ရှမ်းပြည်တပ်မတော်နှင့် အစိုးရ ပဏာမ ငြိမ်းချမ်းရေးဆွေးနွေး
November 21, 2011 by ဒီဗွီဘီ
ရှမ်းပြည်လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ SSA- RCSS ဟာ ပြီးခဲ့တဲ့ စနေနေ့က ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ အပစ်အခတ်ရပ်စဲရေးကိစ္စ ပဏာမ ဆွေးနွေးခဲ့ကြပါတယ်။
RCSS အဖွဲ့နှင့် မြန်မာငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးနေစဉ် (photo-SSA/RCSS)
ဒီဆွေးနွေးပွဲကို မြန်မာအစိုးရဘက်က မြန်မာ့မီးရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရွက်စစ်က ဦးဆောင်ပြီး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
စနေနေ့ မနက် ၉ နာရီ ကနေ ၁၀ နာရီခွဲထိ အချိန် တနာရီခွဲကြာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်တွေဘက်က နှစ်ဘက် အပစ်အခတ်ရပ်စဲရေး၊ နှစ်ဖက်ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိရေး၊ နှစ်ဖက်နယ်မြေထဲမှာ လက်နက် မကိုင်ဆောင်ဘဲ ဖြတ်သန်းသွားလာခွင့်ပြုရေးနဲ့ ဗဟိုအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ အချိန်နေရာ သတ်မှတ်ရေး အချက် ၄ ချက် တင်ပြခဲ့ပါတယ်။
ရှမ်းပြည်တပ်မတော်ဘက်ကတော့ နှစ်ဘက် အပစ်ခတ် ရပ်ရေး၊ နိုင်ငံရေးပြဿနာကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ ကိုယ်ပိုင်နယ်မြေ သတ်မှတ်ရေး၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး ကိစ္စတွေ တင်ပြခဲ့ပါတယ်။
နှစ်ဘက်တင်ပြချက်တွေဟာ အပြုသဘောဆောင်တယ်လို့ ရှမ်းပြည် တပ်မတော်ဘက်ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ခုလိုပြောပါတယ်။
“ပထမအချက်မှာတော့ ကျနော်တို့မူအားဖြင့် တိုက်ဆိုင်မှုတွေ၊ သဘောထားခြင်းလည်း တူညီတယ်ဆိုပြီးတော့ မူအားဖြင့် သဘောတူလက်ခံတဲ့ အကြောင်းတော့ ကျနော်တို့ အကြမ်းဖျဉ်းပြောကြားထားတယ်။ ကျနော်တို့ အချက်သုံးချက်မှာဆိုရင်တော့ အပြုသဘောဆောင်တဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ နောက်ပြီးတော့ ပထမအချက်မှာ ဆောင်ရွက်ဖို့ အချက်တချက်မှာလည်း အပြုသဘောဆောင်တဲ့ သဘောထားမျိုးကို ကျနော်တို့တွေ့ရှိရတယ်။ လုပ်ငန်းစဉ် အပြီးဆွေးနွေးတဲ့နေရာမှာ သဘောတူညီချက်တွေ ရရှိမယ့် တရားဝင်လက်မှတ်ရေး ထိုးဖို့ စဉ်းစားထားပါတယ်။”
ဆက်ဆံရေးရုံးဖွင့်ရေးကိစ္စမှာတော့ မြန်မာအစိုးရဘက်က တောင်ကြီး၊ ခိုလမ်၊ မိုင်းတုံစတဲ့ မြို့ ၃မြို့မှာ ဖွင့်လှစ်ဖို့တင်ပြပြီး ရှမ်းဘက်ကတော့ ရှမ်းပြည် တောင်ပိုင်းမြောက်ပိုင်း ကူးသန်းရေး အချက်အချာကျတဲ့ မန္တလေးမြို့ အပါအဝင် ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာရှိတဲ့ စုစုပေါင်း ၁၀ မြို့မှာ ဆက်ဆံရေးရုံးတွေဖွင့်ဖို့ တင်ပြခဲ့တယ်။
အပစ်အခတ်ရပ် နယ်မြေနဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ နယ်မြေတွေ သတ်မှတ်ပြီးရင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်မှာ လုပ်မယ့်အကြောင်း တတိယအဆင့်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်တဲ့ ညီလာခံတခု နေပြည်တော်မှာ ကျင်းပမယ်လို့လည်း အစိုးရဘက်က ပြောခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆက်ပြောပါတယ်။ ဒါပေမယ့် နေ့ရက် အချိန် မသတ်မှတ်ရသေးပါဘူးလို့ဆိုပါတယ်။
ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ဥရောပမြန်မာရုံးတာဝန်ခံ ဦးဟန်ညောင်ရွှေက ကြားဝင် အကျိုးတော်ဆောင် လုပ်ပေးပြီး မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့မှာ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေအဖြစ် ဒေါက်တာ နေဝင်းမောင်၊ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာ တင်မောင်သန်းတို့ လိုက်ပါလာတယ်လို့လည်း သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် လွိုင်တိုင်းလျဲန်း အခြေစိုက် ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ SSA- RCSS ဟာ ယခင် ဦးခွန်ဆာ ခေါင်းဆောင်တဲ့ အမ်တီအေ အဖွဲ့ကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
၁၉၉၅ ခုနှစ် ဦးခွန်ဆာ လက်နက်ချအလင်းဝင်ရောက်ခဲ့တဲ့အထဲ မပါဝင်ခဲ့ဘဲ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအနေနဲ့ ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။ ၂၀၁၁ မေလမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းအဖွဲ့ မူအရ တဖွဲ့တည်း ပေါင်းစည်းခဲ့တယ်။
ဒါပေမယ့် ဝမ့်ဟိုင်း အခြေစိုက် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSA- SSPP ကတော့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ မူဝါဒအတိုင်း ဆွေးနွေးသွားမယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီက ပြောပါတယ်။
http://burmese.dvb.no/archives/18100
No comments:
Post a Comment