မြန်မာနိုင်ငံကျောင်းဆရာများ အသင်းချုပ်ဖွဲ့စည်းတည်ထောင်ခွင့်ပြုရန် အဆိုပယ်ချခံရတဲ့ကိစ္စနှင့် ပတ်သက်၍
မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်နှင့် ဆက်သွယ်မေးမြန်းချက်
၎ အောက်တိုဘာ ၂၀၁၁
FTUB
ကျောင်းဆရာများ၏ အလုပ်အကိုင်ဂုဏ်သိက္ခာနှင့် လူမှုစီးပွားပြေလည်စေရေး၊ ဆရာအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ပေးရေးတို့အတွက် လွန်စွာလိုအပ်လျှက်ရှိသည့် ကျောင်းဆရာအသင်းချုပ်၊ ဆရာသမဂ္ဂ ဖွဲ့စည်းခွင့် အတွက် တင်ပြတောင်းဆိုမှုကို လွှတ်တော်ကပယ်ချလိုက်သည်။
လွတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှဦးနုက “ မြန်မာနိုင်ငံ ကျောင်းဆရာ များ အသင်းချုပ်ဖွဲ့စည်းတည်ထောင်ခွင့်ပြုရန် အစီအစဉ်ရှိ၊မရှိ” မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးကြူက လောလောဆယ် မြန်မာနိုင်ငံ ကျောင်းဆရာအသင်းချုပ်ကဲ့သို့သော အဖွဲ့အစည်းမျိုး ထပ်မံဖွဲ့စည်းရန် မလိုအပ်သေးပါကြောင်း ဖြေကြားခဲ့သည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။ ဦးမောင်မောင်ဖြေကြားခဲ့သည်မှာ-
အဆိုကိုပယ်ချတာကတော့ ကျနော်ထင်တာပေါ့နော် တင်ပြတဲ့လူလည်းလိုတယ်၊ ပြီးတော့ပယ်ချတဲ့လူကလည်း မှားတယ်လို့ကျနော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ်သမား အဖွဲ့အစည်းဥပဒေ ဆိုတာက ပညာရေးဌာန နဲ့ မဆိုင်ဘူးဗျ။ အလုပ်သမားဝန်ကြီးဌာန ကနေပြီးတော့ အဆိုပြုတင်ပြတာကို လွှတ်တော်မှာ သဘောတူထားခဲ့ တယ်။ ဒါဟာ တစ်နိုင်ငံလုံးရဲ့ အလုပ်သမား၊ လယ်သမား အားလုံးပေါ်မှာအတွက်ကို သက်ရောက်မှုရှိပြီးသား ဖြစ် တယ်။ ဒါကို ၀န်ကြီးဌာနတစ်ခုက လူတစ်ဦး တစ်ယောက်ကနေပြီးတော့ ပယ်ချလို့မရဘူး။ ပိတ်လိုက်တဲ့လူက ပညာရေးဝန်ကြီး ဌာနဖြစ်တဲ့အတွက်ကြောင့် သူကကျောင်းဆရာ၊ ဆရာမတွေကို သူတို့ကသင်တန်းတွေရှိတယ်၊ သူတို့ရဲ့လစဉ် အစည်းအဝေး၊ အပတ်စဉ် အစည်းအဝေး ရှိတဲ့ကိစ္စ၊ ဒီလိုသမဂ္ဂဖွဲ့စည်းဖွင့် မရှိဘူးဆိုတဲ့ ဥစ္စာက ကျနော်ထင်တယ်လေ မေးလိုက်တဲ့အကြောင်းအရာနဲ့ ဖြေလိုက်တဲ့ဟာ တခြားစီလိုဖြစ်နေတယ်။
မေး။ ။ အစိုးရက လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးဥပဒေကို ရေးဆွဲခဲ့ပြီးပြီဆိုတော့ အခုလို ကျောင်းဆရာသမဂ္ဂဖွဲ့စည်းခွင့် အဆိုကို ပညာရေးဝန်ကြီးဌာနက ပယ်ချလိုက်တာဟာ အလုပ်သမားဝန်ကြီးနဲ့ သက်ဆိုင်တဲ့ ကိစ္စကို ၀င်ရောက်စွက်ဖက်တယ်လို့ ဆရာထင်ပါသလား။
