ondragstart="return false" onselectstart="return false"

Wednesday, October 19, 2011

ကချင်ပြည်နယ်အတွင်း အစိုးရတပ်က အိမ်ခြေ (၂၀) ကျော် မီးရှို့

ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရတပ်က ဒေသတွင်းရှိ နမ်ဆန်ယန်ကျေးရွာမှ အိမ်ခြေ (၂၀) ကျော်အား မီးရှို့လိုက်သည်။

ကချင်ပြည်နယ် ၀ိုင်းမော် မြို့နယ်အတွင်းရှိ နမ်ဆန်ယန်ကျေးရွာမှ ဒေသခံများ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ယမန်နေ့ညနေ ငါးနာရီ အချိန်ခန့်က ထွက်ပြေးရောက်ရှိလာကြောင်းနှင့် အစိုးရစစ်တပ်က လူနေအိမ်ခြေများကို မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံ ရွာသားများက ပြောကြောင်း ထွက်ပြေးလာသူများကို ကူညီပေးနေသည့် လိုင်ဇာမြို့ခံ ကျောင်းဆရာ တဦးက အခုလိုပြောသည်။

“မနေ့က ညနေမှာ ရောက်လာကြတယ်။ နှိပ်စက်တာ မခံနိုင်လို့လို့ ပြောတယ်။ အိမ်တွေလည်း တလုံးပြီး တလုံးဖောက်၊ ဖောက်ပြီးပြီဆိုလို့ရှိရင် သူတို့လိုချင်တဲ့ဥစ္စာ အကုန်ယူပြီးတော့ မီးရှို့။ အခုဆိုရင် အိမ်အလုံးပေါင်း (၂၀) ကျော်ပြီ။ ဒီမနက်သိတာ ဆိုလို့ရှိရင် (၂၄)လုံးရှိပြီ။ အခု နောက်ထပ် ဘယ်လောက် ထပ်ရှို့ဦးမလဲ မသိဘူး။”
နမ်ဆန်ယန် ကျေးရွာသည် KIO ဌာနချုပ် အခြေစိုက်ရာ တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့နှင့် (၁၅) မိုင်ခန့် အကွာ မြစ်ကြီးနားနှင့် လိုင်ဇာ သွားသည့် ကားလမ်းပေါ်တွင် တည်ရှိသည်။

ယခုလ (၁၆) ရက်နေ့က အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၁၂၁)နှင့် စကခ (၂၁) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၄၃၈) မှ အင်အား (၂၀၀) ခန့် အဆိုပါ ကျေးရွာအတွင်း ရောက်ရှိလာပြီး ကာသိုလ်လိပ် ခရစ်ယာန် ဘုရားရှိခိုးကျောင်း တည်ဆောက်ထားရာ တောင်ကုန်းပေါ်တွင် နေရာယူ တပ်စွဲထားသည်ဟု သိရသည်။

ထို့အပြင် ဗုဓ္ဒဘာသာ ဘုန်းတော်ကြီး ကျောင်းအပါအ၀င် အခြားသော ခရစ်ယာန် ဘုရားကျောင်းများ ဖြစ်သည့် နစ်ချင်းခရစ်ယာန် ဘုရားကျောင်းများတွင် တပ်စွဲထားပြီး ခရစ်ယာန် ဘုရားကျောင်း အတွင်းရှိ အလှူငွေများနှင့် သိမ်းဆည်းထားသည့် ပစ္စည်းများကို ထုတ်ယူ သုံးစွဲနေသည်ဟု ထွက်ပြေးလာသူများက ပြောကြောင်း လိုင်ဇာ မြို့ခံ ကျောင်းဆရာကပြောသည်။

ယင်းစစ်ကြောင်း ၀င်ရောက်လာသည့် နေ့က ဖမ်းဆီးရိုက်နက်ခံခဲ့ရသည့် ကာသိုလ်လိပ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှ ဓမ္မဆရာ ဦးဒွဲအောင်သည် ယခုအခါ ဒေသခံ ကျေးရွာသားများနှင့်အတူ ထွက်ပြေး လွတ်မြောက် လာခဲ့ပြီဟု ၎င်းက ဆက်ပြောသည်။

