ondragstart="return false" onselectstart="return false"

Monday, November 28, 2011

အ​မေရိကန်နှင့်​ မြန်မာ အကျိုး​စီး​ပွား​ချင်း​ ​တွေ့​ဆုံကြ​လေ​သောအခါ

November 28, 2011 by နေသွင်

(David I Steinberg ၏ US-Myanmar: A convergence of interests) ကို ​နေသွင် ဘာသာပြန်ဆိုသည်)

အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟယ်လာရီ ကလင်တန် (Hillary Clinton) ဒီဇင်ဘာလထဲမှာ မြန်မာပြည်သွား​မယ်ဆိုတဲ့​ ​ကြေညာချက်ကို သမ္မတ အိုဘား​မား​ (Obama) အစိုး​ရရဲ့​ ရဲဝံ့​တဲ့​ ​ခြေလှမ်း​ဖြစ်လို့​ ကြိုဆိုပါတယ်။ ဒါဟာ နှစ်နိုင်ငံစလုံး​ရဲ့​ အမျိုး​သား​အကျိုး​စီး​ပွား​အတွက် နှစ်ဘက် ဆက်ဆံ​ရေး​ ​ကောင်း​မွန်ဖို့​ လိုအပ်တယ် ဆိုတဲ့​ အချက်ကို နှစ်ဘက်စလုံး​ ပိုသိလာတာ၊​ ပိုပြီး​ စိတ်အား​ ထက်သန်လာတာရဲ့​ အသီး​အပွင့်​ဖြစ်ပါတယ်။ သမ္မတ အိုဘား​မား​ အာဏာရလာတဲ့​ အချိန်တုန်း​က သမ္မတ​ဟောင်း​တွေဖြစ်တဲ့​ ​ဘေး​လ်ကလင်တန်-​ဂျော့​ဒဗလျူဘုရှ် (Bill Clinton-George W Bush policy) တို့​ရဲ့​ မူလ​ပေါ်လစီဖြစ်တဲ့​ မြန်မာပြည်မှာ အစိုး​ရဖြုတ်ချ​ရေး​ (Regime Change) ဆိုတဲ့​ မူဝါဒကို အ​မွေ ဆက်ခံခဲ့​ရပါတယ်။ ​နောက်​တော့​ အိုဘား​မား​အစိုး​ရက အဲဒီ ရည်မှန်း​ချက်ကို စွန့်​လွှတ်လိုက်ပြီး​ နှစ်နိုင်ငံဆက်ဆံ​ရေး​ကောင်း​ဖို့​၊​ အရင်က အထီး​ကျန်ခဲ့​တဲ့​ နိုင်ငံကို ​စေ့​စပ်​ဆွေး​နွေး​တဲ့​ လမ်း​ကြောင်း​က​နေ အ​ပြောင်း​အလဲ​တွေဖြစ်​အောင် တိုက်တွန်း​ဖို့​ နည်း​လမ်း​တွေကို ရှာ​ဖွေခဲ့​ပါတယ်။

နှစ်နိုင်ငံစလုံး​ကလည်း​ အရိပ်နိမိတ်​တွေပြခဲ့​ပါတယ်။ အ​မေရိကန်က အလတ်တန်း​ သံတမန်​တွေကို မြန်မာအစိုး​ရ ဝန်ကြီး​အဖွဲ့​ဝင်​တွေအဆင့်​က ပထမဆုံး​အ​နေနဲ့​ လက်ခံ​တွေ့​ခဲ့​ပါတယ်။ အ​မေရိကန်ကလည်း​ မြန်မာပါဝင်တဲ့​ အ​ရှေ့​တောင်အာရှနိုင်ငံ​တွေနဲ့​ ချစ်ကြည်​ရေး​နှင့်​ ပူး​ပေါင်း​ဆောင်ရွက်​ရေး​ (ASEAN Treaty of Amity and Cooperation) စာချုပ်မှာ လက်မှတ်ထိုး​ခဲ့​ပါတယ်။ အာဆီယံမှာ မြန်မာအဖွဲ့​ဝင်ဖြစ်လာတဲ့​ ၁၉၉၇ ခုနှစ်စလို့​ ချစ်ကြည်​ရေး​စာချုပ်ကို အ​မေရိကန်က လက်မှတ်မထိုး​ခဲ့​ပါဘူး​။

