက်ခဲ့တဲ့ လမ်းဟောင်း ဘောဂလိ-တောင်ငူပြေးတဲ့ လမ်းပေါ်ကစခန်း။ နောက် ခလရ-၂၆ ဗိုလ်ကြီးတယောက်က စစ်ကားနဲ့ လာကြိုတာ။ စရဖ-တပခ (၁၁) လက်အောက်ခံမှာပို့တာ။ တောင်ငူမြို့ပေါ်က။ စရဖ တပ်မှူးက ဗိုလ်မှူးထွန်းထွန်းဝင်း။ ကျနော်တို့နဲ့ သွားတွေ့တာ။ အဲဒီကနေ ဘာမှ မပြောရသေးဘူး အချုပ်ထဲ တန်းထည့်တာ။ တပ်ရင်းအချုပ်။”


လက်နက်နဲ့ ငြိမ်းချမ်းရေး လဲတယ် ဆိုတာကို ဘယ်လိုလုပ်သိတာလဲ။

“သူတို့က မြန်မာ့အသံမှာ အမြဲတမ်း အသံလွှင့်တာကိုး။ အဲဒီ စကားလုံးတွေ ကြားခဲ့တာပေါ့။”


KNU ကထွက်သွားတာက KNU ကို မကြိုက်လို့လား။ ဘယ်လိုကြောင့်လဲ။

“မကြိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့က အတွေးတိမ်တာပါ။ အမြော်အမြင်ကျဉ်းတာ။ အေးဆေး ငြိမ်းချမ်းရေး လုပ်မှာပေါ့နော။ တဘက်နဲ့ တဘက်တိုက်တယ်ဆိုတာ နှစ်ဘက်လုံး သေကြေတာ မကောင်းဘူးပေါ့နော။ ဒါ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအမြင်ပေါ့။”


ခုန ဆေးမှူး စောဟာဘီယားနဲ့ပါသွားတဲ့ ဆယ်သိန်းက KNU ပိုက်ဆံလား။

“ဟုတ်တယ်နေမှာ။ သူနဲ့ ကျနော်နဲ့က တကယ်တမ်းကျတော့ ဌာနမတူဘူး။ ကျနော်နဲ့ အဲဒီညမှာ ဆုံတွေ့တဲ့ အခါကျ
တော့ ဆေးမှူးချင်း အတူတူဟာ ရင်းနှီးတာ။ သူက နောက်တန်းစခန်းကနေ ရှေ့တန်းကို ဆင်းတဲ့အချိန်မှာ ထီးသခီး စခန်းမှာ ပေါင်းပြီးထွက်တာ။ ညခင်းကြီး ထွက်ပြေးတာ။ သူက အဲဒီနေ့ည ပြန်လာ အနားယူတဲ့အချိန်။”

“သူနဲ့ ကျနော်နဲ့ စကားစပ်မိတဲ့အခါကျတော့ ပြေးမယ်၊ ဘာညာ သွားမှာပေါ့နော။ စမ်းကြည့်တာပေါ့လို့။ ကိုယ်လိုလား
တဲ့ အတိုင်းအတာနဲ့ သူတို့လုပ်တဲ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုလဲပေါ့။ အဲဒါနဲ့ နှစ်ယောက်သား ဘာမသိညာမသိနဲ့
ပြန်လာတယ်ဆိုပါတော့။”


သူက ဘယ်ရောက်သွားပြီလဲ အခု။

“မသိဘူး။ ကျနော် အဖမ်းခံရပြီးတဲ့ နောက်ပိုင်းမှာ အဲဒီကိစ္စတွေက တော်တော် အဆက်ပြတ်သွား တာ။”


စရဖက အချုပ်ထဲ တန်းထည့် လိုက်ပြီးတော့ ဘာဆက်ဖြစ်သေးလဲ။

“စစ်ကြောရေးဝင်တယ်။ ဘယ်စခန်းမှာနေခဲ့လဲ။ ဘာလုပ်ခဲ့လဲ။ ဘယ်နေရာမှာ ဘာရှိလဲပေါ့။ စခန်းတွေ ဘယ်နေရာလဲ။
ဖြေလိုက်ရတယ်။ မဖြေလို့က မရတော့ဘူး။ ရိုက်တာတော့ မရိုက်ဘူး။ ဒါပေမယ့် လက်ခုပ်ထဲက ရောက်သွားတဲ့ ရေလို မျိုး ဖြစ်နေတာ။ အဲဒါ တညလောက် ကြာတယ်။”