ဖြေ။ ။ မှန်ပါတယ်။ ဒါကအလုပ်သမားသမဂ္ဂဖွဲ့စည်းရေးဆိုတဲ့ကိစ္စကို ပညာရေးဝန်ကြီးက ဖြေကြားရမယ့်ကိစ္စ မဟုတ်ဘူး။ သမဂ္ဂဖွဲ့စည်းရေး၊ အဖွဲ့အစည်းဖွဲ့စည်းခွင့်နဲ့ပတ်သက်ပြီး ဖြေရမှာက အလုပ်သမားဝန်ကြီးကဖြစ်တယ်။ နောက်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး အလုပ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေကို လွတ်တော် နှစ်ရပ်စလုံးက ဒါကိုဆွေးနွေးပြီးပြီ၊ အတည်ပြုပြီးပြီ။ နောက်တစ်ခါ ကျနော်နားလည်တာကတော့ သမ္မတကလည်း လက်မှတ်ထိုးထားပြီးပြီဆိုတော့ ဒါကအသက်ဝင်နေပြီ၊ ဒါကြောင့်မို့ ဒါကို ပညာရေးဝန်ကြီးက ၀င်ပြီး ဖြေတာဆိုတော့ မှားနေတယ်လို့တော့ ကျနော်ကတော့ ပြောချင်ပါတယ် ခင်ဗျား။
မေး။ ။ ဒါကြောင့်အစိုးရကထုတ်ပြန်ထားတဲ့ ဥပဒေကို ပညာရေးဝန်ကြီးက ချိုးဖောက်တာလားဆရာ။
ဖြေ ။ ဟုတ်တယ်၊ ချိုးဖောက်တာဖြစ်ပါတယ်။ ကျနော် ခုနကတင်ပြသလိုပေါ့နော် လွတ်တော် နှစ်ရပ်စလုံး ကလည်း ဒါကို ဆွေးနွေးပြီးအတည်ပြုထားတယ်၊ နောက်တစ်ခါ သမ္မတနဲ့ လက်မှတ်ထိုးထားပြီးတဲ့ ဥပဒေကို ဒါကို ဒီပညာရေးဝန်ကြီးဌာနက ဒုဝန်ကြီးကနေပြီးတော့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပတ်သက်တဲ့ သမဂ္ဂမဖွဲ့စည်း သင့် ဘူးလို့ ပိတ်ပင်လိုက်တဲ့ကိစ္စက သူကတော့ ဒီဗမာပြည်မာမှာ အခုလက်ရှိ ရှိနေတဲ့ ဥပဒေတစ်ခုကို ချိုးဖောက်တယ် လို့ ကျနော်ကတော့ မြင်တယ်။
ဒီအပြင် ကျနော်တို့ ဗမာပြည်က (၁၉၅၅) ခုနှစ်ထဲကပေါ့နော် ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်မှ ဒီပြဌာန်းချက် (၈၇) ပေါ့ ဒီလွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးတော့ လက်မှတ်ထိုးထားတာရှိတယ်၊ ဒီဟာကို ပြည့်စုံအောင်၊ အဆင့်အတန်းမြှင့်အောင် ကျနော်တို့နိုင်ငံက ပြန်လည်ပြီးအသက်သွင်းခြင်း ဖြစ်တဲ့အတွက်ကြောင့် ပညာရေးဝန်ကြီးဌာနက ဒုဝန်ကြီးက ဗမာပြည်ကပြုတဲ့ဥပဒေကို နောက်ထပ်တစ်ခါ သတ်မှတ်ထားတဲ့ နားလည်မှု ယူထားတဲ့ ဗမာပြည်ကလက်မှတ်ထိုးထားတဲ့အချက်ကို သူ့အနေနဲ့ချိုးဖောက်ရာ ကျပါတယ်လို့တော့ ကျနော်က တော့ ပြောချင်ပါတယ်။
မေး။ ။ ဒါဆိုရင်အလုပ်သမားသမဂ္ဂဖွဲ့စည်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ။