ဒါ​ပေမယ့်​ ဒီ​လောက်နဲ့​ မလုံ​လောက်​သေး​ပါဘူး​။ အ​မေရိကန်အစိုး​ရက အတိုက်အခံ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို အိမ်ချုပ်က​နေ လွတ်လာ တာကို မြင်ချင်တယ်၊​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ပြန်လွှတ်​ပေး​တာကို မြင်ချင် တယ်၊​ ဒီလိုပဲ မြန်မာအစိုး​ရကဘက်လည်း​ အ​မေရိကန်က ချမှတ်ထား​တဲ့​ ဒဏ်ခတ်ပိတ်ဆို့​မှု​တွေကို ရုပ်သိမ်း​စေချင်​နေပါတယ်။

အပြစ်အနာဆာ​တွေနဲ့​ ပြည့်​နေ​ပေမယ့်​ ထူး​ထူး​ခြား​ခြား​လို့​ ဆိုရမယ့်​ ​ရွေး​ကောက်ပွဲအပြီး​ ၂၀၁၁ ခုနှစ် ​နွေဦး​မှာ မြန်မာပြည်မှာ အရပ်သား​ အစိုး​ရသစ် တက်လာပါတယ်။ အဲဒီ​နောက်မှာ စစ်အစိုး​ရလက်ထက်က ဝန်ကြီး​ချုပ်ဘဝက​နေ သမ္မတဖြစ်လာတဲ့​ ဗိုလ်ချုပ်​ဟောင်း​ ဦး​သိန်း​စိန်ဟာ မြန်မာပြည်မှာ ​နောက်ဆုံး​ အရပ်သား​အစိုး​ရ အုပ်ချုပ်ခဲ့​တဲ့​ ၁၉၆၂ ခုနှစ်​နောက်ပိုင်း​ ရာစုနှစ်ဝက်အတွင်း​မှာ မကြုံစဖူး​တဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေကို စလုပ်ပါတယ်။ ​ဝေဖန်သူ​တွေက​တော့​ ဒါမျိုး​ အရင်ကလည်း​ ဖြစ်ခဲ့​ဖူး​တာပဲ၊​ ပြီး​တော့​လည်း​ ဘာမှမထူး​၊​ ဒုံရင်း​ဒုံရင်း​ အတိုင်း​ပါပဲလို့​ ဆိုကြပါတယ်။ ဒါ​ပေမယ့်​ အခုဖြစ်​နေတဲ့​ အ​ပြောင်း​အလဲ​တွေရဲ့​ အကျယ်အဝန်း​ဟာ အရင်နဲ့​ မတူပါဘူး​။ လူမှု​ရေး​ကဏ္ဍကို လျစ်လျူရှုထား​တာ၊​ ဆင်း​ရဲမွဲ​တေမှု၊​ အဂတိ လိုက်စား​မှုကိစ္စ​တွေကို သမ္မတကိုယ်တိုင် ဝန်ခံတာက​နေ၊​ နိုင်ငံ​ရေး​အကျဉ်း​သား​ တချို့​ကို ပြန်လွှတ်​ပေး​လိုက်တာ၊​ လူ့​အခွင့်​အ​ရေး​ကော်မရှင်ကို ဖွဲ့​စည်း​လိုက်တာ၊​ ပိုပြီး​ လွတ်လပ်တဲ့​ အလုပ်သမား​ဥပ​ဒေသစ်ပြဋ္ဌာန်း​လိုက်တာ၊​ စာ​ပေစိစစ်​ရေး​မှာ တင်း​ကျပ်မှု​တွေ ​လျှော့​ပေး​လိုက်တာ၊​ အရင်က အတိုက်အခံ​တွေကို လက်ကမ်း​လာတာ စတာ​တွေ ဖြစ်ပါတယ်။ အတိုက်အခံ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် အန်အယ်လ်ဒီနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ​ရွေး​ကောက်ပွဲဝင်ပြီး​ ပါလီမန်ထဲ ဝင်ခွင့်​ရ​အောင် ပါတီများ​မှတ်ပုံတင်ခြင်း​ ဥပ​ဒေကိုလည်း​ ပြင်ဆင်လိုက်ပါတယ်။