“စစ်ကြောရေးက ခုန တပခ (တောင်ပိုင်းတိုင်းစစ်ဌာနချုပ်) အချုပ်ခန်းထဲမှာ။ လာစစ်တာ နာမည် မေ့နေတယ်။ တပ်ကြပ်အဆင့်တွေလည်း ပါတယ်။ ရဲဘော်တွေလည်း ပါတယ်။ မနက်မိုးလင်းတော့ ပြန်ခေါ်သွားပါတယ်။ သူတို့နေတဲ့နေရာကို။ အချုပ်ထဲကနေ ပြန်ထုတ်တာ။”


သူတို့နဲ့ အတူတူနေရတာလား။ နှစ်ယောက်ထဲ သတ်သတ်ထားတာလား။

“အတူတူပါပဲ။ တခြားစစ်သားတွေက သူ့နေရာနဲ့ သူပေါ့။ အဆောက်အဦးကျတော့ တလုံးတည်းပါပဲ။ လက်နက်တွေ ဘာတွေ သိမ်းကုန်ပြီ။ သူတို့ လက်နက်တွေလည်း မထားဘူး။”

“ပြန်ခေါ်သွားပြီးတော့ ဆက်တိုက်ပဲ စစ်ကြောရေးယူတာ။ အဲဒီအဆောင်ထဲမှာပဲ ယူတယ်ခင်ဗျ။ ပဲခူးတိုင်း
တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ရချင်တာလေးတွေ သူတို့က ပြန်မေးပေးတယ်။ ပြန်ဖြေပေး ရတာပေါ့နော်။”


စစ်ကြောရေးဝင်ပြီးတော့ ဘာဆက်ဖြစ်သေးလဲ။

“သူတို့မေးမြန်းတဲ့အခါကျတော့ ရပြီဆိုကာမှ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဂျီဝမ်း G-1 အခု အငြိမ်းစားသွားပြီ ခေါ်တွေ့ တာပေါ့။ နာမည်မေ့သွားပြီ။ ကျနော်တို့နဲ့ တွေ့ပြီးတော့ မကြာဘူး အငြိမ်းစားယူသွားတာ။ အဲဒီတုန်းက ကျနော်တို့ကို သူတို့တပ်အနေနဲ့ ထောက်ပံ့ငွေ တယောက် ၂ဝ,ဝဝဝ။ ကျနော်နဲ့ ဟာဘီးယား နှစ်ယောက်ပေါ့။ ထမင်းဝအောင်လည်း မကျွေးဘူး။ တပခ ဝင်းထဲ မှာပဲ။ သူတို့က စကေးအနေနဲ့ တရက်ကို နှစ်နပ်ပဲ စားရတယ်။ အဲဒီတုန်းက တရက်ကို တယောက် ၅ဝ နှုန်းနဲ့ပဲ ပေးတာ စားစရိတ်က။ အားလုံးအတူတူပဲ ဒါပေမယ့် သူတို့က လစာရှိတယ်။ ကျနော်တို့ က လစာမှမရှိတာ။”

“အဲဒီမှာ ဆက်နေပြီးတော့ နောက်ပိုင်းမှာမှ ငြိမ်းချမ်းရေးတခု ပြန်ထူထောင်မယ်၊ သပြေညွန့်စခန်း မှာ ငြိမ်းချမ်းရေး အထူးဒေသတခုအနေနဲ့ ဖွင့်မယ်ဆိုပြီးတော့ အစီအစဉ်ဆွဲတာ။ သပြေညွန့်စခန်း က သံတောင်မြို့နယ် ဇရပ်ကြီး
ဘက်မှာ ကရင်ပြည်နယ်။ သပြေညွန့်ကျေးရွာအုပ်စုထဲမှာ။ အဲဒီမှာရှိတဲ့ ရွာသားတွေ လယ်ကို သိမ်းပြီးတော့
ဆောက်တာ။ လျော်ကြေးလည်းမပေးဘူး။”


