ondragstart="return false" onselectstart="return false"

Friday, November 25, 2011

ကြွက်ကလေးတွေရဲ့အကြောင်း


သတင်းတွေကို ဖတ်ရင်း ယနေ့ ဖြစ်ပေါ်နေတဲ့ အခြေနေတွေကို တွေးရင်း ကျနော်ဟိုးငယ်ငယ်တုန်းက ဖေဖေပြောပြခဲ့ဘူးတယ် ပုံပြင်လေးကို သွားသတိရမိပါတယ်။

အဲဒီပုံပြင်လေးက….ဟိုးရှေးရှေးတုန်းကပေါ့.. တောအုပ်လေးတစ်ခုမှာ ကြောင်တစ်ကောင်နဲ့ ကြွက်ကလေးတွေ ရှိတယ်တဲ့။ အဲဒီကြွက်ကလေးတွေကို ကြောင်ကြီးက အမြဲတမ်း ဖမ်းယူစားသောက်နေတယ်ပေါ့။ ဒီလိုနဲ့ လုံးပါးပါးလေးဖြစ်လာနေတဲ့ ကြွက်ကလေးတွေက ငါတို့ ဒီလိုနေလို့ မဖြစ်တော့ဘူး.. တစ်ခုခုလုပ်မှ ရတော့မယ်ဆိုပြီး အစည်းဝေးခေါ်ကြပါသတဲ့။

ဒီလိုနဲ့ ကြွက်ကလေးတွေရဲ့ရှေ့ အနာဂတ်အတွက် ကြွက်ကလေးတွေက စိတ်အားတက်သန်စွာဖြင့် အရှေ့ အနောက် တောင် မြောက် ကြွက်ကလေးများ အားလုံးဖိတ်ခေါ်ပြီး မျက်နှာစုံညီ ညီလာခံတစ်ခုလုပ်ကြမယ်ဆိုပြီး အစည်းအဝေးကြီးတစ်ခု စတင်ကျင်းပ ပါတော့တယ်။ ကြောင်ကြီးရဲ့ရန်ကို ဘယ်လိုကာကွယ်ကြမလဲ ဘယ်လိုစုပေါင်းတိုက်ခိုက်မလဲ အစသဖြင့် ငြင်းခုံ ဆွေးနွေးကြတာပေါ့။ ဆွေးနွေးပွဲမှာ ငြင်းခုန်ပြောဆိုသုံးသပ်ရင်း ကြွက်ကလေးတွေထဲက တစ်ကောင်သောကြွက်က ဒီလိုအဆိုပြုလိုက်ပါတယ်။ ခေါင်းလောင်းလေးတစ်လုံးကို ယူပြီး အဲဒီကြောင်ကြီးရဲ့လည်ပင်းမှာ သွားချိတ်ဆွဲထားမယ်တဲ့။ ခေါင်းလောင်းလေးချိတ်ဆွဲပြီးရင် ကြောင်ကြီးက ငါတို့ ဆီကို ဘယ်အချိန်လာလာ ငါတို့ ကကြိုသိမှာဖြစ်ပြီး အသက်အန္တရယ်က ကင်းလွတ်မယ်တဲ့ စသဖြင့် အဆိုတင်သွင်းပါသတဲ့၊

ကြောင်ကြီးရဲ့ရန်ကို ကာကွယ်ဖို့ တွန်းလှန်ဖို့ ဘယ်လိုမှ အဖြေရှာမရသေးတဲ့အဲဒီအစည်းအဝေးကြီးက ကြောင်ကို ခေါင်းလောင်းသွားချိတ်ဆွဲပေးမယ် ဆိုတဲ့ အဆိုပြုလွှာကို အားလုံးက သဘော့တွေ့ ပြီး အစည်းတက်သူ ကြွက်ကလေးတွေက လက်ခံလိုက်ကြပါတဲ့။