ဝေဖန်သူ​တွေက​တော့​ ဒါ​တွေ အခုမှ ဘာလို့​ ​ပြောင်း​ရတာလဲလို့​ ​မေး​ခွန်း​ ထုတ်ကြပါတယ်။ ​ပြောနိုင်တာတခုက​တော့​ ၂၀၁၄ အာဆီယံဥက္ကဋ္ဌ ရာထူး​ကို ရဖို့​ ကိစ္စမှာ ​စော​စောက အ​ပြောင်း​အလဲ​တွေဟာ အနည်း​ဆုံး​ တစိတ်တပိုင်း​အား​ဖြင့်​တော့​ ပတ်သက်​နေနိုင်ပါတယ်။ မကြာခင်တုန်း​ကပဲ အာဆီယံ ဥက္ကဋ္ဌ​နေရာကို မြန်မာအစိုး​ရကို ​ပေး​ဖို့​ တရား​ဝင်သ​ဘောတူလိုက်ပါပြီ။ ​နောက်တချက်ကလည်း​ တရုတ်နိုင်ငံကို အလွန်အကျွံမှီခို​နေရတာကို ချိန်ခွင်လျှာညှိချင်လို့​ အ​မေရိကန် အစိုး​ရနဲ့​ ဆက်ဆံ​ရေး​ပို​ကောင်း​အောင်လုပ်ဖို့​ ဖြစ်လာတာလည်း​ ဖြစ်နိုင်ပါတယ်။

အငြင်း​ပွား​ဖွယ် ကချင်ပြည်နယ်က တရုတ်ရဲ့​ မြစ်ဆုံ​ရေကာတာ ကိစ္စမှာလည်း​ ပြည်သူ့​ဆန္ဒအတိုင်း​ ရပ်ဆိုင်း​ထား​လိုက်မယ်လို့​ သမ္မတ ဦး​သိန်း​စိန်က ​ကြေညာလိုက်တာကလည်း​ မြန်မာပြည်ရဲ့​ နိုင်ငံခြား​ဆက်ဆံ​ရေး​မှာ ချိန်ခွင်လျှာညှိဖို့​ အ​မေရိကန်ကို လမ်း​ဖွင့်​ အချက်ပြလိုက်တဲ့​ သ​ဘော ဖြစ်နိုင်ပါတယ်။ ဒါဟာ မြန်မာပြည် လွတ်လပ်​ရေး​ရခဲ့​တဲ့​ ၁၉၄၈ ခုနှစ်ကတည်း​က ရှိခဲ့​တဲ့​ နိုင်ငံခြား​ရေး​မူဝါဒရဲ့​ ဝိ​သေသလည်း​ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ကို အပြင် မီဒီယာ​တွေက ဘယ်လိုပဲ အနုတ်လက္ခဏာပုံ​ပေါ် ​နေ​ပေမယ့်​ အမှန်တကယ်က အ​တော်မျိုး​ချစ်စိတ်ရှိပြီး​ သူတပါး​ရဲ့​ နယ်ရုပ်ဘဝ​ရောက်မှာ၊​ တိုင်း​ပြည် သူတပါး​လက်​အောက်ခံဖြစ်မှာမျိုး​ကို သူတို့​ မလိုလား​ပါဘူး​။ အစိုး​ရဟာ အာဆီယံသာမက အာဆီယံနယ်နိမိတ်ရဲ့​ အပြင်ဘက်က အ​ရှေ့​နဲ့​ အ​ရှေ့​တောင်အာရှတ​ကျောမှာ တရား​ဝင်မှုရဖို့​ ကြိုး​စား​နေပါတယ်။