သပြေညွန့် အထူးဒေသ မလုပ်ခင်မှာ တခြားဘာတွေ လုပ်ကြသေးလဲ။

“သပြေညွန့်အထူးဒေသမလုပ်ခင်မှာ ကျနော်တို့ကို အသုံးချတယ်။ ရှေ့တန်းကို ပြန်ပို့တယ်။ စစ်တပ်နဲ့ ရောပြီးတော့။ ဦးဆောင်တဲ့လူက ဗိုလ်မှူးဝင်းမင်းညွန့် စစ်ကြောင်း။ KNU စခန်းကို ပြန် တိုက်ချင်တာ။ တပ်မဟာ (၂ ) မှာပဲ။ ကျနော်နေခဲ့တဲ့ တပ်ရင်းပေါ့။ ဒါပေမယ့် စခန်းကို မရောက်ဘူး။ သွားလည်း မသွားရဲဘူး။ အဲဒါနဲ့ လမ်းမှာ ရွာသား
နှစ်ယောက်ကို ပစ်သတ်ခဲ့တာ။”


ဘယ်သူက ပစ်သတ်တာလဲ။

“ဗိုလ်မှူးဝင်းမင်းညွန့် ဦးစီးတဲ့ စစ်ကြောင်းအဖွဲ့က။ သူပုန်ဆိုပြီးတော့ ပစ်သတ်တာ။ ပြီးတော့ သူတို့ ဘယ်လိုပြောလဲ ဆိုတော့ ပလိုင်းထဲမှာ ဗုံးပါတယ်တဲ့။ ကျနော်တို့ကြည့်တော့ ငါးပိဗူးတွေ။ အလုပ်ခင်းထဲမှာ သွားမလို့။ နောက်မှ ကျနော်ပြန်သိရတာ နောက်တယောက်ကျတော့ ရွာမှာ ဖမ်းပြီးတော့ KNU လို့စွပ်စွဲပြီး ကြိုးတွေချည်ပြီး လမ်းမှာ ပစ်သတ်တယ်။ နှစ်ပွင့် အရာရှိက။ အဲဒီ နှစ်ယောက် မသတ်ခင်မှာ အမျိုးသမီးတယောက် ရှိတယ်။ ပိုက်ဆံ တသိန်း
ကျော်ပါတဲ့ဥစ္စာ ပြန်မပေးဘူး သိမ်းသွားတယ်။ လမ်းမှာတွေ့သမျှ လူအကုန်ဖမ်း။ တော်တော်လေး နှိပ်စက်တယ် ရွာသားတွေကို အဲဒီနားတဝိုက် ရေတံခွန်ရွာကနေ စတက်တာ၊ အုန်းပင်ချောင်းတို့။”

ရှေ့တန်းကို ခေါ်သွားတော့ စောဘားဘယ်တို့က ဘာလုပ်ပေးရတာလဲ။

“အဓိက က စခန်းပြပေါ့။ ဒါပေမယ့် သူတို့သွားတဲ့ မြေပုံအတိုင်း သွားပေးတာပဲ။ စခန်းလည်း မရောက်ဘူး။ ရှေ့တန်း
မှာ ၄-၅-၁ဝ ရက်လားမသိဘူး။ ၂ဝဝ၅ ခုနှစ် မိုးတွင်း။ မှတ်မှတ်ရရ ဒူးရင်းသီးကြွေတဲ့ အချိန်။ ၇ လ (ဇူလိုင်) ပိုင်း၊ ၈လ (သြဂုတ်) ပိုင်းလား မသိဘူး အဲဒီဝန်းကျင်က။ တိုက်ပွဲကတော့ မဖြစ်ဘူး။ KNU မိုင်းဆွဲ ခံ လိုက်ရသေးတယ်သူတို့။ ပိုဆိုးသွားတာပါ။ ရေတံခွန်ရွာ ဥက္ကဋ္ဌကို အကြီးအကျယ်ရိုက်တာ။ ခေါင်းကွဲတယ်။ ဆေးလည်းပြန်မကုပေးဘူး။”