ဖြေ။ ။ ဟုတ်ကဲ့၊ ပညာရေး ဌာနကပုဂ္ဂိုလ်တွေရော၊ တခြားဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေရော နားလည်ထားဖို့ ကတော့ လုပ်ငန်းခွင်ဆိုင်ရာ အစည်းအဝေးတွေလုပ်တဲ့ကိစ္စ၊ လုပ်ငန်းခွင်မှာ အလုပ်ရှင်ကနေပြီးတော့ ကိုယ့် အလုပ် သမားတွေ သာယာမှု၊ လုပ်ငန်းခွင်မှာ ပြေလည်မှုဆိုတဲ့ကိစ္စ လုပ်ပေးတဲ့အစည်းအဝေးတွေ၊ လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွေ ဆိုတာကတကဏ္ဍပါ၊ အလုပ်သမားသမဂ္ဂဖွဲ့စည်းတယ် ဆိုတာက ဘ၀တူအလုပ်သမားတွေက မိမိတို့ရဲ့ အခွင့်အရေး၊ လုပ်ငန်းခွင်အခွင့်အရေး၊ လုပ်ငန်းခွင်မှာ ရသင့်ရထိုက်တဲ့ကိစ္စတွေ မိမိတို့ရဲ့လုပ်အားခနဲ့ပတ်သက်ပြီး တိုးမြင့်တဲ့ကိစ္စ၊ နောက်တစ်ခါ မိမိတို့ရဲ့လုပ်ငန်းခွင်တွင်း ကျန်းမာရေး၊ လုံခြုံရေး၊ လုပ်ငန်းအာမခံချက်ရှိရေး စ သည်တို့ကို ဆွေးနွေးပြီးတော့ စုပေါင်းတောင်းဆိုမှု လုပ်ငန်းတွေလုပ်ရမယ့်ကိစ္စကို လုပ်ဖို့ ဖွဲ့တဲ့အဖွဲ့ အစည်းတစ်ခု ဖြစ်တယ်။ ဒါကြောင့်မို့ အလုပ်ရှင်ဖြစ်တဲ့ အစိုးရကပဲဖြစ်ဖြစ်၊ ကုမ္ပဏီတွေကပဲဖြစ်ဖြစ်၊ လုပ်ပေးတဲ့ကိစ္စနဲ့ အလုပ်သမား တွေက လွတ်လွတ်လပ်လပ် ကိုယ့်သဘောသဘာဝကို ဆွေးနွေးပြီးတော့ ဘ၀တူအလုပ်သမားအချင်းချင်းကို ကိုယ် စားပြုဖို့၊ ကိုယ်စားပြုပြီး တောင်းဆိုမှုလုပ်ဖို့အတွက် ဖွဲ့တဲ့အလုပ်သမားသမဂ္ဂနဲ့တော့ တခြားစီဖြစ်တယ်၊ ဒါကြောင့် မို့လို့ ခုနကပြောသလိုပဲ အလုပ်ရှင်တွေကိုရော၊ ၀န်ကြီးဌာနတွေကိုရော ပညာပေးပေးဖို့ကတော့ အလုပ်သမား ၀န်ကြီးဌာနမှာ တာဝန်ရှိနေပါသေးတယ်လို့ ကျနော်ကတော့ တင်ပြချင်ပါတယ်ခင်ဗျား။
မေး။ ။ ပညာရေးဝန်ကြီးဌာနက ဒုဝန်ကြီးပြောတဲ့ အသင်းချုပ် ဖွဲစည်းဖို့ မလိုဘူးဆိုတာနဲ့ ဆရာ၊ဆရာမတွေ ဘက်ခြမ်းကတောင်းဆိုတဲ့ ကျောင်းဆရာအသင်းချုပ်ဖွဲ့စည်းဖို့ လိုအပ်တယ် ဆိုတဲ့ကြားမှာ ဘာတွေကွာဟ မှုများ ရှိပါသလား။
ဖြေ။ ။ ကွာဟချက်ကတော့ ရှိပါလိမ့်မယ်၊ အရင်တုန်းက တစ်ပါတီစနစ်အောက်မှာ ရှိခဲ့တဲ့ လယ်သမား အစည်းအရုံး အလုပ်သမားအစည်းအရုံးတို့ဆိုတာနဲ့ ဒီလွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းတယ်ဆိုတာနဲ့ ကွာပါတယ်။ ဒိအပြင်ကို နိုင်ငံရေးပါတီတွေကထောင်တဲ့ အလုပ်သမားသမဂ္ဂတွေနဲ့လည်း ကွာပါတယ်။ ကျနော်တို့ အခုပြောနေတာက တကယ်လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂဖြစ်တယ်။ မိမိတို့အချင်းချင်း လုပ်ငန်းထဲမှာ ဆွေး နွေးပြီးတော့ မိမိတို့ရဲ့ လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့ လုပ်ငန်းခွင်သာယာရေး၊ လုပ်ငန်းခွင်မှာ အနေကင်းရှင်းရေး ဆိုတဲ့ကိစ္စတွေကို လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပြီးတော့ အလုပ်ရှင်နဲ့ရော၊ အစိုးရနဲ့ရော ညှိနှိုင်းပြီးတောင်းဆိုမယ့် အစုအဖွဲ့ဖြစ်တယ်။ ဆိုတော့ အလုပ်သမားအစည်းအရုံးဆိုတဲ့ကိစ္စမျိုး၊ လယ်သမား အစည်းအရုံးဆိုတဲ့ ကိစ္စမျိုးကို အရင်တုန်းက တစ်ပါတီစနစ်အောက်မှာ ဖွဲ့စည်းခဲ့တဲ့ အနေအထားနဲ့တော့ လုံးဝကွာတယ်ဆိုတာကိုတော့ ကျနော်က ပြန်ပြီးတော့ တင်ပြချင်ပါတယ် ခင်ဗျား။