အ​ကြောင်း​နှစ်ချက်ကို ​ထောက်ပြီး​ အိုဘာမား​အစိုး​ရရဲ့​ ​ခြေလှမ်း​သစ်ဟာ နိုင်ငံ​ရေး​အရ လာဘ်မြင်တဲ့​ ​ခြေလှမ်း​လို့​ ​ပြောနိုင်ပါတယ်။ အ​မေရိကန်အစိုး​ရဟာ အ​ပေါင်း​လက္ခဏာ အ​ပြောင်း​အလဲ​တွေအ​ပေါ် အ​လေး​အနက် ​ထောက်ခံ​ကြောင်း​ မြန်မာအစိုး​ရကို ပြသသလို တဖက်ကလည်း​ ​နောက်ထပ် ပြုပြင်​ပြောင်း​လဲ​ရေး​တွေကို ဆက်လုပ်ဖို့​ ​တောင်း​ဆို​နေပါတယ်။ ဒီလိုလုပ်ခြင်း​အား​ဖြင့်​ ပြုပြင်​ပြောင်း​လဲမှု ​တွေ​ကြောင့်​ ကမ္ဘာ့​ဇာတ်ခုံမှာလည်း​ အကျိုး​ရလဒ်​တွေ ရှိ​နေပြီဆိုတာကို ပြသရာ ​ရောက်ပြီး​ သူတို့​အချင်း​ချင်း​ကြား​မှာပဲ အတိုက်အခံပြုတာကိုခံ​နေရတဲ့​ ပြုပြင် ​ပြောင်း​လဲ​ရေး​သမား​တွေကို ​နေရာပိုရလာ​အောင် အား​ပေး​ရာ ​ရောက်ပါတယ်။

အခုထိ ခရီး​ရောက်​နေပြီး​သား​ အ​ပြောင်း​အလဲ​တွေကိုလည်း​ ​နောက်ပြန်လှည့်​ဖို့​ ခက်သွား​စေမှာဖြစ်ပါတယ်။ အိုဘား​မား​ ​ပေါ်လစီက နှံ့​နှံ့​စပ်စပ် ​လေ့​လာ သုံး​သပ်ပြီး​တဲ့​နောက်မှာ ​စေ့​စပ်​ဆွေး​နွေး​ရေး​ကို မြှင့်​တင်၊​ ဒဏ်ခတ်ပိတ်ဆို့​မှုကို ဆက်ထား​ ဆိုတဲ့​ လက်​တွေ့​ကျတဲ့​ ​စေ့​စပ်​ဆွေး​နွေး​ရေး​ လမ်း​ကြောင်း​ကို ​ရွေး​ခဲ့​ပါတယ်။ ဒီမူဝါဒကို လက်​တွေ့​ကျတယ်လို့​ ​ပြောနိုင်တဲ့​အ​ကြောင်း​က အ​မေရိကန် နိုင်ငံ​ရေး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဒီမိုကရက်​ရော၊​ ရီပက်ဘလစ်ကန်​ရော ပါတီနှစ်ရပ်စလုံး​ အား​ကောင်း​ကောင်း​နဲ့​ ​ထောက်ခံသလို ​ဒေါ်​အောင်ဆန်း​စုကြည်ကိုယ်တိုင်ကလည်း​ ဒဏ်ခတ်ပိတ်ဆို့​ရေး​ပေါ်လစီကို ဆက်​ထောက်ခံထား​တာ​ကြောင့်​ ဖြစ်ပါတယ်။