စောဘားဘယ်တို့ကို ငြိမ်းချမ်းရေးအဖွဲ့အစည်း ထူထောင်ပေးတယ်ဆိုတာ ဘယ်တုန်းကလဲ။

“အဲဒါ သူတို့က ငြိမ်းချမ်းရေးလိုလို၊ ပြည်သူ့စစ်လိုလို၊ အတိအကျလည်း မပေးဘူး။ အတိအကျ ပြောတာလည်းမရှိဘူး။ ငြိမ်းချမ်းရေးဆိုတာ ဟိုလူစု၊ ဒီလူစုပါဗျာ။ တကယ်တန်းကျတော့ သူနဲ့ ဆန့်ကျင်တဲ့လူ တော်တော်များများ မပါပါဘူး။ ဟိုရွာသား ဒီရွာသားစုတာလိုလို၊ ယူနီဖောင်းဝတ်ပေး တာလိုလို၊ ဓာတ်ပုံရိုက်တာလိုလို၊ နောက်ဆုံးအနေနဲ့ သတင်းစာ ထဲမှာထည့်တယ်။ တောတွင်း လက်နက်ကိုင်တွေဟာ ပြန်လာတယ်။ လိုတဲ့အကူအညီ သူတို့ဌာနဆိုင်ရာတွေ ကူညီတာ
ပေါ့။ တကယ်တမ်းကျတော့ အကူအညီ မရှိဘူး။”

“ရှေ့တန်းမှာအသုံးချပြီးမှ။ ရှေ့တန်း နှစ် နေရာသွားတယ်။ နောက်တခါ ဘောဂလိပြန်ပို့တယ်။ ဘောဂလိရွာသားရဲ့ ခြံထဲမှာပဲ သွားနေပါတယ်။ ရှေ့တန်းမသွားပါဘူး။ ဒူးရင်းသီး ကောက်စားတယ် နောက်ပြီး နောက်တန်းပဲပြန်လာတယ်။”


သပြေညွန့်စခန်း ကိစ္စပြောပြပါဦး။

“ကျနော်တို့က ငြိမ်းချမ်းရေးလိုလို၊ ပြည်သူ့စစ်လိုလိုနဲ့ ဟာဘီးယားတို့က ကြောက်သွားပြီ။ သူတို့ ခြိမ်းခြောက်တာနဲ့ကို
ကြောက်နေပြီ။ တကယ်တန်း KNU ငြိမ်းချမ်းရေးလုပ်တဲ့လူ ကျနော့် အနေနဲ့ တွေ့ကြုံခဲ့ရတာက အသိအမှတ်ပြုမခံရဘူး။ မြို့ပေါ်မှာ လည်လည်ဝယ်ဝယ် ရှိတဲ့လူကို ယူနီဖောင်း ပေးဝတ်ပြီးတော့ ဓာတ်ပုံရိုက်ပြီးတော့ သတင်းလွှင့်ပြီးတော့ အသိအမှတ်ပြုတာ။ ကရင်တွေမဟုတ် ဘူးဗျ။ အဲဒါ မြင့်ဇော်တို့အုပ်စု။ သူ့ဇာတိက သာယာဝတီကလို့ပြောတယ်။
သူက အကျိုးဆောင်လို လို ရိက္ခာထုတ်ပေးတော့လည်း မလောက်တလောက်စားရတယ်။ သူက စစ်သားမဟုတ်ဘူး။ အရပ်သား။ စရဖနဲ့ ပေါင်းပြီးတော့ ငြိမ်းချမ်းရေးယောင်ယောင် ဘာယောင်ယောင်။ ယူနီဖောင်း ဝတ်ပြီးတော့ သူ့ကိုယ်
သူ KNU အရာရှိလိုလို တကယ်တန်းကျတော့ သူကရွာသား။”


အဲဒီလိုကနေ ထောင်ထဲကို ဘယ်လိုရောက်သွားတာလဲ။

“ကျနော့်ကို ဖမ်းထည့်တာက ၂ဝဝ၅ ခု၊ ၉ လပိုင်း ၁၅ ရက်နေ့ မနက်။ အဲဒါ ကျနော် သတင်းလာပို့ တာ လူတွေကြောက် ကုန်ပြီ၊ ပြေးကုန်ပြီ၊ ဘယ်လိုလုပ်ကြမလဲ၊ သတင်းပို့လာ စရဖကို အဲဒါ မြင့်ဇော်နဲ့ပေါင်းပြီးတော့ မြင့်ဇော်က သူခံရမှာစိုးလို့ ထိုးကျွေးလိုက်တာ ကျနော့ကို။ အရင်တုန်းက ထောက်လှမ်းရေး- (၃) အဟောင်း၊ တောင်ငူမြို့ပေါ်မှာ။ အထက (၁)
ဘေးနား။”