မေး။ ။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး နောက်ဆုံးဆရာ ဘာများထပ်ပြီးတော့ ပြောချင်သေးပါသလဲ။
ဖြေ။ ။ ကျနော်တို့က လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေဖြစ်တယ်။ အလုပ်သမားတွေရဲ့အရေးကို ဖော်ထုတ်ပေးမယ့် ပေါ်လစီရှိတဲ့၊ ခံယူချက်တွေရှိတဲ့ နိုင်ငံရေးပါတီတွေကို ထောက်ခံမှာဖြစ်ပါတယ်။ ပါတီတွေက ထောင်တဲ့ အလုပ်သမားသမဂ္ဂမဟုတ်ပဲနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို အလုပ်သမားတွေဘက်က နေပြီးတော့ လွတ်တော်အတွင်းမှာ တင်ပြပေးမယ့်၊ လိုအပ်လို့ရှိရင် အစိုးရတွေနဲ့ ညှိနှိုင်းပေးမယ်ဆိုတဲ့ အနေအထား မျိုးကိုရောက်အောင် ကျနော်တို့ကို တာဝန်ယူပေးမယ့် နိုင်ငံရေးပါတီတွေကို ထောက်ခံမယ်။ ကန့်ကွက်သင့်ရင်လည်း ကန့်ကွက်မယ်ဆိုတဲ့ အနေအထားမျိုးမှာရှိတဲ့ လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂကို ရည်ညွန်းပြီးတော့ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂလို့ ကျနော်တို့ တင်ပြခြင်းဖြစ်တယ်။ ခေတ်တွေပြောင်းခဲ့ပါပြီ။ ပြောင်းခဲ့တဲ့အပေါ်မှာလည်း ကမ္ဘာ့စီးပွားရေးကလည်း ပြောင်းပါတယ်။ အခုဆိုရင် ကလိုဘယ်လိုင်စေးရှင်းလို့ ခေါ်တဲ့ အချိန်မှာ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေနဲ့ အလုပ်လုပ်ရမယ်ဆိုတဲ့ အချိန်မှာ ကျနော်တို့ရဲ့ ဒီအလုပ်သမားတွေ လယ်သမားတွေကို ကျနော်တို့က ပြင်ဆင်ပေးဖို့အနေအထား ရှိဖို့ ကြိုးစားနေတယ်၊ ဒါတွေအားလုံးကိုလည်း ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ ဒီအလုပ်ရှင်တွေ၊ အစိုးရတွေအားလုံးကလည်း သိဖို့ဆိုတာက လိုပါတယ်။ ဒါကိုအားလုံးက ၀ိုင်းပြီးတော့ လုပ်ပေးမှသာလျှင် တကယ်လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂဖြစ်မယ်။ ဒါမှသာလျှင်လည်း ဗမာပြည်ထဲမှာ လာပြီးတော့ ရင်းနှီးမြှပ်နှံတဲ့လူတွေကလည်း စိတ်ချလက်ချနဲ့ ဒီလူနေမှုစနစ်ကတော့ ပွင့်ပွင့်လင်းလင်း ရှိသွားပြီးဆိုတဲ့ အနေအထားမျိုး လာပြီးရင်းနှီးမြှပ်နှံမှု ဖြစ်မှာပါ ဆိုတာကိုတော့ ကျနော်ကတော့ တင်ပြချင်ပါတယ်၊
ဒါကတော့ ဦးမောင်မောင်ပါ၊ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်ပါတယ်။
No comments:
Post a Comment