လက်ရှိ ​ခြေလှမ်း​သစ်နဲ့​ပဲ အိုဘား​မား​အစိုး​ရဟာ ဒဏ်ခတ်ပိတ်ဆို့​မှုကို ဆက်ထား​ပေမယ့်​ အခိုက်အတန့်​အား​ဖြင့်​ ​ဘေး​ဖယ်ထား​ပြီး​ နှစ်နိုင်ငံ ဆက်ဆံ​ရေး​မှာ ​နောက်ထပ်တဆင့်​ကို တက်လှမ်း​လာနိုင်တယ်လို့​ ​ပြောမယ်ဆိုရင် ​ပြောနိုင်ပါတယ်။ တချိန်တည်း​မှာပဲ ​ဒေါ်​အောင်ဆန်း​စုကြည်ကိုယ်တိုင်ကလည်း​ နိုင်ငံခြား​ရေး​ဝန်ကြီး​ ကလင်တန်ရဲ့​ မြန်မာပြည်ခရီး​ကို သ​ဘောတူညီမှု​ပေး​ခဲ့​ပါတယ်။

တကယ်​တော့​ မြန်မာပြည်မှာ အ​ရေး​ကြီး​တဲ့​ လက်ရှိအ​ခြေအ​နေသစ်ကို ​ရောက်လာဖို့​ ရာစုနှစ်တဝက်​လောက် ကြာခဲ့​ပါတယ်။ ဟိုတချိန်တည်း​က​တော့​ မြန်မာပြည်ဟာ အ​ရှေ့​တောင်အာရှမှာ အချမ်း​သာဆုံး​၊​ အဖွံ့​ဖြိုး​ဆုံး​နိုင်ငံ ဖြစ်လာမယ်လို့​ လူ​တွေ ​တွေး​ထင်ခဲ့​ကြပါတယ်။ အဲဒီအစား​ ဆယ်စုနှစ် ၅ စုစာ စစ်တပ်က ဆက်တိုက်အုပ်ချုပ်ခဲ့​ပြီး​ မြန်မာပြည်ဟာလည်း​ အဆင်း​ရဲဆုံး​တိုင်း​ပြည် ဘဝ ​ရောက်ခဲ့​ရပါတယ်။

အ​မေရိကန်အစိုး​ရဘက်က ကြည့်​ရင်​တော့​ မြန်မာပြည်ကို အထီး​ကျန်ထား​ပြီး​ အစိုး​ရအ​ပြောင်း​အလဲ​တောင်း​ဆိုတာဟာ အလုပ်မဖြစ်ဘူး​ဆိုတာကို သိလာဖို့​ နှစ်​ပေါင်း​ နှစ်ဆယ်ကြာ အချိန်ကုန်ခဲ့​ပါတယ်။ တကယ်​တော့​ နှစ်နိုင်ငံကြား​မှာ အကျိုး​စီး​ပွား​ချင်း​ အပြန်အလှန် ဆက်စပ်​နေမှုဟာ အခုအသိ အမှတ်ပြုလာတာထက်​တောင် ပိုပါတယ်။ အသိအမှတ်ပြုသည်ဖြစ်​စေ၊​ မပြုသည်ဖြစ်​စေ ဒီအဆက်အစပ်ဟာ အမြဲတမ်း​ရှိ​နေခဲ့​တာပါ။ ဒါ​ကြောင့်​ လက်ရှိ ​ခြေလှမ်း​သစ်​တွေက​နေ နှစ်နိုင်ငံ ဆက်ဆံ​ရေး​တိုး​တက်လာပြီး​ မြန်မာပြည်က ဆင်း​ရဲမွဲ​တေတဲ့​ ပြည်သူလူထုရဲ့​ လူ​နေမှုအဆင့်​အတန်း​တွေ တိုး​တက်လာဖို့​ကိုပဲ ​မျှော်လင့်​နေပါတယ်။

(​ဆောင်း​ပါး​ရှင် David I Steinberg ​ဒေး​ဗစ်စတိန်း​ဗက်သည် Georgetown University ​ဂျော့​ခ်ျ ​တောင်း​ တက္ကသိုလ်မှ ထင်ရှား​သော ပါ​မောက္ခဖြစ်ပြီး​၊​ ဤ​ဆောင်း​ပါး​ (US-Myanmar: A convergence of interests) ကို ​အေရှား​တိုမ်း​အွန်လိုင်း​ Asia Times Online တွင် ​ဖော်ပြခဲ့​ပါသည်)
http://burmese.dvb.no/archives/18297

No comments:

Post a Comment