“ကျနော်နဲ့ပါလာတဲ့ ဟာဘီးယားရော၊ သူတို့စုထားတဲ့ ရွာသားတွေရော၊ ကလေးလေးတွေရော၊ သပြေညွန့်မှာ။ ငြိမ်းချမ်းရေးဆိုပြီးတော့ စုထားတာ။ အမှန်အကန်ပါတာက ကျနော်နဲ့ ဟာဘီးယား နှစ်ယောက်ထဲပဲ။ ကျနော်တို့ကို နာမည်ခံပြီးတော့ သူတို့နဲ့ ပြေလည်တဲ့ အရပ်သားတွေနဲ့ လုပ်စားတာ။”

“သူတို့ထွက်ပြေးတဲ့အချိန် အချိန်မီကျနော်က သပြေညွန့်ကနေ တောင်ငူကိုဆင်းလာတာ။ ထောက်လှမ်းရေး-
တပ်စွယ် (၃) ။ ဘာမပြောညာမပြောနဲ့ စရဖတွေက ဖမ်းထည့်တာ။ ဗိုလ်ကြီး သိန်းမြင့် သူတာဝန်အရှိဆုံးပဲ။ စစ်ကြောရေးလာယူတယ်။ ကျနော်က အဖြစ်မှန်ပြောပြတာကို လက်မခံဘူး။ မြင့်ဇော်ရဲ့ သတင်းပဲယူတယ်လို့
သိပါတယ် သူတို့လုပ်စားသွားတာ။ ကျနော်ကို ၁၇ (၁)၊ ၁၇ (၂) ပုဒ်မတပ်တာ။ သူတို့ကို ပုန်ကန်တယ်လို့ပြောတာ။ ကျနော် ထောင် ရှစ်နှစ်ကျ သွားတယ်။”


ဘယ်သူက ထောင်ချလိုက်တာလဲ။

“တောင်ငူတရားရုံးက တရားသူကြီး ဦးသန်းစိုးမြင့်။ ဦးသန်းစိုးမြင့်ကလည်း အမိန့်လာချတာ သူ့မှာ အာဏာမရှိဘူး
တဲ့။ တပ်ကလာတဲ့ စာရွက်ကိုပဲ ဖောက်ဖတ်ရတာတဲ့။ ကျနော့်ကိုပြောပြတာ။ တားရုံးမှာ ကျနော်တို့ ပြန်လျှောက် တာလည်း တခုမှ အတည်မပြုဘူး။ အစိုးရဘက်က ထွက်ဆို တာပဲ အတည်ယူပြီး တဘက်သတ်ထောင်ချတယ်။”

“တောင်ငူထောင် အမိန့်ချတာ နိုဝင်ဘာလ ၂၃ ရက်နေ့လား မသိဘူး၊ ၂ဝဝ၅။ တောင်ငူထောင် ရောက်ပြီး ၁ လပိုင်း၊
၂၁ ရက်နေ့ မန္တလေးထောင် ပြောင်းတာ။ ထောင်းပြောင်းတဲ့ အချိန်လည်း မိသားစုလာတာ ပေးမတွေ့ဘူး။ တော်တော် များများပေးမတွေ့ဘူး။ အဲဒီထဲမှာ ကျနော်တို့ KNU ၁၇ (၁)၊ ၁၇ (၂) ပတ်သက်တယ်ဆိုပြီး ဖမ်းထည့်ထားတာ ၁၉ ယောက်ပါတယ်။ ကိုမြင့်အောင်၊ ဦးတီးကလီး၊ စောတာတူးတူး၊ စောအောင်ဝင်း ပါတယ်။ စောအုန်းမောင်ကို
သေဒဏ် ချလိုက်တယ်။ သူက ဘယ်တပ်မဟာမှမဟုတ်ဘူး ရွာသားတွေ။ ဆက်သွယ်ဆိုပြီး ဆွဲထည့်တယ်။ ဘုမသိ ဘမသိ သူတွေပါ။”


