ondragstart="return false" onselectstart="return false"

Thursday, October 27, 2011

မန်မော်-လွယ်ဂျေ စစ်ပွဲတွင် မြန်မာစစ်သား ၄ ဦး ကျ

Written by KNG


အောက်တိုဘာ ၂၅ ယမန်နေ့ ကချင်ပြည်နယ် မန်မော်(ဗန်းမော်)-လွယ်ဂျေလမ်းတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြား (၃) နာရီကြာ တိုက်ပွဲဖြစ်ရာ အစိုးရစစ်သား (၄) ဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိကြောင်း ဒေသခံများဆိုသည်။

စိန်လုံဘွမ် (Sinlum Bum) နှင့် လုန်ဂျာဘွမ် (Lungja Bum) ကြား ဒူရာကောင်တွင် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသော အစိုးရစစ်သားများကို အောက်တိုဘာ ၂၆ ယနေ့မနက်မိုးမလင်းခင် ၃ နာရီခန့်တွင် မန်မော်ဘက်မှ စစ်ကားတစ်စီးနှင့် တင်ဆောင်သွားကြောင်း အင်မောက် (မိုးမောက်)မှ မျက်မြင်သက်များ ကချင်သတင်းဌာန သို့ ပြောသည်။

ယင်း သေဆုံးဒဏ်ရာရ စစ်သားများ မည်သည့်တပ်ရင်းမှဖြစ်သည်ကို မသိနိုင်သော်လည်း ၎င်းဒေသတွင် ရောက်ရှိနေသော စစ်ကြောင်းများတွင် မန်မော် နယ်မြေခံ ခလရ (၄၇)၊ မန်ဂျေ(မံစီ) နယ်မြေခံ ခမရ (၆၀၁)၊ မိတ္ထီလာ အခြေစိုက် တပ်မ (၉၉)နှင့် အခြားတပ်ရင်းများမှ စစ်သားများပါဝင်ကြောင်း KIA အရာရှိများ ပြောသည်။

ယနေ့ဆက်ပြီး အစိုးရစစ်ကြောင်းများ ယင်းနေရာသို့ ထပ်မံချီတက်လာခြင်းကြောင့် မွန်းလွဲ ၂ နာရီခန့်မှ KIAနှင့် တိုက်ပွဲ ပြန်ဖြစ်လာသည်ဟု လော်ဒန်(Lawdan)ဒေသခံတစ်ဦးပြောသည်။

မြန်မာစစ်ကြောင်းများက စိန်လုံကို ဖြတ်ပြီး လွယ်ဂျေသို့သွားရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း လမ်းခုလတ်တွင် KIA ၏ အခိုင်အမာ ခုခံနေခြင်းကြောင့် ယနေ့ထိ မဖြတ်ကျော်နိုင်သေးပါ။

မန်မော်-လွယ်ဂျေလမ်းအား KIA ထိန်းချုပ်ထားသဖြင့် ယခု လွယ်ဂျေတွင် တပ်ချနေသော ရွှေညောင်ပင်(၀ိုင်းမော်) နယ်မြေခံ ခမရ (၃၂၁)မှ စစ်သား ၁၀၀ ကျော်သည် KIA ၏ ၀ိုင်းထားသည့် သဘောဖြစ်နေကြောင်း လွယ်ဂျေဒေသခံများပြောသည်။

No comments:

Post a Comment