“ဒွဲအောင်ဆိုတဲ့ ကာသိုလ်လိပ် ဓမ္မဆရာတော့ လွတ်ခဲ့ပြီ။ ကျန်တဲ့ ငြိမ်းချမ်းရယ်၊ အောင်လီရယ်၊ ဌေးအောင်ရယ် အဲဒီသုံးယောက်ကိုတော့ သတ်ပစ်လိုက်ပြီ။ ဓမ္မဆရာ ဒွဲအောင်က ဒဏ်ရာတွေနဲ့ ဆိုတော့ အခု သူ့ကို ဆေးကု ထားပေးတယ်။ ပြီးတော့ ရွာကအမျိုးသမီး လေးယောက် ကိုလည်း ထမင်းချက်ခိုင်းဖို့ ဆိုပြီးတော့ ခေါ်ထားတယ်။ နာမည်တော့ မသိသေးဘူး။”

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အစိုးရတပ်ဖွဲ့၏ သတ်ဖြတ်ခံရသည့် အရပ်သားများ ရှိသလို အမျိုးသမီးအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားကြောင်းနှင့် အမည် စာရင်း အတိအကျကို မသိရသေးကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အခုလို ပြောသည်။

“အဲဒီမှာ အသတ်ခံရတာ ခုနှစ်ယောက်ရှိတယ်။ အေးမောင်ရယ်၊ ကျော်ဇော်လင်းရယ်၊ မောင်ဦးရယ် သုံးရောက်တော့ နာမည် ရတယ်ဗျ။ အဲတာ (၁၆) ရက်နေ့က သတ်လိုက်တာ။ ပြီးတော့ ကောင်မလေးတွေကို ဖမ်းသွားပြီးတော့ သူတို့ (အစိုးရတပ် အခြေစိုက်ရာ) ခ့ါလား စခန်းကို ခေါ်သွားတာရှိတယ်။”

ထို့အပြင် ယခု တစ်ပတ်အတွင်း မြစ်ကြီးနားနှင့် လိုင်ဇာ သွားသည့် ကားလမ်းပေါ်ရှိ ကျေးရွာများ အနီးတွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ် ဖြစ်ပွား နေသည်ဟု “ဒီနေ့ (၁၁) နာရီလောက် ဖြစ်ပါလိမ့်မယ်။ ရွှေညောင်ပင် ကနေ ဂါးဒါးယန်ကို ၀င်တဲ့ချောင်းမှာ တိုက်ပွဲဖြစ်နေတယ်။ နောက်ပြီးတော့ ခယား ဘက်မှာ ဖြစ်တယ်။ တိုက်ပွဲကတော့ တရက်ကို ငါးကြိမ်ခြောက်ကြိမ်တော့ ဖြစ်နေတာပဲ။” ဟု ဦးလနန်က ပြောသည်။

အစိုးရတပ်နှင့် KIA တို့ နှစ်ဖက် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အသုံးပြုရန် အစိုးရတပ်က မြစ်ကြီးနား မြို့ပေါ်နှင့် ၀ိုင်းမော်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် လွန်ခဲ့သည့် နှစ်ရက်က အထမ်းသမား ပေါ်တာများ လိုက်လံ ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း KIA တပ်ဖွဲ့များ အခြေစိုက်ရာ တရုတ်မြန်မာ နယ်စပ် တလျောက်ရှိ တရုတ်မြို့များဖြစ်သည့် ကျန်းဖုန်း(လွယ်ဂျယ်နှင့် မျက်နှာချင်းဆိုင်)နှင့် ယင်ကျန်းမြို့ (လိုင်ဇာအနီးရှိ တရုတ်မြို့) များသို့ တရုတ် ပြည်သူ့တပ်မတော်မှ ထောင်နှင့်ချီသည့် တပ်ဖွဲ့ဝင်များ ပို့ဆောင်ထားသည်ဟု သိရသည်။
ယင်းသို့သော အခြေအနေများပေါ်မူတည်၍ မကြာမီ အစိုးရတပ်က KIA တပ်ဖွဲ့များထံ ပြင်းထန်သည့် ထိုးစစ်ကြီး ဆင်နွဲလာနိုင်သည်ဟု ဦးလနန်က သုံးသပ်သည်။
http://www.nmg-news.com/bur/index.php?option=com_content&view=article&id=346&catid=5&Itemid=12

No comments:

Post a Comment