ဒီလိုနဲ့ ကြွက်ကလေးတွေက ပထမဦးဆုံးကြွက်ကလေးတစ်ကောင်ကို ရွေးထုတ်ပြီး အသင့်ရှာထားတဲ့ ခေါင်းလောင်းငယ်လေးကို ကြောင်လည်ပင်းမှာ သွားချိတ်ဖို့ လွတ်လိုက်ပါတော့တယ်။ ပြီးတော့ ခေါင်းလောင်းသွားချိတ်သူ ကြွက်ကလေးအပြန်ကို အားလုံးက စောင့်မျှော်ပါသတဲ့။ မိုးသာချူပ်သွားတယ် ကြွက်ကလေးက ပြန်ပေါ်မလာပါ။ ဘာကြောင့် ပြန်မလာသလည်းဆိုပြီး နောက်တစ်ကောင်ထပ်လွတ်တယ်၊ ထပ်ပြီးပြန်မလာပါ။ ထပ်လွတ်တယ် ထပ်ပြီးပြန်မလာတော့ပါ။

ခေါင်းလောင်းသွားချိတ်တဲ့ကြောင်ကလေးရဲ့အခြေအနေကို လေ့လာသွားကြည့်ဖို့  လွတ်သမျှကြွက်ကလေးတွေ တစ်ကောင်မှ ပြန်ပေါ်မလာတော့တဲ့အခါ ကြွက်ကလေးတွေက ငါတို့ တစ်ခုခုတော့မှားနေပြီဆိုပြီး အတွေးတွေပြန်ဝင်လာပါသတဲ့။ တာပေမယ့် အချိန်က တော်တော်လေးနှောင်းသွားပါတယ် လနဲ့ ချီတဲ့အခါမှာ ကြွက်ကလေးတွေ အမျိုးပြုတ်လုနီးနီးကုန်သွားပါသတဲ့…. နောက်ဆုံးတော့ အဲဒီ ခေါင်းလောင်းချိတ်တဲ့အစီစဉ်ကို ကြွက်ကလေးတွေ ဖျက်ပစ်ပြီး အရင်က အတိုင်းလိုပဲ ဟိုတကွက်ဒီတကွက်နဲ့ နေကြပြီး ကြောင်ကြီးရဲ့ရန်ကနေလွတ်အောင် အမြဲတမ်းပုန်းနေကြရပါသတဲ့… အဖေပြောပြခဲ့တဲ့ ပုံပြင်လေးက ဒီမှာပဲ အဆုံးသတ် သွားခဲ့ပါတယ်။ ငယ်ငယ်တုန်းက ကျနော်က အဖေကို ပြသနာရှာခဲ့ပါသေးတယ်။ ဘာလို့ ကြွက်တွေဒီလောက်တုံးရသလည်းပေါ့ ကြောင်ကို ခေါင်းလောင်းသွားချိတ်ပေးတာ သူတို့ သေကြမှာ မသိဘူးလားဖေဖေ.. စသဖြင့် ပေါ့… အဖေကို မေးခွန်းတွေ ထုတ်ခဲ့ဘူးပါတယ်။ ကျနော့်ဖေဖေက ဘာမှပြန်မဖြေပဲ ငယ်နေသေးတဲ့ ကျနော်ကို ကြည့်ပြီး ပြုံးနေတာက အခုထိ သတိရမိပါသေးတယ်။

ကျနော်အခု စဉ်းစားဆင်ခြေတတ်တဲ့ အရွယ်ရောက်လာပြီဖြစ်နေတော့ အဖေပြောခဲ့တဲ့ပုံပြင်လေးကို ပြန်သတိရမိတိုင်း ကြွက်ကလေးတွေရဲ့ပြသနာက ဘာလည်းဆို တာ အခုလို ကောက်ချက်ဆွဲမိပါတယ်။

အဲတာက ရန်သူကို ချည်းကပ်တဲ့နေရာမှာ “Strategy မဟာဗျူဟာ အမှား” တွေပဲလို့  ထင်မြင်မိပါတယ်။

အားလုံးကို ကျေးဇူးတင်ပါသည်။
သောသီခို
26/11/2011
www.thawthikho.blogspot.com

No comments:

Post a Comment