ထောင်ထဲမှာ နေရတာရော ဘယ်လို နေထိုင် ကြုံတွေ့ရလဲ။

“မပြေလည်ပါဘူး။ ထောင်ထဲမှာ ဆိုတဲ့ ဥစ္စာက။ ငုံ့ခံပြီးတော့ နေရတာပေါ့။ အဲဒီ ၂ဝဝ၅-ဝ၆ (ခုနှစ်) ဆိုတာ တကယ့်
ခေတ်ဆိုး ရှိသေးတာကိုး။ သူတို့ပြောတာကို အကုန်လုံး ဟုတ်ကဲ့လုပ်ရမှာပေါ့။ ၂ဝ၁ဝ (ပြည့်နှစ်) လောက်မှ နည်းနည်း သက်သာသွားတာ။”


ထောင်ဝင်စာရောလာလား။

“ဝေးဝေးတခါတော့လာတယ်။ အိမ်ကလည်း ဝေးတာကိုး။ ငွေကြေးလည်းမတတ်နိုင်ဘူး။ ကျနော် ကသာထောင်မှာ
နေတော့ သုံးခေါက် လာတွေ့ပါတယ်။ အိမ်ကအဖေ။ ညီအကိုမောင်နှမ ခုနှစ်ယာက် ရှိတယ်။ ကျနော်က သုံးယောက်
မြောက်။ အိမ်ပြန်မှ သိရမယ်။”


ထောင်ထဲမှာ နေတုန်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆုံသေးလား

“အင်းတော်က လွှတ်တော်ကိုယ်စားလှယ် ဦးစောလှိုင်နဲ့လည်း အတူတူနေခဲ့ရတယ်။ အန်အယ်ဒီ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ်။ ကျနော်နဲ့အတူတူ တရက်ထဲလွတ်လာတာ၊ ၁၂ ရက်နေ့ က။ ကျန်တာက ၈၈ (မျိုးဆက်
ကျောင်းသားများ အဖွဲ့) က မမီးမီး၊ အီလက်ထရောနစ် ကျတာ (DVB သတင်းထောက်) မလှလှဝင်း။ ကိုအံ့ဘွယ်
ကျော်၊ မန္တလေး အုတ်ဖိုဘက်က ဇော်မင်းဦး၊ ပုလဲ လက်ပုကန်ဘက်က အောင်လှိုင်မင်း၊ စစ်တွေ ရခိုင် ထွန်းလင်းကျော် တို့၊ ကျောက်ပန်းတောင်းက ရဲခေါင်တို့ ခုနှစ် ယောက်လောက်ကျန်တယ်။”

“ကျနော်တို့ကို လွှတ်ပေးတယ်ဆိုတာကလည်း အများကြီးနေထား ရပြီးသားလူတွေ၊ လွတ်ခါနီးလူတွေ၊ ကျနော်က ၁ဝ လ၊ ၁၁ လ လောက်ပဲကျန်တယ်။ ပထမ လွတ်ငြိမ်းသက်သာဆိုပြီးတော့ တနှစ် ပေးတာတော့ ခံစားခွင့်ပေးလိုက်တယ်။”


အခု KNU နဲ့ ပြန်အဆက်အသွယ်လုပ်မှာလား။ ဘာလုပ်မလဲ။

“ကျနော်မလုပ်ပါဘူး။ လောလောဆယ်တော့ ရွာပြန်ရမှာပေါ့။ ပြီးတော့လည်း သူတို့ နအဖရဲ့ ရန်ကိုကြောက်ရသေး တာကိုး။ မကြောက်လို့မရဘူး။ တအားခြိမ်းခြောက်ထားတာ၊ အခံတွေ ရှိတဲ့အခါကျတော့ ပိုးက မသေသေးဘူး။ ဘာလို့လည်းဆိုတော့ သူတို့က ငြိမ်းချမ်းရေးပြောပြီး ထောင်ထဲဖမ်းထည့်တာ လက်မခံဘဲနဲ့။”


ဆိုတော့ KNU အပါအဝင် လက်နက်ကိုင်လုပ်နေတဲ့လူတွေကိုရော ဘာပြောချင်လဲ။

“ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်တာကိုပဲ ပြောချင်ပါတယ်။ ကျနော့်လိုပဲဖြစ်ဖြစ်ပေါ့၊ သူတို့ကိုယ်ပိုင် လွတ်လပ်ခွင့်အရ
ဖြစ်ဖြစ်၊ ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်တာ သတိရှိရှိနဲ့ ပေါ့ဗျာ။ ကျနော့်လို အတုအယောင်နဲ့ အဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့
စေချင်ဘူး။”
http://www.mizzimaburmese.com/interview/8491-knu----.html

No comments:

Post a Comment